လူပုဂ္ဂိုလ်သတင်းရင်းမြစ်များသည် စုံစမ်းဖော်ထုတ်သူ သတင်းသမားများအတွက် အကြီးမားဆုံးသော တန်ဖိုးရှိပစ္စည်းများထဲတွင် အပါအဝင်ဖြစ်သည်။ သင့်ကို ယုံကြည်မှုရှိသည်နှင့်အမျှ သတင်းဦးသတင်းထူးများကို ပေးနိုင်လေသည်။ ဤအခန်းတွင် သူတို့နှင့် ဆက်ဆံရေးကို မည်သို့တည်ဆောက်ရမည်၊ သူတို့က လိုလိုလားလား သတင်းပေးလာကြစေရန် သတင်းအရင်းအမြစ်ပုဂ္ဂိုလ်များ၏ ယုံကြည်မှုကို မည်သို့ရယူရမည် စသည်တို့ကို ဆွေးနွေးဖော်ပြထားပါသည်။ ဤလုပ်ငန်း၏ အစိတ်အပိုင်းတစ်ခုမှာ အကြောင်းအရာတစ်ခုနှင့် ပတ်သက်၍ ကျွမ်းကျင်သူနှင့် လိမ်ညာဖြီးဖြန်းသူတို့ကြား ကွာခြားချက်ကို ပြောနိုင်ခြင်းဖြစ်သည်။ အခြားအပိုင်းတစ်ခုအဖြစ် သတင်းသမားများကို လိုရာဆွဲ၍ လွှမ်းမိုးဖို့ ကြိုးစားကြသည့် လော်ဘီသမားများနှင့် ပြောခွင့်ရပုဂ္ဂိုလ်များကို မည်သို့ဖော်ထုတ်ရမည်ကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။