၁.၂။ စုံစမ်းဖော်ထုတ် သတင်းရေးသားခြင်းနှင့် စပ်လျဉ်းသည့် ယုံတမ်းစကားများ


မက်မောအားကျစရာ အလုပ်ဖြစ်သည်။

“All the President’s Men (သမ္မတအားလုံးရဲ့ လက်စွဲတော်)” ဟူသည့် ရုပ်ရှင်ပိုစတာကို ကြည့်လိုက်လျှင် ဝါးတားဂိတ် ဖြစ်ရပ်ကို စုံစမ်းဖော်ထုတ်ခဲ့သော သတင်းသမားများဖြစ်သည့် ဘော့ဘ်ဝုဒ်ဝါ့ဒ်နှင့် ကားလ်ဘန်းစတိန်းတို့ကို တွေ့ရမည် မဟုတ်ပါ။ ထိုရုပ်ရှင်မှာ သရုပ်ဆောင်ခဲ့သော မင်းသား ရောဘတ်ရတ်ဖို့ဒ်နှင့် ဒတ်စတင်ဟော့ဖ်မန်းတို့ကိုသာ တွေ့ရမည် ဖြစ်ပါသည်။ အိပ်မက် မက်မနေပါနှင့်။ တကယ်တမ်း စုံစမ်းဖော်ထုတ်ခြင်း သတင်းပညာက များစွာခက်ခဲပါသည်။ ငြီးငွေ့စရာကောင်းပါသည်။ တစ်ခါတစ်လေ အန္တရာယ်များတတ်ပါသည်။

သတင်းသမားများသည် သူတို့ဖော်ထုတ်ရေးသားခဲ့သည့် သတင်းများထက်ပင် ကြီးမြတ်ပါသည်။

စုံစမ်းဖော်ထုတ်ခြင်း သတင်းပညာသည် အများပြည်သူအကျိုးကို ဆောင်ရွက်ရခြင်း ဖြစ်သည်။ ကိုယ့်အတ္တကိုယ် ရှေ့တန်းတင်၍ရသည့် ခရီးလမ်းတစ်ခု မဟုတ်ပါ။ စုံစမ်းဖော်ထုတ်သည့် သတင်းသမားဖြစ်ပြီဟုဆိုကာ သတင်းသမားတို့ လိုက်နာရမည့် ကျင့်ဝတ်သိက္ခာ စံနှုန်းများကို မထီမဲ့မြင်ပြုခွင့် မရှိပါ။

စုံစမ်းဖော်ထုတ်သူ သတင်းသမားများသည် တစ်ကိုယ်တော်လူစွမ်းကောင်းများ ဖြစ်သည်။

ရုပ်ရှင်ရိုက်ရာတွင် လူစွမ်းကောင်း သူရဲကောင်း တစ်ဦးတည်းဖြစ်ပါမှ ဇာတ်ကြောင်းဆင်ရသည်မှာ ပိုမိုလွယ်ကူပါသည်။ တကယ့်လက်တွေ့မှာတော့ စုံစမ်းဖော်ထုတ်ခြင်း သတင်းစာပညာသည် အဖွဲ့လိုက်အားထုတ်မှုမရှိဘဲ သက်တမ်းရှည်နိုင်မည် မဟုတ်ပါ။

စုံစမ်းဖော်ထုတ်ခြင်း သတင်းပညာကို ပုဂ္ဂလိကပိုင် မီဒီယာများက အဓိက လုပ်ကိုင်ကြသည်။

ဤအချက်မှာ တစ်စိတ်တစ်ပိုင်းအားဖြင့် မှန်ပါသည်။ သို့သော် နိုင်ငံပိုင်မီဒီယာများက အစိုးရတစ်ဖွဲ့လုံး သိမ့်သိမ့်တုန်သွားအောင် စုံစမ်းဖော်ထုတ် ရေးသားခဲ့သည့် နာမည်ကြီးဥပမာများလည်း ရှိပါသည်။

စုံစမ်းဖော်ထုတ်ခြင်း သတင်းပညာသည် သတင်းဆိုးများကို အဓိကပစ်မှတ်ထားလေ့ရှိသည်။

လူ့အသိုက်အဝန်းများ၊ လူ့အသိုက်အဝန်း၏ အကျိုးကိုသယ်ပိုးသည့် မီဒီယာများအနေဖြင့် ဦးစားပေးဆောင်ရွက်ရမည်မှာ အမှားအယွင်းများကို ရှာဖွေဖော်ထုတ်၍ လမ်းမှန်သို့ တည့်မတ်နိုင်ရန် ဖြစ်သည်။ သို့သော် အပြုသဘောဆောင်သော သတင်းကောင်းများကို ဖော်ထုတ်ရေးသားရန်မှာလည်း စုံစမ်းဖော်ထုတ်သူ သတင်းသမားများ၏ အခန်းကဏ္ဍတွင် ပါဝင်သည်။ လူများ၊ လူ့အသိုက်အဝန်းများအပေါ် ပုံပျက်ပန်းပျက်ဖြစ်အောင် မမျှမတ ပုံဖော်မှုများကို ဖြေရှင်းရခြင်းသည် စုံစမ်းဖော်ထုတ်သည့် သတင်းကောင်း သတင်းမှန်များ၏ အခြေခံအဆင့်ပင် ဖြစ်သည်။ အညှီအဟောက်နံ့ခံသူ (သို့တည်းမဟုတ် နှောက်ချေးပုံဖွသူ) များကမူ အခြားသူများ၏ တစ်ကိုယ်ရည်ဘဝအကြောင်း သောသောညံအောင် ဆွပေးခြင်းထက် အဓိပ္ပါယ်မပိုကြချေ။ ထိုက်ထိုက်တန်တန် စုံစမ်းဖော်ထုတ်မှု ဖြစ်လာစေရန်အတွက် ကျော်မကောင်း ကြားမကောင်းကိစ္စများကို လူပုဂ္ဂိုလ်တစ်ဦးချင်း၏ အပြုအမူပိုင်း ဖောက်ပြန်မှုသက်သက်ကို ကျော်လွန်ကာ အများပြည်သူအကျိုးနှင့် အမှန်တကယ်ပတ်သက်သည့် အကြောင်းအရာများကိုသာ ပို၍ ရေးသားသင့်ပါသည်။

စုံစမ်းဖော်ထုတ်မှု သတင်းရေးသားခြင်းဟူသည် ရေးတိုင်းကောင်းသည်။

ဤယုံတမ်းစကားမှာ သတင်းထောက်များကို “ပြည်စောင့်ခွေးများ” သဖွယ် တင်စားချီးမြှောက် ပြောဆိုကြရာမှ ပေါ်ထွက်လာခြင်းဖြစ်သည်။ ပြည်စောင့်ခွေးများဟူသည်မှာ လွဲနေသမျှကို အနံ့ခံရမည်။ မည်သူ့တွင် အပြစ်ရှိသည်ကို လက်ညှိုးညွှန်ရမည်။ အပြောင်းအလဲဖြစ်အောင် နည်းလမ်းရှာရမည်။ အကျင့်ပျက်ခြစားသူများကို ဖော်ထုတ်ခြင်းဖြင့် ထိုသူတို့၏ လုပ်ရပ်ကို ဟန့်တားပိတ်ပင်ရမည်မှာ အရေးကြီးပါသည်။ သို့သော် စုံစမ်းဖော်ထုတ် သတင်းရေးသားမှုကို ထိုအဆင့်၌ပင် ပြည်ဖုံးကားချပြီး ထိုသို့သော အမူအကျင့်ဆုံးများ တည်ရှိနေရင် ခွင့်ပြုထားသည့် စနစ်၏ ချွတ်ယွင်းချက်ကို ထောက်ပြဖော်ထုတ်ရန် ပျက်ကွက်ခဲ့ပါလျှင်မူ နောက်ထပ် အလားတူ လူဆိုးလူညစ်များ နေရာရလာအောင် တလင်းညှိပေးသည်နှင့် တူပေလိမ့်မည်။ ကောင်းမွန်သည့် စုံစမ်းဖော်ထုတ်မှု သတင်းများသည် ရေခံမြေခံပြဿနာများကို ဖော်ထုတ်နိုင်ရမည်။ ဖော်ထုတ်ထားသည့် ဟာကွက်များကို ပိတ်ဆို့ပေးနိုင်မည့်သူများထံသို့ တပ်လှန့်နှိုးဆော်ရမည်။ အကယ်၍ အာဏာလုပ်ပိုင်ခွင့် ရရှိထားသူတို့က ထိုသို့ပြုရန် ပျက်ကွက်ခဲ့ကြလျှင် မည်သည့်အတွက်ကြောင့် ဖြစ်ကြောင်း နောက်ထပ်သတင်းတစ်ပုဒ်ကို ဆက်လက်ရေးသားရန် လိုအပ်ပါလိမ့်မည်။