၂။ မည်သည့်အတွက် စုံစမ်းဖော်ထုတ် သတင်းထောက်ရန်လိုအပ်ပါသလဲ။

၂။ မည်သည့်အတွက် စုံစမ်းဖော်ထုတ် သတင်းထောက်ရန်လိုအပ်ပါသလဲ။


စုံစမ်းဖော်ထုတ်ခြင်း သတင်းပညာသည် အချိန်ပေးရသည်၊ အရင်းအနှီး ကြီးမားသည်၊ ဘေးအန္တရာယ်များသည်။ နေ့စဉ်နေ့တိုင်း ဖြစ်ပွားပေါ်ပေါက်နေသည့် အကြောင်းအရာများနှင့်ပင် ကျေနပ်လောက်စရာ သတင်းစာတစ်စောင် ထုတ်ဝေနိုင်ချိန်တွင် စုံစမ်းဖော်ထုတ်ရမည့် ကိစ္စတစ်ခုသည် မည်မျှ လုပ်သင့်လုပ်ထိုက်ကြောင်း အယ်ဒီတာလက်ခံလာစေရန် သတင်းသမားများက ဖျောင်းဖျစည်းရုံးနိုင်ရန် လိုအပ်သည်။

မည်သည့်အတွက် ထိုသို့လုပ်ဆောင်ရပါသလဲ။ အကြောင်းမှာ သတင်းဖြစ်ရပ်ကြီးများနှင့် ယှက်နွယ်နေသော အချက်အလက်များသည် အပြောင်းအလဲကို ဖန်တီးနိုင်သောကြောင့် ဖြစ်သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းက ပူလစ်ဇာဆုရ သတင်းသမားများကို ကြည့်လိုက်လျှင် ကောင်းစွာ စုံစမ်းဖော်ထုတ်ထားသည့် သတင်းတစ်ပုဒ်သည် လူ့အသိုက်အဝန်း အမျိုးမျိုး၊ မူဝါဒအဖုံဖုံတို့အပေါ် သက်ရောက်မှုရှိသည်ကို တွေ့နိုင်ပါသည်။ ဆယ်ကျော်သက်အရွယ် မိန်းကလေးများအပေါ် လိင်မှုပွေခဲ့သည့် အယ်လ်ဘားမားပြည်နယ်မှ အထက်လွှတ်တော် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းတစ်ဦး၏ အတိတ်ဇာတ်ကြောင်းကို ဖွင့်ထုတ်ကာ အခြေအနေများကို ပြောင်းလဲပေးခဲ့သည်မှာ ၂၀၁၈ ခုနှစ် ပူလစ်ဇာဆုရှင်များ၏ ကျေးဇူးကြောင့် ဖြစ်သည်။ အနောက်ဗာဂျီနီးယားတွင် အိုပီအွိုက်ဒ်ခေါ် ဆေးဝါးများ ပေါပေါသီသီဖြစ်နေသည့်အကြောင်း ဖော်ထုတ်ခဲ့သည့် ချာလ်စတန် ဂေဇက် မေးလ် သတင်းစာမှ သတင်းထောက် အဲရစ်အိုင်ရေက ၂၀၁၇ ခုနှစ် ပူလစ်ဇာဆုကို ဆွတ်ခူးခဲ့သည်။ ၂၀၁၆ ခုနှစ်ကလည်း ဖလော်ရီဒါရှိ ပြည်နယ် စိတ်ရောဂါကု ဆေးရုံများမှ အကြမ်းဖက်မှုများကို ဖော်ထုတ်ရေးသားခဲ့သည့် ပြည်နယ်သတင်းစာနှစ်စောင်မှ သတင်းသမားနှစ်ဦးက ဆုလက်ခံရရှိခဲ့ကြသည်။

ထို့ပြင် စုံစမ်းဖော်ထုတ်ခြင်း သတင်းစာပညာသည် ဒီမိုကရေစီအားကောင်းရေးနှင့်လည်း ဆက်နွယ်လျက်ရှိသည်။ အကယ်၍ သတင်းစာတစ်စောင်မှ သတင်းများသည် အစိုးရ၏ သတင်းထုတ်ပြန်ချက်များကို ကျော်လွန်နိုင်စွမ်း မရှိပါလျှင် အာဏာရရှိနေသူများ၏ အစီအစဉ်အတိုင်း လက်သင့်ခံနေသည်နှင့် တူပေလိမ့်မည်။ မီဒီယာများက အကဲဆတ်သော မေးခွန်းများ မမေးနိုင်လျှင်၊ အပြိုင်အဆိုင် အင်အားစုများ၏ ပြောဆိုချက်၊ ချေပချက်များကို မစိစစ်ပေးနိုင်ပါလျှင် အစိုးရကို တာဝန်ခံမှုရှိလာအောင် လုပ်ရမည်ဟူသော အခြေခံစည်းမျဉ်းကို လိုက်နာရန် ပျက်ကွက်ရာ ကျပေလိမ့်မည်။