၁.၂။ အတည်တကျရှိသော အချက်အလက်မျာကို လုံခြုံစေခြင်း


အကယ်၍ သင့်အချက်အလက်များကို Hard drive၊ ဆာဗာ သို့မဟုတ် cloud ပေါ်တွင် သိမ်းဆည်းထားပါက ယင်းကို အတည်တကျသိမ်းဆည်းထားသော အချက်အလက်များ (data at rest) ဟုခေါ်သည်။ အခြား အချက်အလက်အမျိုးအစား နှစ်ခုမှာ “သုံးနေဆဲ အချက်အလက်များ” (data in use) နှင့် “ပြောင်းလဲလှုပ်ရှားဆဲ အချက်အလက်များ” (data in motion) တို့ဖြစ်သည်။ သတင်းအချက်အလက်သုံးမျိုးသုံးဆင့်လုံးအတွက် လုံခြုံစေမည့် နည်းလမ်းများကို ဤအခန်းတွင် လေ့လာနိုင်မည်ဖြစ်ပြီး ဤအခန်းခွဲ၌မူ သင်၏ folder များကို ကွန်ရက်ချိတ်ဆက်မှုအတွင်း မည်သူများက သုံးစွဲခွင့်ရှိသည်ဟု သတ်မှတ်နိုင်ရန် အဓိကထား ရှင်းပြပေးသွားပါမည်။

ပထမဆုံးအဆင့်မှာ သင့် laptop သို့မဟုတ် ကွန်ပျူတာရှိ administrator account ၏ စကားဝှက်ကို ပြောင်းလဲပေးရန်ဖြစ်သည်။ ရံဖန်ရံခါတွင် ထိုစကားဝှက်မထားဘဲ သို့မဟုတ် အလွန်တိုတောင်းသော စကားဝှက်တစ်ခုသာ ထားရှိတတ်ကြသည်။ ထိုသို့ ထားရှိခြင်းကြောင့် ဟက်ကာများက သင့်စက်ပစ္စည်းကို အလွယ်တကူပင် ဝင်ရောက်အသုံးပြုနိုင်ကြလိမ့်မည်။ ဒုတိယတစ်ဆင့်မှာ သင့်ကွန်ပျူတာကို administrator အဖြစ် အသုံးပြုခြင်းအား အနည်းဆုံးလျှော့ချရန် ဖြစ်သည်။ ဝင်းဒိုးစနစ်အသုံးပြုသော ကွန်ပျူတာ သို့မဟုတ် laptop များတွင် ပင်မအသုံးပြုသူအကောင့်အား adminstrator လုပ်ပိုင်ခွင့်များ အလိုအလျောက် ပေးထားသည်။ သင့်ကွန်ပျူတာတွင် admin account သစ်တစ်ခု သီးသန့်ဖွင့်ထားပြီး လိုအပ်သောအခါမှ အသုံးပြုပါ။ သင်ပုံမှန်အသုံးပြုသော account ၏ user rights များကို အနည်းဆုံးအထိ လျှော့ချထားပါ။ ဤနည်းဖြင့် ဆော့ဖ်ဝဲအသစ်များ install လုပ်ခွင့်မပြုတော့သောကြောင့် malware များ ကူးစက်နိုင်သည့်အခွင့်အလမ်း နည်းပါးသွားပါလိမ့်မည်။ အခြားသူများက အလွဲသုံးစားမပြုနိုင်ရန်အတွက်လည်း guest account များကို မထားရှိသင့်ပါ။

ကုဒ်ပြောင်းဝှက်ခြင်း
နောက်အဆင့်တစ်ခုမှာ သင့်စက်ပစ္စည်းနှင့် စက်ထဲမှ အချက်အလက်များကို ကုဒ်ပြောင်းဝှက်ခြင်း ဖြစ်သည်။ ကုဒ်ပြောင်းဝှက်ခြင်း (encryption) ဆိုသည်မှာ message များ၊ သတင်းအချက်အလက်များကို အခွင့်ရှိသူသာ ကြည့်နိုင်ရန်အတွက် ကုဒ်ပြောင်းဝှက်ခြင်း ဖြစ်ပြီး၊ စကားဝှက်မှန်ကန်စွာ ဖြည့်သွင်းနိုင်မှသာ မူလသတင်းအချက်အလက်များကို တွေ့မြင်အသုံးပြုနိုင်မည် ဖြစ်သည်။ အားကောင်းသော စကားဝှက်တစ်ခုကို အသုံးပြုခြင်းဖြင့် ဟက်ကာများက စက်ပစ္စည်း၏ စနစ်အတွင်းသို့ အလွယ်တကူ ချိုးဖောက်ဝင်ရောက်ခြင်းမှ ကာကွယ်နိုင်ပေမည်။ သို့သော် ကုဒ်ပြောင်းဝှက်လိုက်လျှင် စက်ပစ္စည်း၏ လုပ်ဆောင်မှု ပုံမှန်ထက် အနည်းငယ်နှေးကွေးသွားနိုင်သည်ကို သတိထားရမည်။

Hard drive ကို ကုဒ်ပြောင်းဝှက်ခြင်း
သင့်အိမ်ရှေ့ ခြံတံခါးပေါက်ကြီးကို သူစိမ်းများ ဝင်ရောက်မလာနိုင်ရန် ကာကွယ်ထားသည်ဟု စိတ်ကူးကြည့်ပါ။ ထိုတံခါးပေါက်ကြီးသည် အတွင်းဘက်မှ သံကြိုးအထပ်ထပ် ခပ်ထားပါမှ လုံခြုံနိုင်ပါမည်။ ထိုတံခါးပေါက်ကြီးသည် သင့် Hard Drive နှင့် သဏ္ဌာန်တူပါသည်။ Hard Drive ကို ကုဒ်ပြောင်းဝှက်ခြင်းအားဖြင့် သင့်ကွန်ပျူတာအတွင်းသို့ ဟက်ကာများ ဝင်ရောက်လာရန် ခက်ခဲသွားပါလိမ့်မည်။ ထိုလုံခြုံရေးသံကြိုးများ လုံလုံလောက်လောက် ခိုင်မာအားကောင်းစေရန်အတွက် ယနေ့အထိ အအောင်မြင်ဆုံး ကုဒ်ပြောင်းဝှက်မှုစနစ်တစ်ခုဖြစ်သည့် AES 256 ကို အသုံးပြုပါ။ Hard Drive ကို ကုဒ်ပြောင်းဝှက်သိမ်းဆည်းရန် အကြံပြုလိုသည့် အခြားဆော့ဖ်ဝဲများမှာ ဝင်းဒိုးများအတွက် VeraCrypt သို့မဟုတ် Mac အတွက် FileVault တို့ ဖြစ်ပါသည်။

အချက်အလက်များကို ကုဒ်ပြောင်းဝှက်ခြင်း
သင့် Hard Drive ကို စက်သာသာစကား ပြောင်းလဲသိမ်းဆည်းသည့်အခါတွင် အတွင်းမှ အချက်အလက်များသည်လည်း အလိုအလျောက် လုံခြုံသွားမည် ဖြစ်ပါသည်။ နှစ်ထပ်ကွမ်း လုံခြုံမှုရှိစေလိုသည့် အချက်အလက်ဖိုင် အချို့ကိုမူ ထပ်မံ၍ ကုဒ်ပြောင်းဝှက်နိုင်ပါသည်။ ထိုသို့သိမ်းဆည်းနိုင်ခြင်းအားဖြင့် လျှို့ဝှက်ထောက်လှမ်းသူများက သင့်စက်ပစ္စည်းအတွင်းရှိ စာရွက်စာတမ်းများကို ကိုင်တွယ်ဖတ်ရှုခြင်းမှ ကာကွယ်နိုင်ပါသည်။ အချက်အလက်တစ်ခုချင်းအား ကုဒ်ပြောင်းဝှက်နိုင်သည့် ဆော့ဖ်ဝဲများကို အကြံပြုရလျှင် ဝင်းဒိုးစက်များအတွက် Bitlocker နှင့် VeraCrypt၊ Mac စက်များအတွက် FileVault သို့မဟုတ် Crypto Disk တို့ကို သုံးနိုင်ပါသည်။ Linux စက်များအတွက် ဖိုင်များကို တစ်စုတစ်စည်းတည်း ကုဒ်ပြောင်းဝှက်ပေးသည့် 7-Zip ကိုလည်း သုံးနိုင်ပါသည်။

USB ကို စက်သာသာစကားပြောင်းလဲသိမ်းဆည်းခြင်းနှင့် အရန်သိမ်းဆည်းထားရှိခြင်း
USB များသည် သတင်းသမားများ၏ သတင်းအချက်အလက်များ သိမ်းဆည်းထားရာ စက်ပစ္စည်းတစ်ခု ဖြစ်ပါသည်။ သို့ဖြစ်ရာ ထိုစက်ပစ္စည်းများကိုလည်း ကွန်ပျူတာနှင့် ဖုန်းများကဲ့သို့ပင် လုံခြုံစွာထားရှိဖို့ လိုပါသည်။ ပင်မအသုံးပြုလျက်ရှိသော စက်ပစ္စည်းများမှ သတင်းအချက်အလက်များကို အရန်သိမ်းဆည်းရန်အတွက်လည်း USB ကို သုံးနိုင်ပါသည်။ သင့်အချက်အလက်များ တစ်စုံတစ်ရာမှားယွင်းလွဲချော်မှုနှင့် ကြုံရသည့်အခါ ထိုသတင်းအချက်အလက်များ၏ မူပွားများ နေရာအနှံ့တွင် အရန်သင့်ရှိနေရန် သင်ဆန္ဒရှိပါလိမ့်မည်။ သို့သော် ထိုအရန်သိမ်းဆည်းထားမှုများအားလုံးကို ကုဒ်ပြောင်းဝှက်ထားရန် လိုအပ်ပါသည်။