၁။ သတင်းအချက်အလက်ကို မည်သို့ လက်လှမ်းမီနိုင်မည်နည်း

၁။ သတင်းအချက်အလက်ကို မည်သို့ လက်လှမ်းမီနိုင်မည်နည်း


နိုင်ငံပေါင်းများစွာတွင် အစိုးရနှင့် ပုဂ္ဂလိက သတင်းအချက်အလက်များသည် ရုံးလုပ်ငန်း လျှို့ဝှက်အက်ဥပဒေ၊ အကြမ်းဖက်မှု နှိမ်နင်းတိုက်ဖျက်ရေးဥပဒေ သို့မဟုတ် တာဝန်ရှိသူများ၏ စိတ်အခံတို့ကြောင့် ပြည်သူနှင့် အလှမ်းကွာဝေးနေကြပါသည်။ ၂၀၀၇ ခုနှစ်က အစိုးရက စီးပွားရေးလုပ်ငန်းများအား အမတော်ကြေးထောက်ပံ့ခဲ့သည့် သတင်းအချက်အလက်များကို ဥရောပအစိုးရများက လူသိရှင်ကြားထုတ်ပြန်နိုင်ရန် ခုနစ်နှစ်မျှပင် အချိန်ယူခဲ့သည်။ ထိုသို့ ထုတ်ပြန်ပေးရလာခြင်းကလည်း နိုင်ငံခြောက်နိုင်ငံမှ စိုက်လိုက်မတ်တပ်ရှိသူ သတင်းထောက်များက ထိုသတင်းအချက်အလက်များကို ထုတ်ပြန်ပေးရန် တရားရုံးများ၌ နှစ်ပေါက်အောင် တောင်းဆိုလျှောက်ထားခဲ့ခြင်း၏ ရလဒ်ဖြစ်သည်။ အားထုတ်ကြိုးပမ်းမှု၏ရလဒ်ကတော့ အစိုးရ၏ အမတော်ကြေးကို ရရှိခဲ့သူအများစုမှာ စီးပွားရေးလုပ်ငန်းနယ်ပယ်မှ သူကောင်းပြုခံရသူများနှင့် တော်ဝင်မိသားစု၏ အနွယ်တော်များဖြစ်ကြောင်း တွေ့ရှိခဲ့ရခြင်းပင်။ သေးသေးကွေးကွေးဖြင့် ရုန်းကန်နေရသည့် စီးပွားရေးလုပ်ငန်းများက အထောက်အပံ့ရမည့်အစား အမြတ်အစွန်းကြီးကြီးမားမားရရှိနေသည့် ယင်းစီးပွားရေးလုပ်ငန်းကြီးများက အခွန်ထမ်းပြည်သူများ၏ငွေထဲမှ ယူရို သို့မဟုတ် ပေါင် သန်းချီ၍ ရရှိခဲ့ကြသည်။

အကယ်၍ သင့်နိုင်ငံတွင် ထိုသို့သောဥပဒေများ သို့မဟုတ် ရုံးလုပ်ငန်းလျှို့ဝှက်အက်ဥပဒေ တစ်ခုလောက် ရှိနေလျှင်ပင် သင့်အတွက် ချောချောမောမောအောင်မြင်နိုင်စရာ အခွင့်အလမ်းအနည်းငယ်သာ ရှိပါသည်။ အစိုးရဝန်ထမ်းများက သင့်ကို သတင်းအချက်အလက်များပေးရန် နေ့ရွှေ့ညရွှေ့လုပ်နေခြင်း၊ ပို၍ဆိုးသည်က ငွေတောင်းခြင်းတို့ကြောင့် စိတ်ပျက်ရပေဦးမည်။ သင့်အတွက် လိုအပ်နေသည့် သတင်းအချက်အလက်များကို ရရှိနိုင်ရန် အခြားနည်းလမ်းမရှိလျှင် ငွေပေးရခြင်းကို မည်သို့ရှောင်ရှားမည်နည်း။ ပို၍ ရှည်ကြာခက်ခဲသော နည်းလမ်းတစ်ခုကတော့ သတင်းအချက်အလက် လွတ်လပ်ခွင့်ဥပဒေများ ပေါ်ပေါက်လာအောင် နှိုးဆော်တိုက်တွန်းဖို့သာ ဖြစ်ပါသည်။ အကယ်၍ သင့်နိုင်ငံတွင် သတင်းအချက်အလက် လွတ်လပ်ခွင့် (FoI) ဥပဒေများ ရှိလျှင် အောက်ပါ လမ်းညွှန်က သတင်းအချက်အလက်များကို လက်လှမ်းမီနိုင်ရန် အထောက်အပံ့ဖြစ်ပါလိမ့်မည်။

  • > အကြောင်းအရာတစ်ခုခုကို တစ်ပိုင်းတစ်စအားဖြင့် တရားဝင်ထုတ်ပြန်ဖူးသလား၊ ကျွမ်းကျင်သူများ၏ ရေးသားချက်များကို ထုတ်ဝေထားဖူးသလား စသည်တို့ကို ဦးစွာရှာဖွေရမည်။ ထို့နောက်မှ သက်ဆိုင်ရာ စာရွက်စာတမ်းများကို ပြသပေးနိုင်မည့် အတွင်းလူသတင်းရင်းမြစ်ပုဂ္ဂိုလ်တစ်ဦးနှင့် ဆက်ဆံရေး ထူထောင်ရပါမည်။
  • > သတင်းအချက်အလက်သည် ထုတ်ပြန်ပြီးသား ဖြစ်သလားဆိုသည်ကို ဦးစွာစစ်ဆေးပါ။ အရေအတွက် အကန့်အသတ်နှင့် ထုတ်ဝေသည့် ထုတ်ပြန်ပြီးစာရွက်စာတမ်းများထဲတွင် ရည်ရွယ်ချက်ရှိရှိနှင့် လျှို့ဝှက်ထားသည့်စာရွက်စာတမ်းများမှ အနှစ်ချုပ်နှင့် ခပ်တိုတိုကောက်နုတ်ချက်တို့သာ ပါဝင်တတ်ပါသည်။
  • > ရနိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားကြည့်ပြီး ခြေကုန်လမ်းပမ်းကျသည့် အနေအထား၊ နောက်ဆုံးအခြေအနေရောက်မှသာ FoI ၏ ခွင့်ပြုထားသည့်အတိုင်း တောင်းခံရန် စဉ်းစားပါ။ ဤနည်းဖြင့် ထိုစာရွက်စာတမ်းများကို သင့်ဘက်မှ မည်မျှလိုလားနေကြောင်း ပိုသိသာထင်ရှားစေပါ လိမ့်မည်။
  • > ကြိုတင်စီမံထားပါ။ FoI လုပ်ထုံးလုပ်နည်းများသည် နှေးကွေးတတ်သည်။ လိုချင်သည့် စာရွက်စာတမ်းများကို မနက်ဖြန်တွင် ရမည်မဟုတ်။ ထို့ကြောင့် စောစောစီးစီးကပင် သက်ဆိုင်ရာပုဂ္ဂိုလ်များကို ရှာဖွေချဉ်းကပ်ထားရမည်။
  • > စာရွက်စာတမ်းများကို အမည်တပ်၍၊ အရေအတွက် အတိအကျထည့်သွင်း၍ တောင်းခံပါ။ “ရှိသမျှ သက်ဆိုင်သည့် စာရွက်စာတမ်းများကို ရရှိလိုကြောင်း” တောင်းခံပါက အာဏာပိုင်များအဖို့ လျစ်လျူရှုထားရန် သို့မဟုတ် အချိန်ဆွဲထားရန် အခွင့်ကောင်းရသွားပါလိမ့်မည်။
  • > သင့်တောင်းခံလွှာကို မှတ်တမ်းတင်ထားပြီး အကြောင်းပြန်ကြားချက်ကို သတိကြီးစွာဖြင့် လက်ခံပါ။ အာဏာပိုင်များက FoI ဥပဒေများကို တမင်တကာ မသိကျိုးကျွန်ပြုခြင်း၊ တစ်စုံတရာကို ဖုံးဖိထားခြင်းတို့အား သက်သေပြနိုင်ရန် ယင်းမှတ်တမ်းများကို လိုအပ်ပါသည်။