၂.၂။ စာရွက်စာတမ်းများကို ခြေရာခံခြင်း


ဒေတာဘေ့စ်ထဲမှ သတင်းအချက်အလက်အများစုသည် စာရွက်စာတမ်းများကို ခြေရာခံရာမှ ရရှိနိုင်ပါသည်။ သင့်ကနဦးယူဆချက်ကို အထောက်အပံ့ဖြစ်စေမည့် စာရွက်စာတမ်းများကို ဖော်ထုတ်ဖို့လိုသလို ယင်းတို့ကို လက်ဝယ်ရရှိနိုင်မည့် မဟာဗျူဟာတစ်ရပ်ကိုလည်း ရေးဆွဲထားရပါမည်။ ထိုဖြစ်စဉ်တွင် စာရွက်စာတမ်းတစ်ခုကို အသုံးပြုရာမှ ဆီလျော်မှုရှိသည့် နောက်ထပ်စာရွက်စာတမ်းများဆီသို့လည်း ဦးတည်သွားနိုင်ပါသည်။ ထို့နောက်တွင် သင့်တွေ့ရှိချက်များအတွင်းမှ ချိတ်ဆက်မှုများကို ရှာဖွေကြည့်ပါ။

အစောပိုင်းစာရွက်စာတမ်းများထဲမှ ဆီလျော်မှုရှိမည်ဟု သင်ယူဆသည်များကို ချရေးထားပါ။ ဥပမာအားဖြင့် တရားမဝင် စိန်ထွက်ရှိနေသည့် ပြည်တွင်းစစ်ဖြစ်ပွားရာဒေသတစ်ခု၌ လုပ်ဆောင်လျက်ရှိသည့် သယံဇာတ တူးဖော်ရေးကုမ္ပဏီတစ်ခုတွင် လုံခြုံရေးဝန်ထမ်းအဖြစ် လုပ်ကိုင်ဖူးသူတစ်ဦး၏ ကိုယ်ရေးအချက်အလက်မှတ်တမ်းကို စဉ်းစားကြည့်ပါစို့။ ထိုကုမ္ပဏီတွင် လုပ်ကိုင်ခဲ့ဖူးကြောင်းကို သူ့ကိုယ်ရေးအချက်အလက်မှတ်တမ်းထဲတွင် မဖော်ပြဘဲ ချန်ထားခဲ့နိုင်သည်။ ဤနေရာတွင် ကိန်းဂဏန်းများကို အကျွမ်းတဝင်ရှိသည့် စွမ်းရည်များကလည်း အရေးပါသည်။ အလုပ်စုံလုပ်ကိုင်ခဲ့သည့်နှစ်များကို ပေါင်းကြည့်ပြီး စုစုပေါင်းဝန်ထမ်းသက်နှင့် နှိုင်းယှဉ်ကြည့်ပါက စာရင်းရေးသွင်းထားခြင်းမရှိသည့် ကာလတစ်ခု ရှိ,မရှိကို တွေ့ရနိုင်သည်။ ထိုအခါ သူသည် အလုပ်တာဝန်မှ ရုတ်တရက် ထွက်ခဲ့ခြင်းရှိမရှိကို လုပ်ငန်း သို့မဟုတ် ကုမ္ပဏီ၏ မှတ်တမ်းများတွင် ပြန်လည်ရှာဖွေကြည့်နိုင်သည်။ ထိုအခါတွင် ထိုပုဂ္ဂိုလ်၏ အလုပ်အကိုင် နောက်ကြောင်းနှင့်ပတ်သက်သည့် အချက်အလက်များကို ပို၍ လိုအပ်လာလိမ့်မည်။ ကုမ္ပဏီ၏ လူသားရင်းမြစ်(HR)ဌာနမှ ထိုပုဂ္ဂိုလ်အပေါ် ခိုးမှု သို့မဟုတ် လိမ်လည်မှုဖြင့် တိုင်ကြားခံရဖူးကြောင်း မှတ်တမ်းများကို တွေ့ကောင်းတွေ့ရနိုင်သည်။ ထိုအဆင့်ရောက်သည့်အခါ ရဲ၊ တရားရုံး သို့မဟုတ် ထောင်မှတ်တမ်းများတွင် ထိုပုဂ္ဂိုလ်နှင့်ပတ်သက်သည့် အချက်အလက်များ ရှိ,မရှိ ဆက်လက်ရှာဖွေရမည်။ တစ်နည်းအားဖြင့် စာရွက်စာတမ်းတစ်ခုမှသည် နောက်ထပ် အထောက်အထားပြုနိုင်သည့် စာရွက်စာတမ်းများကို ထပ်မံဖော်ထုတ်နိုင်ခြင်းပင် ဖြစ်သည်။

သက်ဆိုင်ရာ စာရွက်စာတမ်းများကို စိစစ်စုဆောင်းပြီးသည့်အခါ သင်သည် သက်ဆိုင်ရာပါဝင်ပတ်သက်ခဲ့သူ၏ နေရာမှဝင်၍ … သူဘာတွေ လုပ်ခဲ့နိုင်သလဲ။ ရွေးချယ်စရာနှစ်ခုအနက် ‘က’ ကို ရွေးချယ်လိုက်လျှင် သူ့အတွက် မည်သို့ အကျိုးရှိပြီး ‘ခ’ ဆိုလျှင် မည်သို့ အကျိုးရှိမည်လဲ၊ ထိုရွေးချယ်စရာနှစ်ခုအနက် မည်သည့်အချက်ကို ပို၍ ရွေးချယ်နိုင်စရာ အခွင့်အလမ်း ပိုများသလဲ စသည်တို့ကို စဉ်းစားကြည့်ရပါမည်။ ထိုသို့စဉ်းစားနိုင်ခြင်းဖြင့် ရေရေရာရာမရှိဘဲ အချိန်ကုန်လူပမ်း တောနင်းရှာဖွေရခြင်းကို ရှောင်ရှားနိုင်ပေလိမ့်မည်။ သတင်းအချက်အလက်များ ရှာဖွေရရှိနိုင်ရန် စာကြည့်တိုက်များ၊ မော်ကွန်းတိုက်များကို အားကိုးရခြင်းအပေါ် ငြီးငွေ့ဖွယ်ရာကောင်းလှသည်ဟု လျှော့မတွက်သင့်ပါ။ အကယ်၍ ထိုသတင်းအချက်အလက်သည် ဒစ်ဂျစ်တယ်ပုံစံဖြင့် ပြောင်းလဲသိမ်းဆည်းထားပြီး ဖြစ်ပါက အမည်ကလေးတစ်လုံး ရိုက်ထည့်လိုက်သည်နှင့် မဆိုင်သည့်အချက်အလက်များကို ရနိုင်သကဲ့သို့ ဆီလျော်သည့် အချက်အလက်ပေါင်းများစွာကိုလည်း အစဆွဲထုတ်နိုင်ပေလိမ့်မည်။ အကယ်၍ အများပြည်သူဆိုင်ရာ သတင်းအချက်အလက်များအားလုံးကို စာရွက်စာတမ်းအတိုင်းသာ သိမ်းဆည်းထားတတ်သော နိုင်ငံတစ်ခုဖြစ်နေပါက စာကြည့်တိုက်ထိန်းသိမ်းသူနှင့် အကျွမ်းတဝင်နေပြီး စာကြည့်တိုက်သုံးစွဲခွင့်နှင့် စာရွက်စာတမ်းများအား စီစဉ်သိမ်းဆည်းပုံတို့ကို သိအောင်ကြိုးစားရပါမည်။

များသောအားဖြင့် မွေးစာရင်း၊ ယာဉ်မောင်းလိုင်စင်စသည့် အများပြည်သူဆိုင်ရာ မှတ်တမ်း၊ စာရွက်စာတမ်းများသည် ကနဦးရှာဖွေရန် အကောင်းဆုံးသောနည်းပင် ဖြစ်သည်။ သို့သော် အထူးသဖြင့် အွန်လိုင်းမှ ရှာဖွေနိုင်ပါက (ယင်းသို့ ပြင်ပတွင် အချက်အလက်ရှာဖွေခြင်းက) အချိန်ကုန်သာကုန်ကာ ရလဒ်အနည်းအကျဉ်းသာ ပေါ်နိုင်သည့် အခြေအနေမျိုးလည်း ဖြစ်သွားနိုင်သည်။ သင်တတ်နိုင်သမျှ ပြည်တွင်းသတင်းစာတိုက်များ၏ အွန်လိုင်း မှတ်တမ်းဟောင်းများတွင်ဖြစ်စေ၊ ပုဂ္ဂလိက ဘလော့ဂ်များနှင့် လူမှုကွန်ရက်များတွင်ဖြစ်စေ၊ သူ့လုပ်ငန်းဆိုင်ရာ ဝက်ဘ်ဆိုဒ်များတွင်ဖြစ်စေ ရှာဖွေကြည့်ပါ။ သူ၏ အမည်ရင်း အပြည့်အစုံကို သိရှိပါက အကျိုးစီးပွားစပ်ဆိုင်သူအဖြစ် တရားရုံးနှင့် အခြားအစိုးရ စာရွက်စာတမ်းများတွင် ထိုအမည်ကို ရှာဖွေကာ သူတက်ခဲ့သည့် တက္ကသိုလ်၊ သူနှင့် ဆက်နွယ်မှုရှိသည့် အခြားသတင်းရင်းမြစ်များ စသည်တို့ကို သိရှိနိုင်ပါသည်။ အဆောက်အအုံများ (ဥပမာ – ဘဏ်၊ ကုမ္ပဏီ၊ အစိုးရရုံးဌာနများ) ၏ အသေးစိတ် အချက်အလက်များ၊ ဥပဒေကြောင်းဆိုင်ရာ အခပေးကြော်ငြာများ (ဥပမာ – သေတမ်းစာ၊ အမည်ပြောင်း၊ လက်ထပ်ထိမ်းမြားခြင်း၊ ဈာပန၊ ချိပ်ပိတ်သိမ်းဆည်းခံရခြင်း၊ လေလံခေါ်ယူခြင်း၊ တင်ဒါခေါ်ယူခြင်း၊ ပိုင်ရှင်မဲ့ပစ္စည်း ကောက်ရထားကြောင်း) ၊ ဖမ်းဆီးမှုများနှင့် ပြစ်မှုကျူးလွန်ကြောင်း သတင်းများသည် စာရွက်စာတမ်းများဖြင့် ခြေရာခံလိုက်ရာတွင် အချက်အလက်များစွာတို့ကို ရရှိနိုင်သည့် သတင်းများဖြစ်သည်။ ထိုသတင်းအတိုအစလေးများကို ချိတ်ဆက်နိုင်ပါက သင်အဖြေရှာနေသည့် ပဟေဠိများကို ဖြေရှင်းနိုင်ပေမည်။

အနှစ်ချုပ်ရလျှင် စာရွက်စာတမ်းခြေရာခံမှုတစ်ခုကို ပြုလုပ်နိုင်ရန် အောက်ပါအချက်များကို လိုက်နာရပါမည်။

  • >   လူပုဂ္ဂိုလ်တစ်ဦးအကြောင်း သိရှိနိုင်ရန် ရနိုင်သမျှ စာရွက်စာတမ်းများ စုဆောင်းမိသည့်အထိ အင်တာနက်တွင် ရှာဖွေခြင်း၊ မှတ်တမ်းမော်ကွန်းတိုက်များသို့ သွားရောက်ခြင်းနှင့် သတင်းရင်းမြစ်များကို စည်းရုံးပြောဆိုခြင်း
  • >   အချက်အလက် ချိတ်ဆက်နေရာချမှု နည်းနာများကို အသုံးပြု၍ စာရွက်စာတမ်းများကို ဆက်စပ်ပြီး ဟာကွက်များ၊ ဝိရောဓိများနှင့် ရှေ့နောက်မညီညွတ်မှုများကို ရှာဖွေခြင်း
  • >   မည်သည့်စာရွက်စာတမ်းများက ဟာကွက်များကို ဖြည့်ပေးပြီး၊ ဝိရောဓိဖြစ်နေသည့် အချက်များကို ပြေလည်စေမည်နည်းဟု တွေးတောခြင်းနှင့် စုံစမ်းဖော်ထုတ်ခြင်း