၁။ သတင်းရင်းမြစ်ကောင်းများကို ရှာဖွေသတ်မှတ်ခြင်း

၁။ သတင်းရင်းမြစ်ကောင်းများကို ရှာဖွေသတ်မှတ်ခြင်း


သတင်းရင်းမြစ်များကို ရှာဖွေခြင်း၊ ပျိုးထောင်ခြင်းနှင့် ထိန်းသိမ်းထားရခြင်းတို့မှာ စုံစမ်းဖော်ထုတ်သူ သတင်းသမားတစ်ဦးအတွက် မရှိမဖြစ် အရေးပါသည့်ကိစ္စများ ဖြစ်သည်။ အရေးအကြီးဆုံး၊ စိတ်အချရဆုံးနှင့် ကွက်ကွက်ကွင်းကွင်းအဖြစ်ဆုံး ပြောဆိုနိုင်သည့် သတင်းရင်းမြစ်များမှာ မျက်မြင်ကိုယ်တွေ့ကြုံခဲ့သူများ၊ အစောဆုံး ရင်ဆိုင်ကြုံတွေ့ခဲ့သူများ သို့မဟုတ် သတင်းဖြစ်ရပ်တစ်ခုတွင် တိုက်ရိုက်ပါဝင်မှုရှိသူများ ဖြစ်ကြသည်။ အဖြစ်အပျက်တစ်ခု ဖြစ်ပွားချိန်တွင် ထိုနေရာ၌ရှိခဲ့သူများ၏ အမည်စာရင်းထဲမှ မျက်မြင်ကိုယ်တွေ့ကြုံခဲ့သူများကို ပိုက်စိပ်တိုက်ရှာနိုင်သလို၊ သင်ကိုယ်တိုင် ထိုနေရာသို့ ရောက်ရှိနေပါကလည်း ထိုနေရာ၌ရှိနေသူများကို စကားပြောဆိုကြည့်ခြင်းဖြင့် မျက်မြင်ကိုယ်တွေ့ရှိသူများကို ရှာဖွေနိုင်သည်။ သူတို့ပြောဆိုသမျှကို မှန်မမှန် အတည်ပြုရန် လိုသော်လည်း အကယ်၍ မျက်မြင်ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးက အမှန်အတိုင်း ထုတ်ပြောခြင်း ဖြစ်ပါက စုံစမ်းဖော်ထုတ်မှုတစ်လျှောက် အားကိုးအားထားပြုနိုင်သည့် တန်ဖိုးရှိသောရင်းမြစ်တစ်ခု ဖြစ်လာနိုင်ပေသည်။ သင်ကိုယ်တိုင်ကြုံတွေ့ဖူးသည့် ကိစ္စရပ်တစ်ခုခုကို စုံစမ်းဖော်ထုတ်မည်ဆိုပါက သင်ကိုယ်တိုင်ပင်လျှင် အရေးကြီးသည့် မျက်မြင်ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးဖြစ်ကြောင်း မမေ့ပါနှင့်။ သင်ရေးသားခဲ့သည့်သတင်းတိုင်းသည် သင့်ချိတ်ဆက်မှုကွန်ရက်ကို ပို၍ ကျယ်လာစေသင့်သည်။ ဤသည်မှာ သတင်းရေးသက်တစ်လျှောက် အလိုလို ဖြစ်ပေါ်လာသည့်ကိစ္စပင်။

အကယ်၍ သင်သည် အိုးမဲ့အိမ်မဲ့ဖြစ်မှု သို့မဟုတ် လူ့အဖွဲ့အစည်း၏ ထိပ်ပိုင်းလူတန်းစားများအတွင်းရှိ မျက်နှာသာပေးမှုများကဲ့သို့ တသီးတသန့်အကြောင်းအရာတစ်ခုခုကို သတင်းလိုက်တော့မည်ဆိုပါက အလွန်ဆီလျော်မှုရှိ၍ ယုံကြည်ကိုးစားထိုက်သော သတင်းရင်းမြစ်များနှင့် ချိတ်ဆက်မှုတစ်ခုကို စောစီးစွာကပင် ထူထောင်ထားသင့်သည်။ သင်၏သတင်းသမားလုပ်ဖော်ကိုင်ဖက်များကိုလည်း ဥပေက္ခာမပြုပါနှင့်။ သူတို့တွင် တန်ဖိုးရှိသည့် ပုဂ္ဂလိကဆက်ဆံရေးများ ရှိနေနိုင်သည်။ သို့သော် သင့်သတင်းစာတိုက်အတွင်း သို့မဟုတ် လိုက်နေသည့်သတင်းအကြောင်းအရာနှင့်ပတ်သက်၍ အပြိုင်အဆိုင်များ ရှိမရှိအပေါ် မူတည်ပါသည်။ ထို့ကြောင့် သင့်ဘက်က ထုတ်ပြောသည့်အသေးစိတ်အချက်အလက်များနှင့်ပတ်သက်၍ သတိထားရပါလိမ့်မည်။ သင့်သတင်းအကြောင်းအရာနှင့် ဆက်စပ်မှုရှိသည့် အထင်ကရပုဂ္ဂိုလ်များကိုလည်း ရှာဖွေကြည့်နိုင်သည်။

အားကစားကလပ်၊ ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် ကုသိုလ်ဖြစ်အဖွဲ့အစည်းများကို ထည့်သွင်းစဉ်းစားပါ။ သတင်းအကြောင်းအရာနှင့်ပတ်သက်၍ တစ်နည်းတစ်ဖုံ ဆက်နွယ်မှုရှိသည့် အင်တာဗျူးဖြေဆိုသူများသည် ဘက်လိုက်မှု သို့မဟုတ် သက်ဆိုင်ရာပုဂ္ဂိုလ်များအပေါ် စိတ်တိမ်းညွှတ်မှု ရှိနိုင်သည်ကို သတိရပါ။ စုံစမ်းမေးမြန်းမှုများ ပြုလုပ်သည့်အခါ၌လည်း ထိုအချက်ကို ထည့်တွက်ပါ။ သတင်းအကြောင်းအရာပါ ကာယကံရှင်နှင့် ယခင်ကတည်းက ဆက်နွယ်မှုရှိသည့် ပုဂ္ဂိုလ်များ၊ ဥပမာ စီးပွားရေးလုပ်ဖော်ကိုင်ဖက်ဟောင်းများ၊ ယခင်အိမ်ထောင်ဘက်များ၊ ဝန်ထမ်းများ၊ ဆရာဝန်များ၊ ကျောင်းဆရာများ သို့မဟုတ် ယခင် ရဲဘက်နှင့်စစ်ဘက်တွင်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူများကို ရှာဖွေကြည့်ပါ။ သတင်းဖြစ်ရပ်ပါ ကာယကံရှင်နှင့် အငြင်းပွားခဲ့ဖူးသူများသည် အလွန်အရေးကြီးသည့် မျက်မြင်ကိုယ်တွေ့ရှိသူများ ဖြစ်နေနိုင်ပါသည်။ သို့သော် သူတို့၏ ခံစားချက်နှင့် စိတ်နေစိတ်ထားတို့က သင့်အား ပြောပြသည့်အချက်များအပေါ် အရောင်စွန်းထင်းလာနိုင်ကိုတော့ သတိထားရပါမည်။