၁.၁။ သတင်းရင်းမြစ်များကို တန်ဖိုးဖြတ်ခြင်း


လူအများစုက မသိမသာသတင်းပေးကြရာတွင် အကြောင်းရင်းပေါင်းများစွာ ရှိသည်။ သို့သော် များသောအားဖြင့် စုံစမ်းဖော်ထုတ်ခြင်းသတင်းအတတ်ပညာ သို့မဟုတ် မတရားမှုများကို ဖော်ထုတ်လိုခြင်းတို့အား အထောက်အပံ့ဖြစ်စေရန်ဟု ရည်ရွယ်သည်ကတော့ မရှိသလောက် ရှားပါသည်။ သတင်းရင်းမြစ်ပုဂ္ဂိုလ်တစ်ဦးကို ချဉ်းကပ်သည့်အခါ အလားတူပင် ကြုံရနိုင်သည်။ ပုဂ္ဂိုလ်ရေးမကျေနပ်မှုများ၊ အခြေအနေများ သို့မဟုတ် ယုံကြည်ချက်များက သူတို့ပြောဆိုသမျှကို အရောင်ဆိုးနိုင်ပါသည်၊ အချို့သောအချက်များကို ပုံကြီးချဲ့ပြောခြင်း သို့မဟုတ် ဘာဆိုဘာမျှမပြောဘဲနေခြင်းတို့ကို ကြုံရနိုင်ပါသည်။ အချို့သတင်းရင်းမြစ်ပုဂ္ဂိုလ်များကတော့ အတက်ကြွလွန်ကာ သင်ကြားချင်လောက်သည်ထင်သမျှကို ပြောလာနိုင်ကြပါသည်။ သတင်းရင်းမြစ်များနှင့်ပတ်သက်၍ နောက်ခံအခြေအနေများကို သုတေသနပြုထားခြင်းက ဤနေရာတွင် များစွာလွယ်ကူစေနိုင်ပါသည်။ သူတို့က သင့်ကို စကားပြောနေသည့်အချိန်တွင် မည်သို့ ပြုမူလျက်ရှိသည်ကို အကဲခတ်ခြင်းကလည်း အထောက်အပံ့ဖြစ်စေပါသည်။

လူများသည် ရံဖန်ရံခါတွင် ရိုးရိုးသားသားဖြင့်ပင် အမှားများကို ကျူးလွန်တတ်ကြပြီး အသေးစိတ်များကိုလည်း မေ့လျော့တတ်ကြပါသည်။ ထို့ကြောင့် အရာရာကို အခြားလွတ်လပ်သည့်သတင်းရင်းမြစ်များ၏ ပြောဆိုချက်များနှင့် တိုက်ဆိုင်ကာ မှန်မမှန် စစ်ဆေးရန် လိုအပ်ပါသည်။ မတူညီသည့် သတင်းရင်းမြစ်ပုဂ္ဂိုလ်နှစ်ဦးက ရရှိသည့်အထောက်အထားများက အတိအကျမဟုတ်လျှင်ပင် တူညီသည့် ဦးတည်ရာ ရှိသင့်သည်။ ဒုတိယသတင်းရင်းမြစ်ပုဂ္ဂိုလ် မရှာနိုင်လျှင် သို့မဟုတ် အချိန်မရလျှင် သင့်အနေဖြင့် အတည်မပြုနိုင်ကြောင်း သတင်းတွင် ထည့်သွင်းရေးသားရမည်။ သို့သော် သတင်းတစ်ပုဒ်တည်းတွင် အတည်မပြုနိုင်သည့် ပြောဆိုချက်များစွာ ပါဝင်နေပါက သတင်းကို အားနည်းသွားစေသည့်အပြင် သင်၏ဂုဏ်သိက္ခာကိုလည်း ထိခိုက်ကျဆင်းစေနိုင်ပါသည်။

သို့သော် ဒုတိယ ရရှိလိုက်သည့် သတင်းအချက်အလက်က မူလအချက်အလက်ကို အတည်မပြုပေးရုံသာမက ဆန့်ကျင်ဘက်ဖြစ်နေသည် ဆိုကြပါစို့။ ထိုအခြေအနေတွင် ထိုအခြေအနေနှစ်ရပ်ရှိကြောင်း သင့်ပရိသတ်သို့ အသိပေးရမည်။ သို့မဟုတ် ထိုဆန့်ကျင်ဘက်အမြင်နှစ်ခုလုံးကို သတင်းထဲတွင် သင့်တင့်အောင် ထည့်သွင်းဖော်ပြနိုင်ရမည်။ ဥပမာ – “ပြည်ထဲရေးဝန်ကြီးက လက်နက်ကိုင်လူတစ်စု နယ်စပ်ကို ဖြတ်သန်းနေသည်ဟု ဆိုပြီး၊ ကာကွယ်ရေးဝန်ကြီးကမူ ထိုလူများ၌ လက်နက်မပါရှိဟု ပြောဆိုကြောင်း” သတင်းမျိုးဖြစ်သည်။ အသေးစိတ် အချက်အလက်အချို့က သင့်သတင်းနှင့် လိုက်လျောညီထွေ မဖြစ်ရုံဖြင့် ထိုအချက်များကို လျစ်လျူရှုခွင့်ရှိသည်ဟု မဆိုနိုင်ပါ။ ထိုသို့ မတူညီသော အမြင်များနှင့် တင်းမာမှုများ ရှိနေကြောင်း အသိအမှတ်ပြုရမည်ဖြစ်သလို သင့်သတင်းထဲတွင်လည်း ထည့်သွင်းဖော်ပြနိုင်ရမည်။ ဆီမော်ဟာ့ရှ်တို့လို ထူးထူးခြားခြား အောင်မြင်မှုရရှိပြီး အဆက်အသွယ်ကောင်း ရှိကြသည့် သတင်းသမားများကတော့ ရံဖန်ရံခါတွင် သတင်းရင်းမြစ် တစ်ခုတည်းကို ပင်တိုင်ထားကာ သတင်းရေးကြသည်။ သို့သော် အားလုံးက သူနှင့်တစ်စားတည်း မဟုတ်ကြပါ။

အခြေခံအကျဆုံးအဆင့်တွင် သင်နှင့် စကားပြောဆိုခဲ့သူတစ်ဦးသည် သူဘယ်သူဘယ်ဝါ ဖြစ်သည်ကို ပြောသလို ဟုတ်မဟုတ် သင့်ဘက်က ရှာဖွေဆန်းစစ်ရန် လိုသည်။ သူ့အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ မိသားစုဆိုင်ရာ အသေးစိတ် အချက်အလက်များ၊ စစ်မှုထမ်းတာဝန် ထမ်းဆောင်မှု၊ နိုင်ငံကူးလက်မှတ်၊ မှတ်ပုံတင် သို့မဟုတ် ယာဉ်မောင်းလိုင်စင် တစ်ခုခုက ထိုအချက်အလက်များကို အတည်ပြုပေးနိုင်ပါသလား။ အကယ်၍ သတင်းရင်းမြစ်တစ်ဦးသည် ပြစ်မှု ကျူးလွန်ခဲ့ဖူးခြင်း၊ ကိုယ်ရေးကိုယ်တာ အကျပ်အတည်းများ ကြုံတွေ့နေရခြင်း၊ စိတ်ဝေဒနာ ခံစားနေရခြင်း၊ ငွေကြေးဆိုင်ရာ ပြဿနာတက်နေခြင်း၊ အကြမ်းဖက်မှု သို့မဟုတ် လိမ်လည်မှု ကျူးလွန်ဖူးခြင်း စသည့် နောက်ကြောင်းများ ရှိနေပါက သူတို့ပြောဆိုသည့် အချက်အလက်များကို ပို၍ သံသယထား ဆန်းစစ်ရန်လိုသည်။ အကယ်၍ သတင်းရင်းမြစ်တစ်ဦးက ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ပါက ထိုသို့ သတင်းအချက်အလက် ထိန်ဝှက်ထားခြင်းရသည့် လုံလောက်အားကောင်းသော အကြောင်းအရင်းများစွာ ရှိနေနိုင်ပါသည်။ ထိုအခါတွင် ထိုသူပေးသော သတင်းအချက်အလက်များကို ယုံကြည်ကိုးစားရန် ထိုက်မထိုက်ကို ထည့်သွင်းစဉ်းစား ဆုံးဖြတ်ရန် လိုပေသည်။

ဘယ်အချက်ကို လိုချင်သည်ဟု ကိုယ်တိုင်က ပြတ်ပြတ်သားသား သိထားပါမှသာ အရည်အသွေးရှိသည့် အချက်အလက်များကို ရှာဖွေနိုင်မည် ဖြစ်သည်။ ပြည့်စုံသော ရှင်းလင်းပြောဆိုမှုတစ်ခု သို့မဟုတ် အထောက်အထား တစ်ရပ်ရပ်ကို သတင်းရင်းမြစ်က ပေးနိုင်ပါသလား။ ထိုအထောက်အထားများကို အသုံးပြုကာ နိဂုံးချုပ်ကောက်ချက် ပြောင်းလဲသွားအောင် ပြင်ဆင်ရေးသား၍ ရနိုင်ပါသလား။ ထိုသတင်းရင်းမြစ်၏ ပြောဆိုချက်တွင် မည်သည့် နေရာ၌ ‘လစ်ကွက် ဟာကွက်များ’ ရှိနေသလဲ။ သတင်းရင်းမြစ်၏ အတွေ့အကြုံသည် သူ့ရပ်ရွာအသိုင်းအဝိုင်း၏ အတွေ့အကြုံကို ကိုယ်စားပြုနိုင်ဖွယ် ရှိပါသလား။ ပြောဆိုချက်များသည် အချိန်နှင့်တစ်ပြေးညီ ဖြစ်ပါသလား၊ သို့မဟုတ် လွန်စွာကြာရှည်ခဲ့ပြီ ဖြစ်သဖြင့် အပြောင်းအလဲများ ရှိနေပြီး အသေးစိတ်များကို မမှတ်မိနိုင်တော့ဘဲ ဖြစ်နေပါသလား။