၁.၁.၁။ ကျွမ်းကျင်သူများ


အကြောင်းအရာအရပ်ရပ်တွင် ကျွမ်းကျင်သူများ ရှိကြစမြဲပင်။ သမိုင်းဆရာများ၊ သုတေသီသိပ္ပံပညာရှင်များ၊ ရှေ့နေများ၊ အင်ဂျင်နီယာများနှင့် အခြားကျွမ်းကျင်သူ များစွာ ရှိသည်။ စီးပွားရေးဆိုင်ရာ အကြောင်းအရာများကို ကိုင်တွယ်ရန်အတွက် မိမိစုံစမ်းဖော်ထုတ်လျက်ရှိသည့် ကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်ဖူးသော ကျွမ်းကျင်သူတစ်ဦးကို လူမှန်နေရာမှန် ရှာဖွေရွေးချယ်တတ်ရန် လိုအပ်သည်။ သို့သော် သင်စုံစမ်းဖော်ထုတ်လျက်ရှိသည့် ကိစ္စရပ်တစ်မျိုးမျိုးတွင် ပါဝင်ခဲ့ဖူးခြင်းရှိမရှိနှင့် ကျွမ်းကျင်မှုကို မည်သည့်နည်းဖြင့် ရှာဖွေဆည်းပူးခဲ့ပုံတို့ပေါ်တွင် များစွာ မူတည်ပါလိမ့်မည်။ လုပ်ငန်းနယ်ပယ်ကွဲပြားသော်လည်း ဆက်စပ်မှုရှိသော အကြောင်းအရာမျိုးဖြစ်ပါက သင့်သတင်းနှင့်ပတ်သက်၍ ဆန်းသစ်သော အမြင်များကို ကျွမ်းကျင်သူများက ပေးနိုင်ကြသည်။ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းနှင့်ပတ်သက်သည့် သတင်းများကို စုံစမ်းဖော်ထုတ်ရာတွင် ရှေ့နေ၊ ရဲအရာရှိ၊ ဆရာဝန် သို့မဟုတ် စစ်ကြောရေးမှတာဝန်ရှိသူတစ်ဦးသည်ပင် လူ့အခွင့်အရေးမြှင့်တင်သူများအဖြစ် အသုံးဝင်နိုင်ပါသည်။

သို့သော် ကျွမ်းကျင်သူဟူသမျှက တန်းတူညီမျှ အားကိုးထိုက်သည်မဟုတ်ပါ။ ထို့ကြောင့် အခြားသတင်းများထံမှ သင်ယုံကြည်သည့် အခြားသတင်းသမားများ၏အကြံပြုတိုက်တွန်းချက်များကို ရှာဖွေကာ ထိုပုဂ္ဂိုလ်၏အရည်အချင်းကို သုတေသနပြု ရှာဖွေသင့်ပါသည်။ ထို့နောက် သူတို့၏သုတေသနလုပ်ငန်းများကို မည်သူ့အတွက် လုပ်ဆောင်ပေးနေရသည်ကိုလည်း ရှာဖွေသင့်ပါသည်။ အကြောင်းမှာ စီးပွားရေးလုပ်ငန်းတစ်ခု၏ထောက်ပံ့မှုဖြင့် သုတေသနပြုနေကြသော သိပ္ပံပညာရှင်များသည်ပင် လော်ဘီသမားများကဲ့သို့ ဘက်လိုက်မှုများ ရှိနေနိုင်သောကြောင့် ဖြစ်သည်။ ထို့ပြင် သူတို့၏အားထုတ်မှုနှင့်ပတ်သက်၍ ချီးမွမ်းမြှောက်စားမှုများ၊ ဝေဖန်မှုများကိုလည်း ရှာဖွေကြည့်ရန် လိုပါသည်။ ယုံကြည်စိတ်ချရသော ကျွမ်းကျင်သူများ သို့မဟုတ် သူတို့၏အစီရင်ခံချက်များကိုပင် သေချာ စစ်ကြောမေးမြန်းဖို့လိုပါသည်။ အကယ်၍ များစွာသောကျွမ်းကျင်သူတို့အကြား သဘောထားကွဲလွဲမှုများ ရှိနေပါက စာဖတ်ပရိသတ်များ သဘောပေါက်လွယ်စေရန် မည်သည့်အတွက်ကြောင့် ထိုသို့ကွဲပြားနေရကြောင်းကို ရှာဖွေသင့်သည်။ အကယ်၍ ကျွမ်းကျင်သူများ သဘောထားကွဲလွဲမှု ဘက်ညီနေပါက မည်သည့်အတွက် ထိုသို့ဖြစ်ရကြောင်း စာဖတ်ပရိသတ်ကို ရှင်းပြရန်မှာ သင့်တာဝန်ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ ကျွမ်းကျင်သူများ၏ ယုံကြည်ကိုးစားထိုက်မှုအပေါ် သုတေသနပြုသင့်ပါသည်။

ကာလအတော်ကြာအောင်ပင် ကမ္ဘာကြီးပူနွေးလာမှုနှင့်ပတ်သက်၍ ကွဲပြားသောအမြင်များကို မီဒီယာများက မျှတစွာ တင်ပြခဲ့သည်။ သို့သော် သတင်းများကို ဆန်းစစ်လေ့လာမှုပြုလုပ်ပြီးနောက် ကမ္ဘာကြီးပူနွေးလာမှု မဟုတ်မှန်ကြောင်း တွင်တွင်ငြင်းဆန်နေသည့် ကျွမ်းကျင်သူများသည် စွမ်းအင်ကိစ္စနှင့်ပတ်သက်၍ လော်ဘီလုပ်ပေးရန် ငွေကြေးပံ့ပိုးထားသည့် ပြောရေးဆိုခွင့်ရှိသူများ ဖြစ်နေကြောင်း တွေ့ရှိခဲ့ရသည်။ အမှန်မှာ ကမ္ဘာကြီးပူနွေးလာမှုသည် အမှန်တကယ်ဖြစ်ပေါ်နေပြီး အန္တရာယ်လည်းရှိကြောင်း သိပ္ပံနည်းကျအထောက်အထားများက အလေးသာနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီးဖြစ်သည်။

အလားတူပင် အစိုးရဌာနများမှ ကျွမ်းကျင်သူများကိုလည်း ရှိသင့်ရှိအပ်သည့်သံသယဖြင့် ဆက်ဆံရမည်။ အစိုးရလခစား ကျွမ်းကျင်သူတစ်ဦးသည် အခြားကျွမ်းကျင်သူများလိုပင် မှန်သည့်အခါရော မှားသည့်အခါပါ ရှိနိုင်ပါသည်။ ရံဖန်ရံခါတွင် သတင်းအချက်အလက်များကို ရှုထောင့်တစ်ခုမှ ထုတ်ပြန်ရန်အတွက် အစိုးရဖိအားကို ရင်ဆိုင်နေရသည်လည်း ဖြစ်နိုင်သည်။ အခြားသတင်းရင်းမြစ်များပမာပင် သူတို့ပေးသည့် သတင်းအချက်အလက်များ မှန်မမှန်ကို တတ်သိနားလည်သော ဒုတိယ သတင်းရင်းမြစ်တစ်ခုနှင့် တိုက်ဆိုင်စစ်ဆေးရမည်။ တစ်ခါတစ်ရံတွင် အစိုးရဌာနရှိ ကျွမ်းကျင်သူများထံမှ တရားဝင်မဟုတ်သော သို့မဟုတ် သတင်းရေးသားရာတွင် ထည့်သွင်းဖော်ပြမည်မဟုတ်သော အလွတ်တန်းပြောဆိုမှုများကို မေတ္တာရပ်ခံကြည့်နိုင်သည်။ ဤနည်းဖြင့် သတင်းထဲတွင် ထည့်သွင်းဖော်ပြ၍မရသည့်တိုင် နောက်ခံအခြေအနေကို ပိုမိုကျယ်ပြန့်စွာ သိရှိနိုင်ပေသည်။

အစီရင်ခံစာများနှင့် မူဝါဒများကို ရေးသားပြုစုသည့် သတင်းရင်းမြစ်များအဖြစ် နိုင်ငံတကာအဖွဲ့အစည်းများကိုလည်း ထည့်သွင်းစဉ်းစားနိုင်သည်။ သို့သော် သူတို့က သူတို့၏ဌာနေနိုင်ငံနှင့် လုပ်ငန်းဆောင်ရွက်ရာနိုင်ငံများမှ အသုံးတည့်မည့် အဆက်အသွယ်များကို ပံ့ပိုးပေးနိုင်သည်။ သင့်ကိုကူညီရန် သူတို့တွင် တာဝန်မရှိသော်လည်း သူတို့နှင့် အားကောင်းစွာ ဆက်စပ်လျက်ရှိသော အကြောင်းအရာများနှင့်ပတ်သက်၍ သင်မေးမြန်းသည့်အခါတွင်မူ ကိုယ်ချင်းစာစိတ်ဖြင့် ကူညီလေ့ရှိကြသည်။ သူတို့၏မှတ်ချက်များနှင့်သတင်းအချက်အလက်များကို သတင်း၌ ဆီလျော်အောင်ထည့်သွင်းကာ ပိုမိုဘက်မျှသည့် အင်တာဗျူးများရရှိရန်အတွက် အခြားသတင်းရင်းမြစ်တစ်ခုနှင့် ဆက်သွယ်ရန်လိုမလို ဆုံးဖြတ်နိုင်ရန်အတွက် သုတေသနပြုခြင်းက အထောက်အပံ့ ဖြစ်စေနိုင်ပါသည်။

ရံဖန်ရံခါတွင် အကြောင်းအရာတစ်ရပ်အပေါ် သင်သတင်းလိုက်နေကြောင်း သို့မဟုတ် သင့်တွင် အချို့သတင်းအချက်အလက်များ ရထားပြီးဖြစ်ကြောင်း သတင်းရင်းမြစ်များကို သိခွင့်ပေးလိုက်ပါက သူတို့အား တပ်လှန့်လိုက်သလို ဖြစ်သွားနိုင်သည်။ သို့ဖြစ်၍ သင့်အဆက်အသွယ်ကွန်ရက်ကို အသုံးပြု၍လည်းကောင်း၊ စုံစမ်းဖော်ထုတ်ဆဲသတင်းနှင့်ပတ်သက်သည့် ကနဦးသတင်းတစ်ပုဒ် စတင်ဖော်ပြခြင်းဖြင့်လည်းကောင်း တစ်ဖက်လှည့်ဖြင့် အသိပေးနိုင်သည်။ ဤအဆင့်တွင် သတင်းအချက်အလက်အသစ်ပေးလိုသူများက သင့်ထံသို့ အီးမေးလ်ပို့ခြင်း သို့မဟုတ် twitter သုံးခြင်းအားဖြင့် ဆက်သွယ်လာနိုင်သည်။ သို့တည်းမဟုတ် ယခင်က တွန့်ဆုတ်နေသည့် သတင်းရင်းမြစ်များက သင့်သတင်းကို မှန်ကန်စေရန် လိုလားစွာ ပါဝင်လာလိမ့်မည်။ ဤနည်းဗျူဟာကို အသုံးပြုမည်ဆိုလျှင် ကောင်းကျိုးဆိုးပြစ်များကို အမြဲ ချိန်ဆရန်လိုသည်။ အဆင်မပြေလျှင် သင် စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း လူအများကို သတင်းပေးလိုက်သလိုဖြစ်ပြီး သက်သေအထောက်အထားများ ဖျောက်ဖျက်ခြင်း၊ သတင်းရင်းမြစ်များ၏ အသံဆိတ်သွားခြင်း သို့မဟုတ် သင့်အပေါ်တွင် ကြိုတင်လက်ဦးမှုရယူခြင်း စသည့် ဆန့်ကျင်ဘက်အကျိုးဆက်များကို ကြုံရနိုင်ပါသည်။

သင့်သတင်းကို ရှေ့ခရီးဆက်နိုင်ရန် သင့်တော်သည့် ကျွမ်းကျင်သူတစ်ဦးကို ရှာမတွေ့နိုင်ခဲ့ပါက သတင်းကို ရှေ့ဆက်စုံစမ်းဖော်ထုတ် မရနိုင်တော့ပြီဟု မဆိုနိုင်ပါ။ သင့်ဘက်မှ ကျွမ်းကျင်သူ အရွေးမှားခြင်း၊ တလွဲတချော်မေးခွန်း မေးမိခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါသည်။ သင့်သတင်းထဲတွင် ကွဲပြားသည့်အမြင်များကို ထည့်သွင်းဖော်ပြနိုင်ခြင်းအားဖြင့် သင့်ကို လွတ်လပ်သည့်စိတ်ထားရှိသူတစ်ဦးအဖြစ် ယူဆပြီး အခြားကျွမ်းကျင်သူများက ကွဲပြားသည့်အမြင်များကို လိုလိုလားလား ပေးလာကြပါလိမ့်မည်။