၁.၁.၂။ ဖော်ကောင်များ၊ ဂိတ်စောင့်များနှင့် တံခါးဖွင့်ပေးသူများ


ရံဖန်ရံခါတွင် သုတေသနပြုရင်းမှ အဖွဲ့အစည်းနှင့်ပတ်သက်၍ မကောင်းကြောင်းသာ ပြောစရာရှိသည့် ‘ဖော်ကောင်(whistleblower)’ သို့မဟုတ် မကျေမနပ်ဖြစ်နေသည့် ဝန်ထမ်းတစ်ဦးဦး ပါဝင်လာနိုင်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် အစိုးရဌာနများသည် အကဲဆတ်သည့် အမြင်များနှင့် သတင်းအချက်အလက်များကို မည်သူမည်ဝါက ထုတ်ဖော်ပြောဆိုသည်ဟု မသိနိုင်သော၊ အဟိတ်အဟန့်မရှိ ပြောဆိုနိုင်သော တရားမဝင် အွန်လိုင်းဆွေးနွေးမှုများ ဖွင့်ပေးထားတတ်ကြသည်။ သို့သော် ထိုဝက်ဘ်ဆိုဒ်များမှ ရရှိသည့် သတင်းအချက်အလက်များကို သင့်သတင်းထဲတွင် တိုက်ရိုက်မသုံးပါနှင့်။ ဖော်ကောင်လုပ်မည့်သူသည် အမှန်တကယ်ရှိကြောင်း၊ သူ့ပြောဆိုချက်များအပေါ် ခိုင်မာအောင် ပံ့ပိုးနိုင်ကြောင်း ထိုသူနှင့် လူချင်းတွေ့ဆုံနိုင်ပြီး အထောက်အထားများ ရရှိနိုင်ရန် သေချာကြောင်း စစ်ဆေးရန် လိုအပ်ပါသည်။

ကျင့်ဝတ်ပိုင်းဆိုင်ရာ ဒွိဟဖြစ်စရာများကို မကြုံရစေဘဲ ခိုးကြောင်ခိုးဝှက် သတင်းလိုက်ရခြင်းမှ ကယ်တင်ပေးနိုင်မည့် အသုံးဝင်သော အဆက်အသွယ်ပုဂ္ဂိုလ်များသည် အဖွဲ့အစည်းများတွင် ရှိနေတတ်ကြသည်။ (ထိုသူများကို ဂိတ်စောင့်(gatekeeper) များဟု ဆိုနိုင်ပါသည်။) သင့်အား နေရာတစ်ခုသို့ ဝင်ထွက်ခွင့်ပြုမည့်၊ မည်သူတို့ ဝင်ထွက်ခဲ့ကြောင်း ပြောနိုင်မည့် ဂိတ်စောင့်များထဲတွင် အတွင်းရေးမှူးများ၊ ဧည့်ကြိုဝန်ထမ်းများနှင့် လုံခြုံရေးအရာရှိများ ပါဝင်လေ့ရှိသည်။ ရာထူးမြင့်ပုဂ္ဂိုလ်များကိုသာ အလေးပေးအာရုံစိုက်ခြင်းဟူသည့် အမှားကို မကျူးလွန်မိပါစေနှင့်။ မည်သူနှင့်မဆို ကောင်းမွန်သည့် သက်မွေးဝမ်းကျောင်းဆက်ဆံရေးများ ထူထောင်နိုင်ရန် ကြိုးစားရပါမည်။ ဂိတ်စောင့်များသည် အပြင်ပန်းတွင် မည်သူဝင်ထွက်သည် ဟူသည်ထက်ပိုသည့် သတင်းအချက်အလက်များကို ထိန်းချုပ်နိုင်ကြပါသည်။ ဘဏ် သို့မဟုတ် အစိုးရအဖွဲ့အစည်းကဲ့သို့ လုပ်ငန်းမျိုးတွင် ဆောင်ရွက်လျက်ရှိသော အလားတူဝန်ထမ်းများစွာတို့သည် သူတို့၏ ဝန်ထမ်းခန့်အပ်မှုစာချုပ်တွင် နှုတ်လုံလျှို့ဝှက်ပါမည့်အကြောင်း လက်မှတ်ရေးထိုးထားကြရသည့်အတွက် သတင်းအချက်အလက်များကို ဖွင့်ချပါက ဥပဒေချိုးဖောက်ရာ ရောက်ပါသည်။ အကြောင်းကြီးငယ်မရှိဘဲ ထိုသူတို့၏ အကူအညီကို မယူပါနှင့်။ သူတို့နှင့်ဆက်ဆံရေးကိုလည်း လျှို့ဝှက်ထားရန်မလိုပါ။ ဤနည်းဖြင့် သူတို့၏ရပ်တည်မှုကိုလည်း သင့်ဘက်က အကောင်းဆုံးအကာကွယ်ပေးရာ ရောက်ပါသည်။

မည်သည့်စုံစမ်းဖော်ထုတ်မှုတွင်ဖြစ်စေ အသုံးဝင်သည့်မေးခွန်းတစ်ခုမှာ “မည်သူ့တွင် သတင်းအချက်အလက် ရှိနေသလဲ” ဟူသည့်မေးခွန်းဖြစ်သည်။ မကြာခဏဆိုသလိုပင် သတင်းအချက်အလက်တစ်ခုနှင့်ပတ်သက်၍ ဂိတ်စောင့်များ များစွာ ရှိနေတတ်သည်။ ဖောက်ထွက်တွေးကြည့်ပါက … ကျန်းမာရေးဝန်ကြီးဌာနက သင့်အား စာရွက်စာတမ်းတစ်ခုကို ပေးသိရန် ငြင်းဆန်လိမ့်မည်။ သို့သော် ထိုစာရွက်စာတမ်းကိုပင် ကိုင်တွယ်ခွင့်ရှိသည့် အခြားအဖွဲ့အစည်းများ (ဥပမာ – ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၊ ကျန်းမာရေး NGO တစ်ခု၊ ထိုနယ်ပင်တွင် လုပ်ကိုင်လျက်ရှိသော တက္ကသိုလ်တစ်ခုမှ သုတေသီတစ်ယောက် သို့မဟုတ် စာနာမှုရှိသည့် လွှတ်တော်ကျန်းမာရေးကော်မတီအဖွဲ့ဝင်တစ်ဦး) ရှိနေနိုင်သေးသည်။ အရေးကြီးသောသတင်းအချက်အလက်များကို ပြောဆိုခြင်းမပြုရန် စစ်တမ်းကောက်ယူသူများအား စာချုပ်ချုပ်ဆိုထားတတ်ကြသော်လည်း သူတို့က မည်သူကအရေးပါသည်ကို သင့်အား ထောက်ပြလမ်းညွှန်ပေးနိုင်ပါသည်။

တံခါးဖွင့်ပေးသူ(door-openers)များမှာ သြဇာအရှိန်အဝါရှိသူများ ဖြစ်သည်။ အကယ်၍ သူတို့က သင့်ကို သဘောကျလျှင် သို့မဟုတ် သင့်အလုပ်ကို တန်ဖိုးထားသူများဖြစ်လျှင် အခြားသူများကိုလည်း သင်နှင့်စကားပြောလာအောင် ဆွဲဆောင်ပေးလိမ့်မည်။ တံခါးဖွင့်ပေးသူများမှာ ကြည်ညိုလေးစားခြင်းခံရသည့် တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်ကြီးများဖြစ်နိုင်သလို အသက်၊ ဂုဏ်၊ ဝါ မကြီးလှသော်လည်း အဖွဲ့အစည်းတစ်ခု၊ လူမှုအုပ်စုတစ်ခုတွင် ယုံကြည်စိတ်ချခြင်းခံရသူများ ဖြစ်နိုင်သည်။ ရံဖန်ရံခါတွင် ရပ်မိရပ်ဖတစ်ဦးသည်လည်း သူ့ရပ်ရွာအတွက် လမ်းဖွင့်ပေးနိုင်သည်။ “ဒီသတင်းထောက်က ယုံရတယ်၊ သူ့ကို ပြောပြလိုက်ကြပါ” ဟု သူကဆိုသည့်အခါ အခြားသူများက လိုက်နာမည့်သူများ ဖြစ်ကြသည်။ နောက်ကြောင်းရာဇဝင်များကို သုတေသနပြုလုပ်စဉ် ထိုပဂ္ဂိုလ်များကို ရှာဖွေဖော်ထုတ်ပြီး သူတို့နှင့်ဆက်ဆံရေးကို ဖြစ်နိုင်သမျှ ပျိုးထောင်သင့်ပါသည်။