၂။ သတင်းရင်းမြစ်များကို ကာကွယ်ခြင်း

၂။ သတင်းရင်းမြစ်များကို ကာကွယ်ခြင်း


အထူးသဖြင့် ဥပဒေကို ထီမထင်သော၊ သတင်းသမားများကို အလွယ်တကူသတ်ဖြတ်နိုင်သော အာဏာရှင်အစိုးရများ လက်အောက်တွင် စုံစမ်းဖော်ထုတ်သတင်းလိုက်ခြင်းသည် အန္တရာယ်များနိုင်ပါသည်။ ထို့ကြောင့် လျှို့လျှို့ဝှက်ဝှက် လုပ်ကိုင်တတ်ရန် အရေးကြီးသည်။ သတင်းအကြောင်းအရာကို ထုတ်ဝေခြင်းအားဖြင့် ရင်ဆိုင်ကြုံတွေ့လာရနိုင်သည့် ဘေးအန္တရာယ်များကို သတင်းရင်းမြစ်အား ကြိုတင်သတိပေးထားခြင်းသည်လည်းကောင်း၊ ထိုသတင်းဖြစ်ရပ်ကို ဖော်ထုတ်ရခြင်းသည် အများပြည်သူ အကျိုးစီးပွားအတွက်သက်သက်သာဖြစ်သည်ဟု ဖော်ထုတ်ပြောဆိုမှုသည်လည်းကောင်း သင့်တာဝန်သာဖြစ်သည်။ ထိုအချက်များကို ဆွေးနွေးပြီးသောအခါမှသာ သတင်းရင်းမြစ်တစ်ဦးသည် သတင်းထဲတွင် သူ့နာမည်ထည့်သွင်းဖော်ပြမည်ကို နားလည်သိရှိမှုဖြင့် လက်ခံခွင့်ပြုသည်ဟု ဆိုနိုင်ပါသည်။ သင်နှင့် တွေ့ဆုံရသည့်အတွက်၊ ဖုန်း သို့မဟုတ် အီးမေးလ်များပေါ်တွင် သတင်းအကြောင်းအရာများကို ဆွေးနွေးခြင်းများအတွက် သတင်းရင်းမြစ်တွင် မည်သည့်အန္တရာယ်များ ကြုံလာရနိုင်ကြောင်းကိုပါ နားလည်စေရပါမည်။

ချောင်းနားထောင်၍၊ အသံခိုးဖမ်း၍၊ ဗီဒီယိုရိုက်ကူး၍ သို့မဟုတ် ချိုးဖောက်ဝင်ရောက်(hack)၍ ရသော နေရာများတွင် သတင်းရင်းမြစ်နှင့် ပြောဆိုဆွေးနွေးခြင်း မပြုပါနှင့်။ ဆဲလ်ဖုန်းများအပါအဝင် တယ်လီဖုန်းဖြင့် ပြောဆိုမှုများကို ခြေရာခံရန် လွယ်ကူကြောင်း၊ သင့်တည်နေရာကို သိရှိနိုင်သည့်ခြေရာခံစနစ်များကို အသုံးပြုနိုင်ကြောင်း သတိရပါ။ လျှို့ဝှက်ထားရမည့် တွေ့ဆုံမှုများသို့ မသွားရောက်ခင် သင့်ဖုန်းကို စက်ပိတ်၍ ဘတ္တရီများကို ဖြုတ်ထားရပါမည်။ သတင်းရင်းမြစ်နှင့်ပတ်သက်သည့် မှတ်စုများ၊ အသံဖမ်းချက်များကို ထိုစုံစမ်းဖော်ထုတ်မှုနှင့် ပတ်သက်ခြင်းမရှိသည့် ပြင်ပလူပုဂ္ဂိုလ်တစ်ဦးဦး၏ နေအိမ် စသဖြင့် လုံခြုံသည့်နေရာများတွင် သိမ်းဆည်းထားရပါမည်။

လိပ်ကိုကြမ်းပိုးဖြစ်အောင် ပြောခြင်းများ၊ မုသားများ၊ အင်အားကြီး တန်ခိုးအာဏာကြီးသူတို့၏ နှောင့်ယှက်စွက်ဖက်မှုများကို အထိရောက်ဆုံး တုံ့ပြန်နိုင်သည့် နည်းကတော့ သင့်ထံသို့ ဒွိဟသံသယမရှိဘဲ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုသည့် မျက်မြင်ကိုယ်တွေ့ရှိသူများပင် ဖြစ်သည်။ သို့သော် သင်နှင့် စကားပြောဆိုရန် သို့မဟုတ် အသံဖမ်းယူထားရန် အတင်းအကျပ် လုပ်ခွင့်မရှိပါ။ သူတို့ နှုတ်ဆွံ့နေရခြင်း၏ နောက်ကွယ်တွင် အကြောင်းအရင်းများ ရှိနေနိုင်သည်ကို နားလည်ပေးရပါမည်။ သို့သော် သူတို့အား မေးစရာရှိသည်ကိုတော့ မေးရပေလိမ့်မည်။ မေးခွန်းကောင်းတစ်ခုမှာ “ခင်ဗျား/ရှင်က ဘယ်သူဆိုတာ သိသွားကြရင် ဘာတွေများဖြစ်လာမလဲ” ဟု ဖြစ်သည်။ ရံဖန်ရံခါတွင် (သူတို့ကို နှုတ်ဆွံ့စေသည့်) အကြောင်းရင်းမှာ ပုဂ္ဂိုလိကစိုးရွံ့မှုများဖြစ်သည်။ စာရွက်စာတမ်း မရှိဘဲ ရွှေ့ပြောင်းအခြေချလာသူတစ်ဦးသည် သူမည်သူမည်ဝါဟု အသိခံလိုက်ရခြင်းအားဖြင့် နိုင်ငံမှ နှင်ထုတ်ခံရနိုင်သည်။ အစိုးရ ရာထူးကြီးအရပ်ဘက်ဝန်ထမ်းတစ်ဦးသည် အလုပ်ဖြုတ်ခြင်း သို့မဟုတ် ထောင်ချခြင်း ခံရနိုင်သည်။ HIV ရောဂါပိုးကူးစက်ခံထားရသူတစ်ဦးသည် သူ့အသိုင်းအဝန်း၏ အကြဉ်ခံရနိုင်သည်။ မည်သည့်သတင်းအချက်အလက်ကိုမျှ မဆွေးနွေးကြသေးမီ သတင်းရင်းမြစ်အား သူ မည်သူမည်ဝါဖြစ်သည်ကို အခြားသူများ သိရှိနိုင်ကြောင်း ရှင်းပြထားရပါမည်။ သူတို့ မည်သူမည်ဝါဖြစ်ကြောင်းကို ကွယ်ဝှက်နိုင်ရန်အတွက် သူတို့၏ အရပ်ဒေသ၊ လူမှုနောက်ခံ၊ အဆင့်အတန်း သို့မဟုတ် ကျားမဖြစ်မှုတို့အား မည်သို့ရည်ညွှန်းရမည်ကို ဆွေးနွေးရပါမည်။ သင့်သတင်းရင်းမြစ်က အချို့သောသတင်းအချက်အလက်များအား အသံဖမ်းသည့်ထဲမပါဘဲ အလွတ်ပြောဆိုလိုခြင်း သို့မဟုတ် နောက်ခံအခြေအနေကို နားလည်စေရုံမျှ ပြောပြခြင်းများကို လက်ခံရမည်။ သို့တိုင် သင့်အယ်ဒီတာနှင့် အခြားလုပ်ဖော်ကိုင်ဖက်များကလည်း ဤအခြေအနေကို နားလည်လက်ခံနိုင်ရန် သင့်ဘက်မှ ကြိုးစားရမည်။ သင့်အယ်ဒီတာက သတင်းရင်းမြစ်၏ အမည်ကို ထုတ်ဖော်ပြောပြရန် သင့်ကို မေးမြန်းလာနိုင်သည်။ ထိုသို့ ပြောပြရသည့်အခါ ထိုသတင်းအချက်အလက်သည် အယ်ဒီတာရုံးခန်း၏ ပြင်ပသို့ မပေါက်ကြားစေသင့်ကြောင်း လုံးဝသေချာအောင် ရှင်းလင်းပြောဆိုရမည်။ ဤသည်မှာ သတင်းထောက်များနှင့် သတင်းရင်းမြစ်များကြား ဆက်ဆံရေးကို လွှမ်းမိုးခြယ်လှယ်လျက်ရှိသည့် အရေးအကြီးဆုံးနှင့် တစ်ခုတည်းသော စည်းမျဉ်းဥပဒေသပင် ဖြစ်သည်။ အကယ်၍ လူတစ်ဦးအား မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်မပြောပါဟု အာမခံထားလျှင် သင်ကိုယ်တိုင် ထောင်ထဲရောက်စေဦးတော့ ထိုအချက်ကို လေးစားမှုရှိရမည်။ သို့သော် သင်ကိုယ်တိုင် ကတိမတည်နိုင်ဘဲနှင့် သတင်းရင်းမြစ်အား ကတိများစွာပေးခြင်းကို မည်သည့်အခါမျှ မလုပ်ပါနှင့်။ လူတစ်ယောက် ညှင်းပမ်းနှိပ်စက်ခံရခြင်း သို့မဟုတ် အသက်ဆုံးရှုံးသွားခြင်းတို့အတွက် ကိုယ်ကျင့်တရားအရ တာဝန်ရှိနေသည်ဟု တအုံ့နွေးနွေးဖြစ်ရသည်ထက် ထိုသူတို့၏ အမည်နာမကို မထုတ်ဖော်ခြင်း သို့မဟုတ် ထိုသတင်းရင်းမြစ်များ၏ ပြောဆိုချက်ကို သတင်းထဲတွင် ထည့်သွင်းမှုမပြုခြင်းကသာ ပို၍ ကောင်းပါလိမ့်မည်။

အချို့နိုင်ငံများတွင် သတင်းထောက်များနှင့် အယ်ဒီတာများသည် သတင်းရင်းမြစ်ပုဂ္ဂိုလ်များ၏ အမည်နာမကို မထုတ်ဖော်ရကောင်းလားဟု ညှင်းပမ်းနှိပ်စက်ခံကြရသည်ကို သိထားဖို့လိုပါသည်။ ထို့သို့သောနိုင်ငံများတွင် သတင်းမီဒီယာများသည် တရားမကြောင်းအရမဟုတ်ဘဲ ရာဇဝတ်ပြစ်မှုကြောင်းအရ တရားစွဲဆိုခံကြရသည့်အခါ သတင်းရင်းမြစ်ကို ဖော်ထုတ်ရန် အမိန့်ချတတ်သည်။ ဖော်ထုတ်ရန်ငြင်းဆန်ပါက ယင်းလုပ်ရပ်အား ရုံးတော်ကို ဖီလာဆန့်ကျင်ခြင်း၊ မထီလေးစားပြုခြင်းဟု သတ်မှတ်ကာ ထောင်ဒဏ်ချမှတ်နိုင်သည်။ ထို့ကြောင့် စုံစမ်းဖော်ထုတ်မှုတစ်ခု မပြုလုပ်မီကပင် သတင်းရင်းမြစ်ပုဂ္ဂိုလ်တစ်ယောက်အား မည်သို့ မည်မျှ ပမာဏအထိ သင့်ဘက်မှ ကာကွယ်ပေးနိုင်သည်ကို ချင့်ချိန်ထားရန်လိုသည်။

“သတင်းသမားတစ်ယောက်အနေနဲ့ ကျွန်တော့်အတွက် အဆိုးရွားဆုံးအတွေ့အကြုံကတော့ သတင်းရင်းမြစ်တစ်ယောက် လုပ်ကြံသတ်ဖြတ်ခံလိုက်ရတာပါပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ကိုပြောပြတဲ့ သတင်းအချက်အလက်တွေထက်ကို အများကြီးသူက ပိုသိနေသေးတာလေ။ ဒါပေမယ့် သူက ဘာတွေများထူးလာမလဲလို့ အကဲစမ်းကြည့်ချင်နေတာ။ သူဘယ်သူဘယ်ဝါဆိုတာ ထုတ်ဖော်ပြောချင်တဲ့ဆန္ဒ မရှိခဲ့ပါဘူး။ ဒါပေမယ့် သူနဲ့အတူ အလုပ်တွဲလုပ်နေတဲ့သူတွေက သိပ် ခက်ခက်ခဲခဲ မရှာလိုက်ရတော့ အဖြောင်ခံလိုက်ရတာပေါ့ဗျာ။ ဒါ့ကြောင့် သတင်းရင်းမြစ်ပုဂ္ဂိုလ်တစ်ယောက်ဆိုရင် ခင်ဗျားအနေနဲ့ ဟိုကိစ္စဒီကိစ္စတွေ မပြောမိလေ ကောင်းလေပဲ။ အဲ့လိုဆိုရင် ဘယ်သူမှ ခင်ဗျားအသက်ကို ရန်ရှာဖို့မရှိဘူး။ တကယ်လို့များ ခင်ဗျားက အရဲစွန့်ပြီး နာမည်ထုတ်သုံးလိုက်ပါပြီတဲ့၊ နောက်ပိုင်း ပေါ်လာမယ့် ရင်ဆိုင်ရမယ့်ကိစ္စတွေက ခင်ဗျားဖော်ကောင်လုပ်လိုက်တဲ့ကိစ္စအပေါ်မှာ မူတည်သွားပြီဆိုတာ အင်မတန် ရှင်းပါတယ်။” – ဆမ်ဆိုးလ်၊ Mail နှင့် Guardian သတင်းစာ၊ ဂျိုဟန်နစ္စဘတ်။

သတင်းရင်းမြစ်ကို ဘေးအန္တရာယ်မကျရောက်အောင် ကာကွယ်ရန်ဟူသည့် တစ်ခုတည်းသော အကြောင်းပြချက်ကြောင့်သာ သတင်းထဲတွင် သတင်းရင်းမြစ်၏ အမည်ကို မဖော်ပြဘဲထားနိုင်သည်။ အမည်မဖော်ပြထားသည့် သတင်းရင်းမြစ်များကို စောင့်ကြည့်ဖို့ခက်သလိုပင်၊ ထိုသို့ အမည်မဖော်ပြဘဲ ထားခြင်းကြောင့် သတင်း၏တိကျခိုင်မာမှုကို အားနည်းစေပြီး စာဖတ်ပရိသတ်၏ ယုံကြည်မှုကို နည်းပါးစေသည်။ သို့သော် သူတို့က ပထမဆုံး တိုက်ရိုက်အတွေ့အကြုံများ၊ အတွင်းရေးကိစ္စများ၊ အရေးကြီးသည့် အတည်ပြုချက်များကို ပေးနိုင်ပြီး နောက်ထပ် အထောက်အထားများ ထပ်မံရှာဖွေနိုင်ရန်လည်း ပံ့ပိုးပေးနိုင်ကြသည်။ သင့် ထုတ်ဝေမှု၊ သတင်းရင်းမြစ်နှင့် သတင်းအကြောင်းအရာတို့၏ စပ်ဆက်အခြေအနေတစ်ခုချင်းစီပေါ် အခြေခံကာ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ရပါမည်။ ထို့ပြင် သတင်းထဲတွင် ခေါ်ဝေါ်သုံးနှုန်းမှုအရ အပြည့်အဝ လုံခြုံစိတ်ချရမှုရှိစေရန် မည်သို့ ရည်ညွှန်းဖော်ပြမည်ဆိုသည်ကိုပါ သတင်းရင်းမြစ်နှင့် သဘောတူညီချက် ရယူရမည်။ အကယ်၍ သင့်သတင်းရင်းမြစ်သည် ဝန်ကြီးဌာနက ခန့်အပ်ထားသည့် တစ်ဦးတည်းသော သိပ္ပံပညာရှင် မဟုတ်သရွေ့ ‘သစ်တောဝန်ကြီးဌာနနှင့် တွဲဖက်လုပ်ကိုင်လျက်ရှိသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာရှင်တစ်ဦး’ ဟူသော ညွှန်းဆိုချက်က ‘သိပ္ပံပညာရှင်တစ်ဦး’ဟု ညွှန်းဆိုသည်ထက် ပို၍ ကောင်းပါသည်။