၁.၂။ အင်တာဗျူးမေးခွန်းများကို ကြိုတင်ပြင်ဆင်ခြင်း


အကယ်၍ အင်တာဗျူးသည် သင်မျှော်လင့်ထားသည့်အတိုင်း ချောချောမောမောမဖြစ်ခဲ့လျှင်ပင် သင်လိုအပ်နေသည့် သတင်းအချက်အလက်အချို့ကို ရရှိနိုင်ရန် အင်တာဗျူးကို ပုံစံချထားပါ။

  1. ၁။ ခင်ရာမင်ကြောင်း ပြောဆိုခြင်း(လူပုဂ္ဂိုလ်ချင်းဆက်ဆံရေး တည်ဆောက်ရန် သို့မဟုတ် အပြန်အလှန် ရင်းနှီးရယူရန်)
  2. ၂။ သိပြီးအချက်အလက်များကို အတည်ပြုခြင်းအပါအဝင် အခြေခံသတင်းအချက်အလက်များ
  3. ၃။ မေးခွန်းအနုစားများ
  4. ၄။ မေးခွန်းအပြင်းစားများ

သတင်းရင်းမြစ် သက်သောင့်သက်သာရှိရှိဖြင့် စတင်နိုင်ရန် အချိန်မည်မျှ ယူရမည်ကို ကြိုတင်ခန့်မှန်းထားပါ။ သို့သော် အင်တာဗျူး၏ အစောပိုင်းအဆင့်များကို ယဉ်ကျေးမှုလောကဝတ်နှင့် လျော်ညီစွာ ခပ်တိုတိုနှင့် ပေါ့ပေါ့ပါးပါး ဖြတ်သန်းကာ အဓိကအပိုင်းသို့ လျင်မြန်စွာကူးပြောင်းနိုင်ရန် ဂရုစိုက်ရပါမည်။ နောက်ပိုင်းမေးမြန်းမည့် စိန်ခေါ်မှုဆန်သော မေးခွန်းများအတွက် အခြေခံကျသည့် သတင်းအချက်အလက်များမှ အစပျိုးကာ အင်တာဗျူးကို ယုတ္တိတည်ဆောက်ပုံကျအောင် စီစဉ်ထားရပါမည်။ သင့်မေးခွန်းများက နားလည်ရလွယ်ကူ၍ ရှင်းလင်းကာ လိုရင်း ဖြစ်စေရမည်။ အင်တာဗျူးဖြေဆိုသူ မျက်စိလည်သွားစေနိုင်လောက်သည့် ရှည်လျားပေများသော မေးခွန်းတစ်ခုထက် မေးခွန်းတိုကလေးများကို ဆင့်ကာဆင့်ကာ မေးမြန်းသွားခြင်းက ပိုကောင်းပါသည်။ ထိုမေးခွန်းများကို ကနဦးကတည်းက သင့်ခေါင်းထဲတွင် အစီအရီ ရှိနေပါစေ။

အကြံပြုလိုသည့်အချက်အချို့မှာ အောက်ပါအတိုင်း ဖြစ်သည်။

  • > အစိတ်အပိုင်းများစွာပါသော မေးခွန်းများကို ရှောင်ပါ။ ဥပမာ “ဝန်ကြီးရှင့်၊ တင်ဒါကိစ္စမှာ မသမာမှုတွေ ရှိနေတယ်ဆိုတာ သတိထားမိပါသလား၊ တင်ဒါလုပ်ငန်းကို ဝန်ကြီးက ကြီးကြပ်ခဲ့ပါသလား၊ ဘာဖြစ်လို့ ဒီလို မသမာမှုတွေ ဖြစ်လာရတာပါလဲရှင့်၊ ပြီးတော့ သူတို့က ဘယ်လိုတင်ဒါအောင်သွားကြတာလဲရှင့်” ဟု မေးလိုက်လျှင် သတင်းရင်းမြစ်က သူပြောဆိုလိုသည့် အပိုင်းတစ်ခုတည်းကိုသာ ကွက်၍ ဖြေဆိုသွားပါလိမ့်မည်။
  • > ဇဝေဇဝါဖြစ်စေနိုင်သည့် အငြင်းပုဒ် နှစ်ခုပါဝင်သည့် မေးခွန်းများကို ရှောင်ပါ။ ဥပမာ “ဒီလိုဆိုရင် ခင်ဗျားက ငွေကို ပြန်မပေးခဲ့ဘူးဆိုတာ မဟုတ်ဘူးပေါ့”။ ထိုသို့သောမေးခွန်းများသည် ငွေနှင့်ပတ်သက်သောအဖြေ သို့မဟုတ် ထိုပြောဆိုချက်၏ မှန်ကန်မှုရှိခြင်းမရှိခြင်း နှစ်မျိုးအနက် အဖြေတစ်မျိုးကိုသာ ရစေနိုင်ပါလိမ့်မည်။ “ခင်ဗျားက ငွေကို ပြန်မပေးခဲ့ဘူးဆိုတာ မှန်ပါသလား” ဟု မေးခြင်းက ပို၍ ရိုးရှင်းနားလည်လွယ်ပါသည်။ “ခင်ဗျားက ငွေကို ပြန်ပေးခဲ့သလား” ဟုမေးသည်ကတော့ ပို၍ပင် ကောင်းပါသေးသည်။
  • > အတည်ပြုချက်ရယူနိုင်သည့်မေးခွန်းများလည်း ပါဝင်ပါစေ။ ထိုမေးခွန်းများအတွက် အဖြေကို သင်သိပြီးသားဖြစ်ပါသည်။ ထိုမေးခွန်းများက အကြောင်းအရာ၏အခြေခံအချက်အလက်များကို ရှင်းပြရာတွင် အထောက်အကူဖြစ်စေပြီး သတင်းရင်းမြစ်၏ တိကျစွာဖြေဆိုမှုကိုလည်း ရရှိစေနိုင်ပါသည်။ အကယ်၍ အင်တာဗျူးဖြေဆိုသူက ထိုမျှရိုးစင်းသည့်မေးခွန်းကို မေးရကောင်းလားဟု နားမလည်နိုင်ဖြစ်ခဲ့ပါက ဗွေမယူပါနှင့်။ စာဖတ်ပရိသတ်များက သတင်းသမားရှင်းပြသည်ထက် အင်တာဗျူးခံရသူရှင်းပြသည့်အတိုင်း ကြားသိစေလိုသည့်အတွက်ကြောင့်ဖြစ်ကြောင်း ရှင်းပြနိုင်ပါသည်။ (ဟုတ်တယ်/မဟုတ်ဘူး ဟုသာ အဖြေရနိုင်သည့်)အပိတ်မေးခွန်းများနှင့် (အတည်ပြုချက်ရယူနိုင်သည့်မေးခွန်းများ၏) ကွာခြားချက်ကို သတိထားပါ။
  • > အဖွင့်မေးခွန်းများ ပါဝင်ပါစေ။ ဤမေးခွန်းများသည် သတင်းရင်းမြစ်အား သူ့စိတ်ကူးစိတ်သန်းများကို ခင်းကျင်းပြသရန် အားပေးပေလိမ့်မည်။ အဖွင့်မေးခွန်းများက အင်တာဗျူးကို အရောင်အသွေး စိုစေပြီး ဖွင့်ဆိုရှင်းပြမှုများကို ကြားသိရနိုင်စေပါသည်။ အပိတ်မေးခွန်းများကမူ သတင်းကို အချက်အလက်များဖြင့် အခြေခိုင်စေသောကြောင့် နှစ်မျိုးလုံး ရောစပ်၍ အသုံးပြုသင့်ပါသည်။