၁.၁။ သတင်းအကြောင်းအရာစိတ်ကူးရရန် စာစုံဖတ်ခြင်း


အကယ်၍ သင်သည် သတင်းပညာကို အလေးအနက်ထားသူဖြစ်လျှင် စာဖတ်မည် မဖတ်မည်ကို ရွေးပိုင်ခွင့်မရှိပါ။ မိမိအသက်မွေးဝမ်းကျောင်းအတွက် မဖြစ်မနေ ဖတ်ရမည်သာ ဖြစ်သည်။ စာဖတ်ခြင်းကြောင့် ရေးသားမှုစွမ်းရည် တိုးတက်လာရုံသာမက၊ စာအုပ်များ၊ ဆောင်းပါးများမှ ဟိုတစ်စသည်တစ်စ ဗဟုသုတများကြောင့် စနစ်ယန္တရားများ၏ လည်ပတ်ပုံသဘာဝကို နားလည်လာပါလိမ့်မည်။ ထိုအခါ အမြင်မတော်သောအရာများကိုလည်း ပို၍ သတိထားမိလာပါလိမ့်မည်။ ကိုယ်ထံ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာမည့် သတင်းအချက်ကို အချိန်ဖြုန်းကာ ထိုင်စောင့်နေခြင်းထက် ကိုယ့်ဗဟုသုတအခြေခံကို ပိုမိုကျယ်ပြန့်စေမည့် သတင်းအချက်အလက်သစ်များကို အမြဲမပြတ် ရှာဖွေနေသင့်ပါသည်။

အမေရိကန်ပြည်ထောင်စုအခြေစိုက် အကျိုးအမြတ်မရှာသည့်အဖွဲ့တစ်ခုဖြစ်သော စုံစမ်းဖော်ထုတ်သူ သတင်းထောက်များနှင့် အယ်ဒီတာများအဖွဲ့မှ အမှုဆောင်ဒါရိုက်တာဟောင်း ဘရန့်ဟူစတန်က ဒေသတွင်းသတင်းစာကလေးများ၌ပင် စုံစမ်းဖော်ထုတ်စရာလေးများ ရှိနေကြောင်း မှတ်မှတ်သားသား ပြောခဲ့ဖူးသည်။ ဥပဒေကြောင်းကိစ္စ အခပေးကြော်ငြာများ၊ ဥပမာ အမည်ပြောင်း၊ ဂိုထောင်ရှင်း အထူးလျှော့ဈေး၊ တင်ဒါခေါ်ယူခြင်း စသည်တို့ကို သေချာကြည့်ကာ ဘာဖြစ်ပျက်သည်၊ ဘာကြောင့်ဖြစ်သည်ကို ရှာဖွေနိုင်သည်။ ဖော်ပြခံရပြီးသားသတင်းများ၏ နောက်ဆက်တွဲဖြစ်ရပ်များကို ဆက်၍ သတင်းလိုက်ခြင်းမျိုးကို သတင်းသမားများ သိပ်မလုပ်မိကြချေ။ စာဖတ်သူများကို စစ်တမ်းကောက်ယူရာ၊ အုပ်စုလိုက်ဆွေးနွေးရာတွင် စာဖတ်ပရိသတ်များက နောက်ဆက်တွဲသတင်း ဖတ်ချင်ကြကြောင်း တွေ့ရသည်။ ပြတ်တောင်းပြတ်တောင်း သတင်းကလေးများ တွေ့ရပြီး နောက်ပိုင်း ဘာတွေ ဖြစ်သေးသလဲ၊ ဘာ့ကြောင့်ဖြစ်ရသလဲ၊ အဖြစ်အပျက်၏နောက်ကွယ်မှာ ဘာတွေရှိနေသလဲ စသည်တို့ကို သူတို့ သိလိုကြသည်။ ထို့ကြောင့် ဘာကြောင့် ညာကြောင့်ဟု မပါရှိသည့် သတင်းများ၊ အကြောင်းအရာတစ်ခုဆိုတစ်ခု ကွက်ကွက်ကလေး ရေးထားသည့်သတင်းများကို အထူးသတိထားမိရန် လိုသည်။ တစ်ကမ္ဘာလုံး သို့မဟုတ် တစ်နိုင်ငံလုံးနှင့်ဆိုင်သော နေ့ထူးနေ့မြတ်များနှင့် ပတ်သက်၍ ရေးရိုးရေးစဉ် သတင်းရေးသားခြင်းထက် အခြားတစ်ဖက်မှ မည်သို့ရေးသားဖော်ပြနိုင်ကြောင်း မျက်စိထောက်ထောက် ကြည့်နေရန်လိုသည်။ ဥပမာအားဖြင့် အစိုးရက ပစားပေးပြောဆိုခဲ့သည့် ဆောက်လုပ်ရေးစီမံကိန်းတစ်ခု နောက်ပိုင်းတွင် ဘာတွေဆက်ဖြစ်သွားသလဲဟူသော အခြေအနေများကို စာစုံဖတ်ခြင်းအားဖြင့် ခြေရာခံနိုင်မည်ဖြစ်သည်။

ထို့ပြင် ငြီးငွေ့ဖွယ်ဟု ထင်ရသည့်တိုင် အစိုးရနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများက ထုတ်ဝေသည့် အစီရင်ခံစာများကိုလည်း ဖတ်ရှုသင့်သည်။ ရင်းမြစ် အကန့်အသတ်ရှိခြင်း၊ ပထဝီဒေသကွာခြားခြင်းတို့ကြောင့် ပင်လယ်ရပ်ခြား နိုင်ငံများမှ ထုတ်ဝေမှုများကို လက်လှမ်းမမီနိုင်သည့်တိုင် ကမ္ဘာတစ်လွှားမှ ကိုယ့်လုပ်ငန်းနှင့် ဆက်နွယ်မှုရှိသည့် အကြောင်းအရာများကို မျက်ခြေမပြတ် သိထားရပါမည်။ သံရုံးများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများတွင် အခမဲ့ ဖတ်ရှုနိုင်သော စာကြည့်တိုက်များ၊ စာဖတ်ခန်းများ ထားရှိတတ်သဖြင့် သတင်းများကို မျက်ခြေမပြတ် စောင့်ကြည့်နိုင်မည် ဖြစ်သည်။

စုံစမ်းဖော်ထုတ်ခြင်းအတွက် နေ့စဉ်လုပ်ဆောင်ရမည့် နောက်ထပ်ကိစ္စတစ်ခုမှာ နယ်ပယ်ပေါင်းစုံမှ အသိအကျွမ်းများနှင့် ပုံမှန် စကားပြောဆိုခြင်းဖြစ်သည်။ ကောင်းမွန်သည့်ဆက်ဆံရေး တည်ဆောက်ထားခြင်းဖြင့် အခြားသတင်းထောက်များ လက်မဦးခင် သတင်းအကြောင်းအရာကို စိတ်ကြိုက်ရေးသားနိုင်သည့် အခွင့်အလမ်းကို ရရှိရန် တကူးတက ခေါင်းစဉ်တပ်ထားခြင်း မရှိဘဲ ပုံမှန် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ရပါမည်။ မိမိဘက်က လိုအပ်သောအခါမှ ဆက်သွယ်ခြင်းကြောင့် သတင်းရင်းမြစ် ပုဂ္ဂိုလ်များသည် အသုံးချခံနေရသည်ဟု ခံစားရတတ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် မိမိ၏ အသိအကျွမ်းကို အလုပ်သဘောအနေဖြင့် ဆက်ဆံခြင်းဖြစ်သည်။ သို့သော် ထိုရင်းမြစ်များအားလုံးမှ သတင်းများသည် သင့်ဆီသို့ အလိုအလျောက် ခုန်ပေါက် လက်ပြ ရောက်ရှိလာမည်မဟုတ်ပါ။ သတင်းအတွက် စိတ်ကူးကောင်းတွေ့ရှိနိုင်ရန် ဖန်တီးနိုင်မှုနှင့် စူးစမ်းစိတ်တို့ ရှိရပေဦးမည်။

နောက်ဆုံးအချက်မှာ Facebook၊ Instagram သို့မဟုတ် Twitter တို့ကဲ့သို့သော လူမှုကွန်ရက်များသည် ခရီးသွားဟန်လွဲ စိတ်ကူးစိတ်သန်းများနှင့် အားကောင်းသော ရှုထောင့်အမြင်များ ရရှိနိုင်သည့် ရင်းမြစ်ကောင်းတစ်ခု ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုတွင် သမ္မတအဖြစ် ဒေါ်နယ်ထရမ့်ကို ရွေးကောက်တင်မြှောက်နောက်ပိုင်း Twitter သည် တစ်ကြော့ပြန် ခေတ်စားလာခဲ့သည်။ အုတ်အော်သောင်းတင်း ထုတ်ပြန်ချက်များ ရှိနေသည်ကလွဲ၍ အခြေခံ အချက်အလက်များ၊ နောက်ဆုံးရ သတင်းများနှင့် ပတ်သက်၍ လက်တလော ပေါ်ပေါက်လျက်ရှိသည့် ကိစ္စများကို တစ်ပုံတစ်ခေါင်း သိရနိုင်သည့် နေရာတစ်ခု ဖြစ်သည်။ ကျွမ်းကျင်ပုဂ္ဂိုလ်များ၊ နိုင်ငံရေးသမားများ၊ အခြားသတင်းသမားများကို Follow လုပ်ထားခြင်းအားဖြင့် ကျေးလက်နေ သတင်းသမားများအတွက် အကျိုးများနိုင်စေမည် ဖြစ်ပါသည်။