၂.၂။ အတင်းအဖျင်းများ ကောလာဟလများကို ကိုင်တွယ်ခြင်း


ချဲ့ကားပြောရာမှ အမှန်ထင်လာကြသည့် စကားများကို တွေ့ရနိုင်သည့်ထဲတွင် မည်သည်ကမျှ လမ်းဘေးအသံလွှင့် အစီအစဉ်များထက် မပိုနိုင်ပါ။ လမ်းဘေးအသံလွှင့်အစီအစဉ် ဆိုသည်မှာ လမ်းဘေးဈေးသည်များ၊ တက္ကစီမောင်းနှင်သူများနှင့် ခရီးသည်များ၊ ဂေါက်ဖ်အိတ်ထမ်းသူ ကယ်ဒီသမားများ၊ နိုင်ငံရေးသမားများ၏ မိတ်ဆွေနှင့် လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းများ၊ ရဲများ၊ အိမ်ခြံမြေပွဲစားများ၊ အရက်ဘားနှင့် ကဖေးဆိုင်များမှ ဖောက်သည်တော်ကြီးများအကြား တွင်ကျယ်နေသည့် အတင်းအဖျင်းများကို ဆိုလိုသည်။ ယုံတမ်းစကားများက သတင်းတု သတင်းမှားများကို ထွက်ပေါ်စေနိုင်သည်လည်း သေချာလေ့ကျင့်သားဝ,နေသည့် သတင်းထောက်မျက်စေ့ဖြင့် ကြည့်နိုင်ပါက ထိုကောလာဟလများက တကယ့်ရေစီးကြောင်းများ၊ အပြောင်းအလဲများကို လမ်းညွှန်ပေးနိုင်လေသည်။ မကြာခင်က ပျောက်ခြင်းမလှ ပျောက်သွားကြသည့် မိန်းကလေးငယ်များသည် လူကုန်ကူးနေသည့် အဖွဲ့တစ်ခုခုနှင့် သက်ဆိုင်နေသလား။ အိမ်မှာနေရင်း အရက်ချက်ကာ အလွန်အကျွံသောက်စားနေသူများ ရှိကြသလား။ စီးပွားရေးသမားတစ်ယောက်သည် ကောက်ခါငင်ခါ အသုံးအဖြုန်းရပ်သွားသလား။ ထိပ်သီးနိုင်ငံရေးသမားတစ်ယောက်က အထက်တန်းလွှာမှ ရာဇဝတ်ကောင် တစ်ဦးဦးနှင့် ပလဲပနံသင့်နေသလား။ လမ်းဘေးအသံလွှင့်အစီအစဉ်များက ထိုအကြောင်းများကို ပြောပြနိုင်သည်။ သို့သော် သတင်းသမားတစ်ဦးကမူ မည်သည့်အတွက်ကြောင့် လူအများ ထိုသို့ထင်မြင်ယုံကြည်နေသလဲဟု မိမိကိုယ်မိမိ မေးခွန်းထုတ်ကြည့်သင့်သည်။ ထိုအခါတွင် ကိုယ့်နိုင်ငံအတွင်းမှာ မည်သို့သောခေတ်ကာလမျိုးသို့ ရောက်ရှိနေပြီလဲဟု မေးခွန်းထုတ်နိုင်သည်။

အထက်မှာ ဆိုခဲ့သလိုပင် ကောလာဟလများကို မှန်ကန်ကြောင်း သက်သေပြ၊ အတည်ပြုချက်ယူရမည်က ပထမအဆင့် ဖြစ်သည်။ မိမိသိထားသည့် သတင်းရင်းမြစ်များနှင့် ပြောဆိုစိစစ်ကြည့်နိုင်သည်။ ထို့နောက် ပျောက်ဆုံးသွားသည့် မိန်းကလေးငယ်များနှင့် ပတ်သက်၍ ရဲဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားချက်ကဲ့သို့ တရားဝင် သတင်းအချက်အလက်များကို ရနိုင်သမျှ ရှာဖွေစုဆောင်းရမည်။ အသုံးအဖြုန်းရပ်သွားသည့် စီးပွားရေးသမား၏ ဝန်ထမ်းများကို စီးပွားရေးလုပ်ငန်းကိုင်ငန်း မည်သို့အခြေအနေရှိကြောင်း မေးမြန်းကြည့်ရမည်။ ငွေကြေးဆိုင်ရာ လေ့လာသုံးသပ်သူနှင့် ဈေးကွက်၏ ရေစီးကြောင်းအကြောင်း စကားပြောဆိုကြည့်ရမည်။ ကောလာဟလတစ်ခုတွင် ခိုင်မာသောအထောက်အထား တွေ့ရသည်နှင့် နောက်ထပ် များများစားစား ဖော်ထုတ်ရန် စတင်ပြင်ဆင်ရတော့မည်။