၁.၃။ နည်းနာဗေဒ


သတင်းရင်းမြစ်ပုဂ္ဂိုလ်များ၊ စာရွက်စာတမ်းများကို သူ့နေရာနှင့်သူ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ရုံဖြင့် ရှေ့ဆက်ရမည့် ခရီးလမ်းက အမြဲဖြောင့်တန်းနေသည် မဟုတ်ပါ။

“နည်းနာဗေဒ (Methodology)” ဟူသောစကားလုံးသည် ပညာရပ်ဆိုင်ရာ သုတေသနများ၌ မကြာခဏတွေ့ရသော ဝေါဟာရတစ်ခုဖြစ်သည်။ ထိုစကားလုံးသည်ပင် သင့်စုံစမ်းဖော်ထုတ်မှုကို ဆောင်ရွက်ရာတွင် အသုံးပြုရမည့် ချဉ်းကမ်းနည်းလမ်းတစ်ခုလည်း ဖြစ်သည်။ သင့်အနေဖြင့် စာရွက်စာတမ်းများကို သုံးသပ်ဆန်းစစ်ခြင်း၊ တိုက်ရိုက် အင်တာဗျူးများ ပြုလုပ်ခြင်း၊ သတင်းပေါ်ပေါက်ရာ နေရာသွားသို့ ကိုယ်တိုင်သွားရောက်လည်ပတ်ခြင်းတို့အပါအဝင် နည်းလမ်းပေါင်းများစွာကို သုံးစွဲရဖို့ ရှိပါသည်။ မည်သည့် သတင်းအရင်းအမြစ်များကို အသုံးပြုမည်၊ မည်သည့်နည်းလမ်းအတွက် မည်မျှ အချိန်ယူမည်၊ တွေ့ရှိချက်များကို မည်သို့ တိုက်ဆိုင်စစ်ဆေးမည် စသည်တို့ကို ဆုံးဖြတ်ရမည်။

နည်းနာဗေဒနှင့်အညီ စီမံဆောင်ရွက်ခြင်း၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုကတော့ ဖြစ်နိုင်ဖွယ်ရှိသော အတားအဆီးများကို လက်ခံတွေးတောခြင်း ဖြစ်သည်။ အချို့သော စာရွက်စာတမ်းများကို သင်မရ၊ သို့မဟုတ် အချို့သော သတင်းရင်းမြစ်ပုဂ္ဂိုလ်များက ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်နေကြသည်ဟု ယူဆကြည့်ကြပါစို့။ နောက်တစ်ဆင့် (ဒုတိယအစီအစဉ်) အနေဖြင့် ဘာလုပ်မည်နည်း။ အလားတူ သက်ရောက်မှုရှိသည့် သက်သေပြချက်ကို ရယူနိုင်ရန်အတွက် အခြားအထောက်အထားများ ရရှိအောင် သင်မည်သို့ ဆောင်ရွက်ပါမည်နည်း။

သင့်တွင် နည်းနာဗေဒတစ်ခု တည်ဆောက်ထားပြီးသောအခါ စုံစမ်းဖော်ထုတ်မှုအတွက် အချိန်ဇယားတစ်ခုကို ရေးဆွဲပြီး၊ ကုန်ကျစရိတ်များကို တွက်ချက်ထားနိုင်မည်ဖြစ်သည်။ ထိုအချိန်ဇယားတွင် သင့်စုံစမ်းဖော်ထုတ်မှု မည်မျှကြာရှည်မည်၊ မှတ်တမ်းစာရွက်စာတမ်းများကို မွှေနှောက်ရန်၊ တွေ့ဆုံမေးမြန်းရန်၊ အင်တာနက်ပေါ်တွင် ရှာဖွေရန်၊ သတင်းရေးသားရန် အချိန်မည်မျှသုံးမည်တို့ကို ကြိုတင်မှန်းဆ ရေးဆွဲထားရမည်။

များစွာသော လုပ်ငန်းဆောင်တာများအတွက် အချိန်ယူရသလို သင့်အချိန်ဇယားရေးဆွဲရာတွင် နောက်ထပ်ထည့်စဉ်းစားရမည့် အပိုင်းနှစ်ခုမှာ အပြီးသတ်ရက်နှင့် ပြိုင်ဘက်များအား အနိုင်ယူခြင်းတို့ဖြစ်သည်။ သတင်းတစ်ပုဒ်ကို ထုတ်ဝေမည့် ရက်တစ်ခုသတ်မှတ်လိုက်ပြီးသည်နှင့် လက်ကျန်အချိန်အတွင်းမှာ လိုအပ်သည့် အင်တာဗျူးနှင့် သုတေသနများအတွက် အချိန်ဇယားထဲကို နောက်ကြောင်းပြန် ဖြည့်သွင်းရမည်ဖြစ်သည်။ အခြားတစ်ဖက်မှလည်း မိမိ၏ သတင်းစိတ်ကူးစိတ်သန်းကို အယ်ဒီတာသို့တင်ပြလျှင် မည်သည့်အချိန်တွင် သတင်းရေးသားပြီးစီးနိုင်မည်ဟူသည်ကို ထည့်သွင်းပြောကြားရမည်။ ထိုသို့ အချိန်သတ်မှတ်ချက်နှင့် လုပ်ကိုင်ပါမှ မိမိလိုအပ်သည့်အချိန်ကို ညှိနှိုင်းနိုင်ရန် ဆုပ်ဆုပ်ကိုင်ကိုင် ပြောဆိုနိုင်ပေမည်။

အကယ်၍ သင့်သတင်းအကြောင်းအရာသည် လူအများစိတ်ဝင်စားဖွယ်ဖြစ်လျှင် အခြားသော ပြိုင်ဘက်မီဒီယာများကလည်း ထိုသတင်းကို လိုက်နေပေလိမ့်မည်။ ထိုအခါ လျှင်မြန်စွာ ထုတ်ဝေနိုင်ရန်အတွက် ဖိအားများ ထပ်မံပေါ်ပေါက်လာနိုင်သည်။ သို့သော် စုံစမ်းဖော်ထုတ် သတင်းရေးသားမှုသည် အလောတကြီးနှင့် အချိန်ချုံ့ကာ လုပ်သင့်သည်မဟုတ်။ ထိုသို့ပြုပါကလည်း ဥပဒေကြောင်းအရ နောက်ဆက်တွဲများသို့ ဦးတည်သွားနိုင်သည်။ အချိန်ဇယားနှင့် လုပ်ကိုင်ပါမှ သတင်းအစအဆုံး မပြီးပြတ်သေးစေကာမူ အစောဆုံးအဆင့်တစ်ခု၌ ရှေ့နောက်ကိုက်ညီမှုရှိသည့်၊ အရေးကြီးသည့် သတင်းကို ဆစ်ပိုင်း ထုတ်ဝေထားနိုင်မည်ဖြစ်သည်။