အခြားသော ဆက်သွယ်ရေးဖြစ်စဉ်များကဲ့သို့ပင် အင်တာဗျူးတစ်ခုသည် နှစ်လမ်းသွားဖြစ်စဉ်တစ်ခု ဖြစ်သည်။ အင်တာဗျူးတစ်ခုမှ မည်သည့်အပိုင်းကို ကောက်နှုတ်ဖော်ပြနိုင်သလဲဟူသော အချက်သည် သင့်သတင်းရင်းမြစ်သာမက သင်ကိုယ်တိုင်အပေါ်ပါ မူတည်သည်။ အင်တာဗျူးကောင်းတို့မည်သည် စကားလက်ဆုံကျသည်နှင့် တူသည့်အပြင် သင်သိလိုသည့် အဖြေများကို ရစေမည့် မဟာဗျူဟာအစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်သည်။

အင်တာဗျူးမစတင်မီကပင် သတင်းအကြောင်းအရာနှင့် သင့်သတင်းရင်းမြစ်၏ဆက်နွယ်ပုံတို့ကို ကြေညက်စွာ သုတေသန ပြုထားသင့်သည်။ ထိုသို့သုတေသနပြုရာတွင် အကြောင်းအရာ၏ နောက်ခံအခြေအနေ သို့မဟုတ် သမိုင်းကြောင်းတို့ ပါဝင်သည့် စာရွက်စာတမ်းများ၊ ဆောင်းပါးများကို ဖတ်ရှုထားရမည်။ ဤနည်းဖြင့် မေးခွန်းများကို ပါးနပ်စွာ ဆင်တတ်သလို အသေးစိတ်ရှင်းပြချက်များကိုလည်း ရရှိနိုင်ရန် အထောက်အကူဖြစ်ပါလိမ့်မည်။ လူအများစုနှင့် အင်တာဗျူးလုပ်နိုင်ရန် ပြင်ဆင်ထားရမည်။ သို့မဟုတ်ပါက လူအနည်းငယ် သို့မဟုတ် သတင်းရင်းမြစ်အချို့ပေါ်တွင်သာ တည်မှီအားကိုးထားရသောကြောင့် တကယ့်အရေးကြီသည့်အပိုင်းများနှင့် မနီးစပ်ဘဲ ဖြစ်သွားနိုင်သည်။ ဥပမာအားဖြင့် အလုပ်ရှင်များက ဝန်ထမ်းများအပေါ် မည်သို့ခေါင်းပုံဖြတ်သည်ကို ဖော်ထုတ်နိုင်ရန်အတွက် လယ်ယာလုပ်သားများ၊ စက်မှုလုပ်ငန်းလုပ်သားများ သို့မဟုတ် ကာယလုပ်သားများကို နစ်နာကြေးမပေးဘဲ အလုပ်ဖြုတ်ပစ်သည့် ဖြစ်စဉ်များကို မေးမြန်းနိုင်သည်။ မြို့ကြီးပြကြီးရှိ NGO တစ်ခုတွင် လုပ်ကိုင်နေသည့် ဝန်ထမ်းတစ်ဦးတည်းအပေါ် အားကိုးအားထားပြုခြင်းအားဖြင့် ထိုသတင်းအချက်အလက်မျိုးကို ရနိုင်မည်မဟုတ်ချေ။ မြေပြင်တွင် တွေ့ရသည့် အချက်အလက်များကို ထိုကိစ္စနှင့်ပတ်သက်သည့်မူဝါဒစာတမ်းများ၊ တရားဝင်ကတိပြုလွှာများနှင့် ဘတ်ဂျက်များနှင့် နှိုင်းယှဉ်ဆက်စပ်၍ သုံးသပ်နိုင်သည်။ ထို့ပြင် သင့်တွေ့ရှိချက်များကို အလားတူနေရာများ၌ သို့မဟုတ် အတိတ်သမိုင်းတစ်လျှောက် ဖြစ်ပျက်ခဲ့သည်များနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ ဤပြင်ဆင်မှုသည် ဆီလျော်သည့်မေးခွန်းများကို မေးနိုင်စေသည့်အပြင် သင့်သတင်းအတွက် လိုအပ်လျက်ရှိသော အရေးကြီးသတင်းအချက်အလက်များကိုလည်း ဖော်ထုတ်နိုင်ပေမည်။