၁.၁။ တွေ့ဆုံမေးမြန်းရမည့်သူများကို ချဉ်းကပ်ခြင်း


သတင်း၏ရည်ရွယ်ချက်ပေါ်မူတည်၍ (အချို့သူများက ရိုင်းသည်ဟု ယူဆတတ်ကြသည့်) ချိန်းချက်ထားခြင်းမရှိဘဲ တွေ့ဆုံပြောဆိုခြင်း သို့မဟုတ် ကိုယ်ပိုင်အတွေ့အကြုံရှိဖူးသူတစ်ဦးထံသို့ ဖုန်းဖြင့် ဆက်သွယ်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ အကယ်၍ သတင်းရင်းမြစ်တစ်ဦးသည် ဖုန်းပိတ်ထားခြင်း သို့မဟုတ် ချိန်းဆိုမှုကို ပယ်ချခြင်းတို့ကို ဆက်တိုက်ကြုံလာရပါက ထိုပုဂ္ဂိုလ်၏ ရုံး/အလုပ်အနီး စောင့်ကြည့်နိုင်မည့် နေရာတစ်ခုတွင် သွားစောင့်နေခြင်း၊ သို့မဟုတ် ထိုပုဂ္ဂိုလ် ရောက်လေ့ရှိသည်ဟု သင်သိထားသည့် အများပြည်သူ သွားလာရာ နေရာများတွင် သွားရှာခြင်းတို့ကို ပြုလုပ်နိုင်သည်။ သို့သော် ဤမဟာဗျူဟာကြောင့် သင့်သတင်းရင်းမြစ်က အမြင်လွဲမှားသွားနိုင်သဖြင့် သူ့အား ချုံခိုတိုက်ခိုက်သည့် အမူအရာမျိုးမပေါ်စေရန် သတိရှိရပေမည်။ သင့်ကိုယ်သင် ယဉ်ယဉ်ကျေးကျေး မိတ်ဆက်ပြီး သင်နှင့် စကားပြောခွင့်ရလျှင် များစွာကျေးဇူးတင်မိမည်ဖြစ်ကြောင်း သိစေရပါမည်။ အကယ်၍ သတင်းရင်းမြစ်က သင့်ကို သံသယဝင်နေပုံရလျှင် ထိုပုဂ္ဂိုလ်၏ အသိုင်းအဝိုင်းထဲမှ တံခါးဖွင့်ပေးသူတစ်ယောက်ယောက်ကို သင်လိုပေလိမ့်မည်။ ကုမ္ပဏီ၊ အဖွဲ့အစည်း သို့မဟုတ် အစိုးရဌာနတစ်ခုခုသို့ အင်တာဗျူးရန် ခွင့်တောင်းတိုင်း သတင်းစာတိုက်မှတဆင့် တရားဝင် ချဉ်းကပ်တောင်းဆိုမှုပြုသည်ကို လိုလားတတ်ကြသည်။ ယဉ်ကျေးဖွယ်ရာရှိခြင်းက ခရီးရှည်ဆက်နိုင်စေပါသည်။

တစ်ဦးဦးကို ဖုန်းခေါ်ဆိုမှု သို့မဟုတ် တွေ့ဆုံမှုမပြုမီ အရေးကြီးသည့် အချက်အလက်များ ပါဝင်သည့် မိတ်ဆက်စကားတိုတို တစ်ခုကို လေ့ကျင့်ဇာတ်တိုက်ထားခြင်းက သင့်အတွက် အသုံးဝင်ပါလိမ့်မည်။ ဤအဆင့်တွင် သူတို့အား သင်သည် သတင်းသမားတစ်ဦးဖြစ်ကြောင်း မည်သည့်အဆင့်တွင် ပြောဆိုရမည်ကို ကြိုစဉ်းစားထားရန်လည်း လိုပါသည်။ မည်သည့် အခြေအနေများတွင် သင့်အား သတင်းထောက်ဟု မသိစေဘဲ အခြားအလုပ်အကိုင် (ဥပမာ – အရောင်းကိုယ်စားလှယ်) အဖြစ် သိစေသင့်ကြောင်းကိုလည်း စဉ်းစားရပါမည်။ သူတို့ လက်ခံသဘောကျစေရန် သင့်ကိုယ်သင် မည်သို့အသွင်ယူပါမည်နည်း။

လူတစ်ဦးအား သာမာန် စကားထွေရာပြောဆိုနေသည့် ပုံစံမှ နောင်ဆက်သွယ်ရမည့် သတင်းရင်းမြစ်တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားအောင် မည်သို့ ပြောင်းလဲယူရမည်ကို လေ့ကျင့်ပါ။ ဆွေးနွေးရမည့်အကြောင်းအရာများကို စာရင်းပြုစုပြီး အစီအစဉ်တစ်ခု ရေးဆွဲထားပါ။ မည်သည့်အကြောင်းအရာဆိုလျှင် ထိုပုဂ္ဂိုလ်က စိတ်ဝင်စားမည်နည်း။ သူ့အလုပ်ခွင်တွင် ပေါ်ပေါက်နေသော ကိစ္စများကို သတင်းရင်းမြစ်က စိတ်ဝင်စားစေရန် မည်သို့ အားပေးရမည်နည်း။ ရာထူးကြီး အစိုးရဝန်ထမ်းတစ်ဦး သို့မဟုတ် အရက်ဘားဝန်ထမ်းတစ်ဦးနှင့် စကားပြောဆိုရန် မည်သို့ကွဲပြားစွာ ချဉ်းကပ်မည်နည်း။ မည်သည့်နည်းများ ရှိသနည်း။ နိစ္စဓူဝ သို့မဟုတ် ထပ်ခါတလဲလဲ အလုပ်မျိုး လုပ်ကိုင်နေရသူများ၏ အသိဉာဏ်ကို မည်သည့်အခါမျှ လျှော့မတွက်ပါနှင့်။ သင့်အတွက် လိုအပ်မည့်အချိန်ပမာဏကိုလည်း တိတိကျကျနှင့် လက်တွေ့ကျစွာ သတ်မှတ်ထားဖို့လိုပါသည်။ အစိုးရဝန်ကြီးတစ်ဦးအတွက် ၁၅ မိနစ်ဟူသောအချိန်သည် အလွန်များပါသည်။ သို့သော် ထိတ်လန့်ခြောက်ခြားဖွယ်ရာအတိတ်ဆိုးများနှင့် ကြုံဖူးသူတစ်ဦးအဖို့တော့ စကားတစ်ခွန်းထွက်လာဖို့ တစ်ရက်မကပင် ကြာနိုင်ပါသည်။

အကယ်၍ သတင်းရင်းမြစ်က မေးခွန်းကြိုတင်ပေးပို့စေလိုကြောင်း တောင်းဆိုလာပါက သင့်ဘက်မှ ရှောရှောရှူရှူမဟုတ်ဘဲ လက်ခံပေးရပါမည်။ သို့သော် ယေဘုယျအားဖြင့် ဤနည်းကို နည်းကောင်းဟုတော့ မဆိုနိုင်ပါ။ သင်ပါဝင်လိုသည့်အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် ခြုံငုံစေနိုင်မည့် မေးခွန်းတစ်စုံ ပို့နိုင်ခြင်းရှိမရှိ စစ်ဆေးပါ။ အဖြေပေးနိုင်ရန် အချက်အလက်များ ပြန်လည်စုစည်းဖို့ အချိန်ယူရမည့် ကျွမ်းကျင်သူများမှအပ မေးခွန်းများ ကြိုတင်ပေးပို့ထားခြင်းကြောင့် လုပ်ဇာတ်ဆင်ထားသော၊ တမင်ဖန်တီးထားသော အင်တာဗျူးမျိုးသာ ရရှိနိုင်ပါလိမ့်မည်။ အကယ်၍ မေးခွန်းများ ကြိုတင်ပေးပို့ရမည်ဆိုလျှင်ပင် နောက်ဆက်တွဲမေးခွန်းများ မေးခွင့်ပြုရန် ကြိုတင်ခွင့်တောင်းထားပါ။

သတင်းရင်းမြစ်တစ်ဦးက သင်နှင့်တွေ့ဆုံရန် ငြင်းဆန်သော်လည်း ထုတ်ပြန်ကြေညာချက်တစ်စောင် ပြန်လည်ပေးပို့သည့်အခြေအနေမျိုးလည်း ရှိနိုင်သည်။ ထိုအခါ ထိုထုတ်ပြန်ကြေညာချက်ကို သင့်သတင်းတွင် အဆီလျော်ဆုံးထည့်သွင်းနိုင်မည့်နည်းလမ်းကို အယ်ဒီတာနှင့် ဆွေးနွေးညှိနှိုင်းရပေမည်။ အကြံပြုလိုသည့် ပုံသေနည်းတစ်ခုကတော့ ‘တွေ့ဆုံမေးမြန်းရန် ခွင့်တောင်းမှုကို ငြင်းဆန်ခဲ့ပြီး အောက်ပါထုတ်ပြန်ကြေညာချက်ကို သတင်းစာတိုက်သို့ ပေးပို့ခဲ့ပါသည်’ ဟု ဖော်ပြကာ ထုတ်ပြန်ကြေညာချက်အပြည့်အစုံကို ဖော်ပြလိုက်ခြင်းဖြစ်သည်။

သတင်းရင်းမြစ်က သင်နှင့်စကားပြောဆိုရန် ဆန္ဒရှိသည့်အခါ သင့်တော်သည့်နေရာတစ်ခုကို ရွေးချယ်ပါ။ ထိုပုဂ္ဂိုလ်၏ အိမ် သို့မဟုတ် ရုံးသည် သူတို့ပိုင်နက်နယ်ဖြစ်သောကြောင့် သူတို့အတွက် စိတ်ပိုင်းဆိုင်ရာ အသာစီးအခြေအနေ အနည်းအကျဉ်းကို ရရှိစေပါလိမ့်မည်။ သို့သော် ထိုသို့သောနေရာများသည် သူတို့အတွက် သက်သောင့်သက်သာ ရှိစေပြီး သူတို့၏အခြေအနေကို တွေ့မြင်ခွင့် ရစေနိုင်သည်။ သင့်ရုံးခန်းသည် သင့်အတွက် စိတ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အသာစီးရမှုကို ဖြစ်စေနိုင်သော်လည်း သူတို့အတွက် လုံခြုံသည်ဟူသောခံစားမှု မပေးစွမ်းနိုင်သော အများသူငါ သွားလာလှုပ်ရှားလျက်ရှိသည့် နေရာတစ်ခုဖြစ်နေပေလိမ့်မည်။ အင်တာဗျူး၏ သဘောသဘာဝကို တွေးတောပြီး အများသူငါရှိသောနေရာ သို့မဟုတ် သီးသန့်ဆန်သော နေရာတစ်ခု မည်သည်က ပိုမိုအဆင်ပြေမည်လဲ၊ မည်သည့်အနေအထားဖြင့် အင်တာဗျူးပြုလုပ်လိုသလဲ၊ အင်တာဗျူးအသံဖမ်းယူမှုကို အနီးဝန်းကျင်မှ ဆူညံသံများက မည်သို့နှောင့်ယှက်နိုင်သလဲ စသည်တို့ကို တွက်ဆကြည့်ပါ။

အထူးအင်တာဗျူးများအတွက် အင်တာဗျူးဖြေဆိုမည့်သူက နောင်အခါကျမှ ထည့်မပြောမိလေခြင်းဟု မဖြစ်စေရန် အီးမေးလ် သို့မဟုတ် ဖုန်းဖြင့် အသေးစိတ်အချက်အလက်များကို အတည်ပြုချက် ရယူပါ။ သင့်ကို ပြန်ဆက်သွယ်ပါမည်ဟု ကတိပေးထားသည့် အတွင်းရေးမှူးများ ဆက်သွယ်လာမည်ကို စောင့်မနေပါနှင့်။ တုံ့ပြန်မှု ရရှိနိုင်ရန် သင့်တော်သည့်အချိန်တစ်ခုသတ်မှတ်၍ ပြန်လည်ဆက်သွယ်ပါ။ စိုက်လိုက်မတ်တတ်ရှိပါ။ သို့သော် အနှောင့်အယှက်ပေးရာ မကျပါစေနှင့်။