၂။ အင်တာဗျူးများကို ကိုင်တွယ်ခြင်း


သတင်းသမားများသည် ခပ်ညံ့ညံ့မီဒီယာများ၏ဒဏ်ကို မကြာခဏ ခံကြရသည်။ သတင်းသမားများသည် စပ်စုလွန်းသည်၊ သည်းခြေကြိုက်ကိစ္စများကို အရေးစိုက်ကြသည်၊ ကန့်လန့်တိုက်နေသည်၊ အလုပ်ကြိုးစားသူများကို အလုပ်တာဝန် ပျက်အောင်လုပ်သည်၊ လေးစားမှုမရှိ စသဖြင့် တံဆိပ်ကပ်ခံကြရသည်။ ရံဖန်ရံခါတွင် ထိုသို့ စွပ်စွဲပြောဆိုကြသည်ကလည်း အခြေအမြစ်မဲ့တော့ မဟုတ်။ ထိုသို့သော အပျက်သဘောဆောင်သည့် ယူဆချက်များကို ဆန့်ကျင်နိုင်ရန်မှာ ဂုဏ်သိက္ခာရှိရှိ၊ ကျင့်ဝတ်သိက္ခာနှင့်ညီအောင် ကျင့်သုံးနေထိုင်ဖို့ ဖြစ်သည်။ ရိုင်းပြခြင်း၊ မဖြစ်နိုင်သည့် အရာများကို တောင်းဆိုခြင်းတို့အား မပြုပါနှင့်။ သင့်ကိုယ်သင် သတင်းအချက်အလက် သိခွင့်ရှိသူအဖြစ် ယုံကြည်ခြင်းခံထိုက်အောင်၊ သတင်းရင်းမြစ်သာမက ကျန်တစ်လောကလုံးက မလိုမုန်းထားရှိသည်ကိုပင် လက်သင့်ခံနိုင်သူဖြစ်အောင် ပြုမူနေထိုင်ရပါမည်။

လူအများစုက သင့်ကို လူကောင်းလူရိုးအဖြစ် ယုံကြည်လိုကြပေမည်။ ထိုသို့ဆိုလျှင် သင့်သတင်းရင်းမြစ်များနှင့် ဆက်ဆံရာတွင် ထိုအခြေခံပေါ်မှ မည်သည့်အတွက်ကြောင့် မစတင်နိုင်ရပါမည်နည်း။ မေးခွန်းများကို စကားပလ္လင်ခံရာတွင်လည်း “ဒီကိစ္စက ဘယ်လို သဘောသဘာဝရှိတယ်ဆိုတာ ကျွန်တော်/ကျွန်မ တကယ်ပဲ နားလည်ချင်နေတာ” သို့မဟုတ် “ဒီပြဿနာအကြောင်းကို လူ့အဖွဲ့အစည်းအတွက် အကျိုးကျေးဇူးရှိအောင်လို့ ရှင်းပြပေးလို့ ရမလား” စသဖြင့် ထည့်သွင်းပြောဆိုခြင်းအားဖြင့် အပြုသဘောဆောင်သောရလဒ်များ ပေါ်ထွက်လာနိုင်ပါသည်။ များစွာသော အတွေ့အကြုံတို့အရ သတင်းရင်းမြစ်များက သတင်းအချက်အလက်မျှဝေရခြင်းမှာ အများပြည်သူအကျိုးအတွက်ဟု လက်ခံယုံကြည်နေလျှင် သတင်းသမားအား ကူညီလေ့ရှိကြစမြဲဖြစ်သည်။

သတင်းစာများသည် နိုင်ငံ၏ စတုတ္ထမဏ္ဍိုင်ဖြစ်သည်ဟု တခမ်းတနား တံဆိပ်ကပ်ကြလေ့ရှိသော်လည်း ယင်းက မဟာဗျူဟာကိစ္စတစ်ခုမျှ မဟုတ်ပါ။ အစိုးရဝန်ထမ်းများ၏ လုပ်ကိုင်ဆောင်ရွက်မှုများကို စောင့်ကြည့်ရန်ဟု မည်သည့်သတင်းသမားကိုမျှ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်လိုက်သည်လည်း မဟုတ်ပါ။ သတင်းသမားများသည် အရပ်သားလူ့အဖွဲ့အစည်းတစ်ခု၏ အစိတ်အပိုင်းများသာ ဖြစ်သည်။ ထိုသို့ဖြစ်သည့်အလျောက် ပြည်သူတို့၏အကျိုးကို နိုင်ငံတော်က အသေအချာ ဆောင်ရွက်အောင် လုပ်ရမည့် ဝတ္တရားတစ်ရပ်ကို မျှ၍ သယ်ပိုးခြင်းမျှသာ ဖြစ်သည်။ ဤအနေအထားတွင် သတင်းစာ သို့မဟုတ် ရုပ်သံထုတ်လွှင့်မှုဌာနကဲ့သို့ လူထုဆက်သွယ်ရေးလမ်းကြောင်းများနှင့် အကျွမ်းတဝင် ဖြစ်နေရခြင်းမှာ သတင်းသမားတို့၏ အခွင့်ထူးခံမှုလည်း မဟုတ်ပါ။ အထူးသဖြင့် ရှေ့တွင်တစ်မျိုး၊ ကွယ်ရာတစ်မျိုးပြုခြင်း သို့မဟုတ် ဥပဒေကို လက်တစ်လုံးခြားလုပ်ခြင်း သို့မဟုတ် ချိုးဖောက်ခြင်း စသည်နည်းများဖြင့် ထင်ရာစိုင်းနေသည့် စီးပွားရေးလုပ်ငန်းများ သို့မဟုတ် အကျင့်ပျက်ခြစားနေသည့် နိုင်ငံရေးသမားများကို ဖော်ထုတ်ရန် ကြိုးစားရာတွင် သတင်းသမားများသည် သိမ်မွေ့သော၊ အရိုးခံဖြစ်သော၊ ဖြစ်နိုင်သမျှ ပွင့်လင်းမြင်သာမှုရှိသော နည်းလမ်းများကို ကျင့်သုံးရန် အရေးကြီးပါသည်။

ထိုသို့ စွမ်းဆောင်နိုင်ရန်အတွက် သင့်ကိုယ်သင် သတင်းစာသမားဟူသည့် ဘောင်ကို မကျော်မိစေရန် အောက်ပါမေးခွန်းများကို သင့်ကိုယ်သင် မေးမြန်းကြည့်ရပါမည်။ စုံစမ်းဖော်ထုတ်လျက်ရှိသော ပုဂ္ဂိုလ်၏နေရာတွင် မိမိကိုယ်တိုင်ဖြစ်နေလျှင် မည်သို့ရှိမည်နည်း။ တစ်လောကလုံးအပေါ် သို့မဟုတ် သတင်းသမားများ၏ အခန်းကဏ္ဍအပေါ် မည်သို့ ရှုမြင်မိလိမ့်မည်နည်း။ မိမိကိုယ်တိုင်ကရော မည်မျှ တာဝန်ခံမှု ရှိပါသနည်း။ စုံစမ်းဖော်ထုတ်လျက်ရှိသည့် အလားတူဖြားယောင်းသွေးဆောင်မှုများနှင့် ကြုံရပါက မိမိကိုယ်တိုင်ကရော တင်းခံနိုင်ပါမည်လား။ မိမိအပေါ် ထိန်းကျောင်းမှုများကရော မည်သည့်နေရာတွင် ရှိသနည်း။