၂.၁။ အင်တာဗျူးအတွက် အခြေခံစည်းမျဉ်းများ


အချိန်မီရောက်ပါစေ

အကယ်၍ သင် နောက်ကျမှရောက်ရှိပါက သင့်သတင်းရင်းမြစ်နှင့် ခပ်စိမ်းစိမ်းဖြစ်သွားနိုင်ပါသည်။ အချိန်ဆုံးရှုံးရသည့်အပြင် တောင်းပန်ရသည့်အတွက်လည်း ထပ်အချိန်ကုန်ပါလိမ့်ဦးမည်။ အင်တာဗျူး၏ အစဦးဆုံး အချိန်များကိုလည်း အမောတကောနှင့် အာရုံစူးစိုက်မပြုနိုင်ဘဲ စတင်ရပါလိမ့်မည်။

သင့်တင့်စွာ ဝတ်စားဆင်ယင်ပါ

ဝတ်စားဆင်ယင်မှုနှင့်ပတ်သက်သည့်စည်းမျဉ်းများက ယခင်ကလောက် မတင်းကြပ်တော့သော်လည်း ပထမဦးဆုံး တွေ့ဆုံရာတွင် သင့်သတင်းရင်းမြစ်က အမြင်မစိမ်းစေရန် သတိထားရပါမည်။ ကာလဒေသနှင့် လိုက်လျောညီထွေစွာ ဝတ်စားဆင်ယင်ကာ ရှိသင့်ရှိအပ်သော လေးစားမှုကို ပြသ၍ မိမိ၏ ဘဝနေထိုင်မှုဟန်ပန် သို့မဟုတ် အမြင်ကို ထင်ရှားစေခြင်းမရှိသည့် ကြားနေမှုကို ပြသဖို့လိုပါသည်။

ထိုင်မည့်နေရာ ရွေးချယ်ပါ

လိုအပ်ပါက သင့်မှတ်တမ်းရယူမှုကိရိယာများ ထားရှိရန် (ဥပမာ – “ဒီနားမှာထားလိုက်ရင်တော့ အသံပိုပြီး ကြည်မှာပဲနော်…” စသဖြင့်) ခွင့်တောင်းပါ။ သတင်းရင်းမြစ်နှင့် အကြည့်ချင်းဆုံကာ စကားပြောဆိုနိုင်မည့် အနေအထားတစ်ခုကို ရွေးချယ်ရန် လိုပါသည်။ သို့သော် မျက်နှာချင်းဆိုင် တည့်တည့် ထိုင်ခြင်းကတော့ စိန်ခေါ်သည့် ထိပ်တိုက်တွေ့သည့်သဘော သက်ရောက်စေပါသည်။ တည့်တည့်ထိုင်မည့်အစား သင့်သတင်းရင်းမြစ်နှင့် ဟိုဘက်ဒီဘက် ၄၅ ဒီဂရီမျှ စောင်း၍ ထိုင်ပါ။ သင်နှင့် အင်တာဗျူးခံရမည့်သူကြားတွင် စာအုပ်ပုံ သို့မဟုတ် ဖွင့်ထားသည့် laptop စသည့် အတားအဆီးများ ကာဆီးနေခြင်းကို ရှောင်ရှားပါ။ အိအိစက်စက် ဆိုဖာများက စာရေးမှတ်သားရန် အခက်တွေ့စေတတ်သည့်အပြင် ဇိမ်ကျလွန်းပါသည်။

အသင့်အတင့် အကြည့်ချင်းဆုံမိပါစေ

တစ်ဖက်သား၏ မျက်နှာထားသွင်ပြင်မူရာကို မြင်ရနိုင်ပါက ပို၍ စကားလက်ဆုံကျစေပါသည်။ အကယ်၍ သင်က မှတ်စုများ ချရေးနေပါက ထိုသို့မြင်ရဖို့ ခက်ပါလိမ့်မည်။ သို့သော် အလျဉ်းသင့်သလိုဖြစ်စေ၊ မေးခွန်းမေးမြန်းရာတွင်ဖြစ်စေ အကြည့်ချင်းဆုံမိစေဖို့ သတိရပါ။ အကယ်၍ သင်က မေးခွန်းစာရွက်ကိုဖတ်ကာ မေးနေပါက သင့်သတင်းရင်းမြစ်က သင့်အား အင်တာဗျူးသိပ်မမေးဖူးသူ ဖြစ်ရမည်ဟု အထင်ရောက်ကာ ယုံကြည်မှု ကျဆင်းစေပါသည်။ သို့မဟုတ် သတင်းရင်းမြစ်က ပြောဆိုနေသမျှကို ဂရုတစိုက် မရှိသည့်သဘောဖြစ်သွားပြီး ရိုင်းပြသည့်အမူအရာဟု မှတ်ယူကာ သူတို့၏ လိုလားမှုနှင့် စိတ်ဝင်စားမှုတို့ကို ထိခိုက်နိုင်ပါသည်။

ကိုယ်နေဟန်ထားကို သတိပြုပါ

အကျောက်အကန်ဖြစ်နေသည့် သွင်ပြင်မူရာမျိုးသည် ရှောင်ရှားလိုသည့် သင်္ကေတဖြစ်ပြီး ပိုမိုခက်ခဲသည့်မေးခွန်းများ တွန်းမေးသင့်ကြောင်း အချက်ပြလာကြောင်းလည်း ဖြစ်သည်။ သတင်းရင်းမြစ်က နာကျင်မှု၊ စိတ်သက်သာမှု၊ ရွှင်မြူးမှု၊ ဒေါသထွက်မှုတို့ကို ပြသလာလျှင်ဖြစ်စေ ယင်းတို့ဖြင့် တုံ့ပြန်လာလျှင်ဖြစ်စေ သူတို့၏ အရိပ်အကဲကို စောင့်ကြည့်နေပါ။

မှတ်တမ်းယူမှု မယူမှု

‘မှတ်တမ်းရယူခြင်း’(on the record) ဟူသည်မှာ ပြောဆိုလိုက်သည့်သတင်းအချက်အလက်များအားလုံးကို အသုံးပြုနိုင်သည်ဟု သတင်းရင်းမြစ်က ဆိုလိုခြင်းဖြစ်သည်။ ‘အလွတ်ပြောဆိုခြင်း (ဝါ) မှတ်တမ်းမယူခြင်း’(off the record) ဆိုသည်ကမူ ထိုသတင်းအချက်အလက်အား မည်သူမည်ဝါက ပြောလိုက်ပါသည်ဟု ဖော်ပြခြင်းမရှိဘဲ အသုံးပြုနိုင်သည်ဟု ဆိုလိုသည်။ ‘နောက်ခံအခြေအနေကို နားလည်စေခြင်း’(background only) ဆိုသည်မှာ ထိုသတင်းအချက်အလက်များကို သင် နားလည်ဆက်စပ်ကြည့်နိုင်ရန် ပြောပြခြင်းသာဖြစ်ပြီး ဖော်ပြခြင်းမပြုပါနှင့်ဟု အဓိပ္ပာယ်ရသည်။ ထိုသို့သော မှတ်တမ်းယူမှု မယူမှု သဘောတူညီချက်များသည် ဥပဒေအရ အခိုင်အမာ စည်းနှောင်မှု မရှိပါ။ သို့သော် သတင်းသမားများနှင့် သတင်းရင်းမြစ်များအကြား ဘုံလက်ခံထားသည့် လောကဝတ်တစ်ခုပင် ဖြစ်သည်။

အင်တာဗျူးတစ်ခုလုံး(သို့မဟုတ် အချို့သောအစိတ်အပိုင်းများ)ကို မှတ်တမ်းယူနိုင်သည် သို့မဟုတ် မယူနိုင် ဟူသည်ကို သတင်းရင်းမြစ်ထံမှ အတည်ပြုချက်ရယူပါ။ အထိအရှလွယ်သောအကြောင်းအရာများနှင့်ပတ်သက်သည့် သတင်းများကို ထုတ်ဝေရာတွင် သေချာစွာ သိရှိနားလည်ကာ လက်ခံသဘောတူမှုရှိရန် အရေးကြီးပါသည်။ အကယ်၍ အလွတ်သဘော အင်တာဗျူးပြုလုပ်နေခြင်း ဖြစ်ပါက လိုအပ်လာသည့်အခါတွင် မှတ်စုစာအုပ် သို့မဟုတ် အသံဖမ်းစက်ကို ထုတ်၍ “အဆင်ပြေမယ်ဆိုရင် ကျွန်တော်/ကျွန်မတို့ အခုဆွေးနွေးနေတာလေးကို အသံဖမ်းထားလို့ရမလား သို့မဟုတ် ချမှတ်ထားလို့ရမလား” ဟု မေးပါ။ အကယ်၍ တကူးတက အင်တာဗျူးနေခြင်းဖြစ်ပါက လက်သွက်သွက်ဖြင့် အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ လိုပါသည်။ မှတ်စုချရေးခြင်း သို့မဟုတ် အသံဖမ်းယူခြင်းများသည် အချို့သောသတင်းရင်းမြစ်များအတွက် စိတ်အနှောင့်အယှက်ဖြစ်စေသည်ကို အမြဲသတိထားပါ။ အသံဖမ်းစက်ကို မမြင်ကွယ်ရာတွင် မထားပါနှင့်။ သို့သော် ရေးမှတ်ခြင်း သို့မဟုတ် အသံဖမ်းခြင်းများကို အနှောင့်အယှက်မဖြစ်စေဘဲ ပြုလုပ်နိုင်ရန် ကြိုးစားပါ။ အကယ်၍ သူတို့က မေးမြန်းလာပါက ဖြစ်နိုင်သမျှ တိတိကျကျဖြစ်စေလိုသဖြင့် မှတ်တမ်းရယူထားခြင်းဖြစ်ကြောင်း ရှင်းပြပါ။

အမြဲတမ်း မှတ်စုချရေးပါ

မှတ်စုချရေးခြင်းအားဖြင့် သင့်ကို အာရုံစူးစိုက်မှုရရှိစေသလို အသံဖမ်းစက်တွင် ပါဝင်မည်မဟုတ်သည့် အမူအရာများ၊ ဘေးပတ်ဝန်းကျင်အခြေအနေနှင့် သွင်ပြင်ဟန်ပန်များကိုပါ မှတ်သားထားနိုင်စေမည် ဖြစ်ပါသည်။ ထို့ပြင် အသံဖမ်းယူမှုများ တစ်စုံတစ်ရာ အလွဲအချော်နှင့် ကြုံတွေ့ရပါကလည်း အရံသိမ်းဆည်းမှတ်သားထားရာ ရောက်ပါသည်။ တိကျရန်နှင့် သူတို့၏ပြောဆိုချက်များနှင့် သင့်လေ့လာသုံးသပ်မှုများအကြား ကွဲကွဲပြားပြားရှိဖို့လည်း လိုပါသည်။

ကြားနေသဘောဖြင့် မေးမြန်းပါ၊ အဖွင့်မေးခွန်းများကို အသုံးပြုပါ

စိတ်ပညာရှင်များ၏ အကြံပြုချက်တစ်ခု ရှိပါသည်။ ယင်းမှာ မိမိကိုယ်တိုင်က အဖြေပေးနေမိလျက်သား ဖြစ်စေသည့် မေးခွန်းများကို ရှောင်ရှားရန်ပင်ဖြစ်သည်။ “ဒီလိုလုပ်တာကတော့ အာဏာပါဝါကို အလွဲသုံးစားလုပ်တာပဲ မဟုတ်ဘူးလား” ဟု မေးရမည့်အစား “သူတို့က အာဏာပါဝါကို ဒီလိုသုံးလိုက်တော့ ခင်ဗျား/ရှင့် စိတ်ထဲမှာ ဘယ်လို ခံစားရလဲ” ဟု မေးပါ။ သင့်သတင်းရင်းမြစ်က စိတ်ထက်ထက်သန်သန် ရှိလာရန်လည်း ကြိုးစားရပေလိမ့်မည်။ သို့သော် ထို့အတွက် “ဘာဖြစ်လို့လဲ၊ ဘာ့ကြောင့်လဲ” ဟူသည့် စကားလုံးကို တိုက်ရိုက်မသုံးသင့်ပါ။ တိုက်ရိုက်သုံးခြင်းအားဖြင့် စွပ်စွဲပြောဆိုရာ သို့မဟုတ် မယုံသင်္ကာရှိရာ ကျပါလိမ့်မည်။ “သတင်းစာတွေထဲမှာ အဲ့သလို ဖော်ပြကြတော့ ခင်ဗျား/ရှင်က ဘာဖြစ်လို့ စိတ်ဆိုးရတာလဲ” ဟု မေးမည့်အစား “သတင်းစာတွေထဲမှာ ရေးလို့ ခင်ဗျား/ရှင်က စိတ်ဆိုးတယ်လို့ ပြောတယ်နော်။ အဲ့ဒီအကြောင်းလေးများ နည်းနည်းထပ်ပြီး ပြောပြပါဦးလား” ဟု မေးပါ။

ဆိတ်ဆိတ်နေခြင်းသည် မကောင်းသည့်ကိစ္စ မဟုတ်ပါ

သင့်မေးခွန်းကို သတင်းရင်းမြစ်က ဖြေဆိုပြီးသည့်အခါ နောက်မေးခွန်းတစ်ခုသို့ မဆက်မီ အနည်းငယ် နားပါ။ အင်တာဗျူးတွင် မရပ်မနား စကားပြောဆိုရန် မလိုပါ။ အကယ်၍ သင့်မေးခွန်းကို ဖြေဆိုရန် အင်တာဗျူးဖြေဆိုသူမှ အချိန်ယူလိုက ယူပါစေ။ အကယ်၍ သူ့အဖို့ သူ့ခံစားချက်များမှ ပြန်လည်အေးဆေးသက်သာသွားစေရန် အချိန်ယူလိုပါကလည်း တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းပြီးမှ နောက်မေးခွန်းတစ်ခုမစမီ “ရှေ့ဆက်ပြောကြတော့မလား” ဟု မေးပါ။

စိတ်ဝင်စားသည့်အမူအရာ ပြပါ

သင့်အင်တာဗျူးအတွင်းတွင် သင်ကြားရသည့်အချက်များအားလုံးနှင့်ပတ်သက်၍ အစဉ်မပြတ် တုံ့ပြန်မှု ပြသသင့်ပါသည်။ သင့်မှတ်စုထဲတွင် သင့်တုံ့ပြန်ချက်များကိုလည်း ချရေးထားပြီး ထပ်ဖြည့်မေးရမည့်မေးခွန်းများ ပြုစုရာတွင် သုံးပါ။ ဤအဖြေက မိမိလိုလားသည့်အဖြေ ဟုတ်သလား၊ ဤအချက်ကို မိမိ နားလည်သလား၊ ဤပြောဆိုချက်ကို မည်သို့သုံးရပါမည်နည်း ဟူ၍ သင့်ကိုယ်သင် မေးမြန်းပါ။ အင်တာဗျူးတစ်ခု ပြီးသွားသည်နှင့် ဒုတိယတစ်ကြိမ် ထပ်ခါမေးမြန်းရန် အလွန်ခက်ခဲနိုင်ပါသည်။ အကယ်၍ သင့်ဘက်မှ သုတေသနပြုထားပြီး ဖြစ်သော်လည်း သတင်းရင်းမြစ်က သင်မျှော်လင့်ထားသည့်အကြောင်းအရာကို ထည့်သွင်းပြောဆိုခြင်းမရှိပါက စိတ်မပျက်ပါနှင့်၊ လက်မလျှော့ပါနှင့်၊ အကြောင်းအရာကို ပြောင်းလဲလိုက်ခြင်းမပြုပါနှင့်၊ ရှေ့ဆက်ကြိုးစားပါ။ သူတို့၏ အမြင်သစ်များကို တုံ့ပြန်ပြီး နောက်ဆက်တွဲမေးခွန်းများ မေးမြန်းပါ။ ထင်ကြေးဖြင့် သင်ယူဆထားသည့် သတင်းတစ်ပုဒ် မဖြစ်,ဖြစ်အောင် သတင်းရင်းမြစ်ကို ဖိအားပေးခြင်း၊ ချောင်ပိတ်မေးမြန်းခြင်း မပြုပါနှင့်။ ထင်မှတ်မထားသော အကြောင်းအရာများကပင် အဆုံးသတ်တွင် သင့်သတင်းကို ပိုမိုအားကောင်းလာစေနိုင်ပါသည်။ အကယ်၍ ထိုအတိုင်း ဖြစ်မလာပါကလည်း သင့်အကြောင်းအရာကို မူလအတိုင်း ပြန်လည်ထားရှိနိုင်ပါသည်။ အကယ်၍ အင်တာဗျူးက မျှော်လင့်ထားသလောက် အခြေအနေမကောင်းလျှင် သို့မဟုတ် အင်တာဗျူးဖြေဆိုသူက ရိုင်းပြလျှင်ပင် သတင်းရင်းမြစ်အပေါ် ဒေါသဖြင့် ဆက်ဆံခြင်းမပြုပါနှင့်။

အချိန်ကို လေးစားပါ

နာရီကြည့်ပါ။ သင်သဘောတူညီမှုရရှိထားသည့် အဆုံးသတ်အချိန်အထိ မေးခွန်းမည်မျှမေးမြန်းနိုင်သည်ကို တွက်ဆပါ။ “နောက်ထပ် မေးခွန်း… ခုလောက် ဖြေဖို့ အချိန်ရဦးမလဲ” ဟု မေးပါ။

အင်တာဗျူးကို လက်စသတ်ပြီးသည်နှင့် အင်တာဗျူးဖြေဆိုပေးသူအား နောက်ထပ်အဆင့်များအကြောင်းကို အတည်ပြု ပြောပြပါ။ “ဒီသတင်းအကြောင်းကို လာမယ့်ကြာသပတေးနေ့မှာ ထုတ်ဝေသွားမှာပါ” ဟူ၍။ သို့သော် သတင်းအား မထုတ်ဝေခင် ပေးဖတ်ပါမည် စသဖြင့် သင် မဖြည့်ဆည်းနိုင်သည့်ကတိများ မပေးပါနှင့်။

သတင်းကို အရှိအတိုင်း တင်ပြပါ

သတင်းသမားကောင်းတို့မည်သည် သတင်းရင်းမြစ်၏ ပြောဆိုချက်များကို ရိုးသားစွာ သုံးကြစမြဲဖြစ်သည်။ သေချာသည်က အင်တာဗျူးပြုလုပ်စဉ်အတွင်း ပြောခဲ့သည့်အချက်များအပေါ် မုသားမသုံးသင့်ပေ။ ထို့ပြင် အင်တာဗျူးပြီးသည့်အခါမှ အဆက်အစပ်မရှိသည့် ကောက်နှုတ်ချက်များကို ဖော်ပြပြီး မေးခွန်းများ သို့မဟုတ် ဖြေကြားချက်များကို ပြောင်းလဲပစ်ခြင်းတို့ကို မပြုလုပ်သင့်ပေ။ အင်တာဗျူးတွင် ဖြေကြားထားသည့်အချက်များကို ရှေ့နောက်ပြောင်းရွှေ့ပါက ပို၍ပင် သတိထားရမည်။ နမော်နမဲ့ဖြင့် ဟိုရွှေ့သည်ရွှေ့လုပ်လိုက်သောကြောင့် အမှန်တရားကို ပုံပျက်ပန်းပျက် ဖြစ်သွားစေနိုင်ပါသည်။ သင့်သတင်းကို ဖော်ပြရာတွင် သတင်းနှင့်သက်ဆိုင်သည့် တုံ့ပြန်ဖြေကြားချက်များကိုသာ ဖော်ပြပါ။ စာဖတ်ပရိသတ်သည် အသိဉာဏ်ရှိသူများဖြစ်သည်။ မည်သည်က အမှန်တရားဖြစ်သည်ကို သူတို့ သိကြပါလိမ့်မည်။