တရားဝင် ပြောခွင့်ရပုဂ္ဂိုလ်များနှင့် ဆက်ဆံရေး(PR) အရာရှိများအပါအဝင် ပြောရေးဆိုခွင့်ရှိသူ (spin doctors) များသည် သတင်းထောက်များနှင့် ထင်ရှားသောပုဂ္ဂိုလ်များအကြား အပြန်အလှန်ဆက်ဆံရေးတွင် အရေးပါသောအခန်းကဏ္ဍများမှ ဆောင်ရွက်လျက်ရှိကြသည်။ တစ်ခါတရံတွင် သူတို့သည် အင်တာဗျူးတစ်ခုကို ကောက်ခါငင်ခါ ဖြေပေးတတ်ကြသည့်အပြင် ထည့်သွင်းပြောဆိုခြင်း မပြုရမည့် အကြောင်းအရာများကိုပင် စာရင်းပြုစုကာ ကြိုပေးထားတတ်ကြသည်။

ယူကေအခြေစိုက် ဂါဒီယန်သတင်းစာမှ သတင်းထောက်ဟောင်းတစ်ဦးဖြစ်သည့် ဒန်းနစ်ဘာကာသည် ဗြိတိသျှ အစိုးရ၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦး (အမည်မဖော်လိုရသည့် အကြောင်းကတော့ မထူးဆန်းလှပါ) က ပြောရေးဆိုခွင့်ရသူများနှင့် ပတ်သက်၍ အောက်ပါအကြံပြုချက်ကို လက်ခံရရှိခဲ့ပါသည်။

သင့်ကိုပေးသော သူတို့၏ အကြောင်းပြချက်က အမှန်အတိုင်း ဖြစ်ပါလိမ့်မည်။ သို့သော် သူတို့က တစ်ခုခု အကြောင်းပြထားသည့်တိုင် သင့်ဘက်မှ မေးစာရှိသည်ကို မေးခွင့်ရှိနေဆဲ ဖြစ်ပါသည်။ “တကယ်လို့ ခင်ဗျား/ရှင်က မပြောချင်ဘူးဆိုရင် ဘယ်သူက ပြောပြနိုင်ပါသလဲ ခင်ဗျာ/ရှင်” ဟူသည်က ဤနေရာတွင် အသုံးဝင်သော မေးခွန်းတစ်ခုဖြစ်သည်။ မကြာခဏဆိုသလိုပင် သင်မေးမြန်းနေသည့် အာဏာပိုင်ပုဂ္ဂိုလ်သည် အထက်အဆင့်မှ ညွှန်ကြားထားသည့်အတိုင်း ဖြေဆိုရခြင်းဖြစ်ပြီး၊ အချို့သော သတင်းအချက်အလက်များကို သူတို့အား ပေးမသိထားသည်လည်း ရှိနိုင်သည်။ တစ်နည်းအားဖြင့် သူတို့က တုံဏှိဘာဝေလုပ်ခြင်း သို့မဟုတ် သူတို့ဘက်မှ ကာကွယ်ပြောဆိုခြင်းတို့ ပြုလာပါက သူတို့အလုပ်ကို သူတို့လုပ်နေရခြင်းပင် ဖြစ်သည်။ ယင်းသည် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်များ၏ ပြဿနာသာဖြစ်ပြီး သင့်ပြဿနာမဟုတ်ပါ။ အစိုးရဟူသည်ကတော့ ခြွင်းချက်အခြေအနေများမှအပ သူတို့မှားနေသည်ကို ဝေဖန်ထောက်ပြခြင်းအား ခွင့်မပြုလိုကြချေ။ အဆိုးဘက်ရောက်သည့် အကြောင်းအရာများကို ပြောဆိုရာတွင် အပြုသဘောဆောင်သည့် အကြောင်းအရာများကိုလည်း ပြောစေခြင်းအားဖြင့် ပြောရေးဆိုခွင့်ရှိသူများအဖို့ ပို၍ ပွင့်ပွင့်လင်းလင်း ရှိလာပါလိမ့်မည်။

အရပ်သား လူ့အဖွဲ့အစည်းထဲတွင် အရေးပါသည်ဟု သတ်မှတ်ထားသည့်ကိစ္စများကို သတင်းထောက်များကလည်း အရေးကြီးသည်ဟုပင် မှတ်ယူကြသည်။ အကယ်၍ ထိုကိစ္စအပေါ် အစိုးရက အရေးမစိုက်သောအခါ ပို၍ပင် စိတ်ပူပင်စရာအဖြစ် ရောက်ရှိလာကြသည်။ “ဘာ့ကြောင့်များ ဒီကိစ္စကို မဆွေးနွေးကြတာပါလဲ” သို့မဟုတ် “ဘာကြောင့် ဒီကိစ္စကို အစိုးရက ဒီထက့်ပိုပြီး ပူပင်စိုးရိမ်မှု မရှိရတာလဲ” စသဖြင့် မေးမြန်းပါ။ သတင်းသမားတစ်ဦး၏ ဦးစားပေးမှုသည် အစိုးရ၏ ဦးစားပေးမှုအတိုင်း ဖြစ်နိုင်မည်မဟုတ်ပေ။ အစိုးရအတွက် ပို၍ကြီးမားသည့် ပူပင်စိုးရိမ်မှုများ ရှိပေလိမ့်မည်။ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တို့ မခံမရပ်နိုင်ဖြစ်ကြရသည်မှာ အသေးစိတ်ကိစ္စလေးများနှင့် ပတ်သက်၍ မေးမြန်းနေမှုများပင် ဖြစ်လေသည်။

စိတ်ကြီးသော လက်သင်သတင်းထောက်ကလေးများ စိတ်ကျေနပ်အောင် လုပ်ရသည်မှာ ပိုမိုတတ်သိနားလည်၍ အတွေ့အကြုံရှိပြီး ခေါင်းအေးသော သတင်းထောက်များထက် ပို၍လွယ်ပေသည်။ ပြောရေးဆိုခွင့်ရှိသူများသည် သတင်းထောက်များက နောက်ဆက်တွဲကိစ္စရပ်များကို မသိချင်ကြဘဲ ယေဘုယျဆန်သည့်ကိစ္စများနှင့်ပင် ကျေနပ်သွားပါစေဟု မျှော်လင့်ထားတတ်ကြသည်။ ဒီကိစ္စမှာတော့ သတင်းခေါင်းစဉ်ကြီးဖြစ်လာစရာ ဘာမှမရှိပါဘူးဟု သူတို့ တွေးနေကြသည့်အချိန်တွင် သူတို့၏ အကျိုးလိုလားမှုအဆင့်ကို လျှော့ချကာ သေချာရှုမြင်သင့်သည်။ တစ်နည်းအားဖြင့် ထိလွယ်ရှလွယ်ဖြစ်သည့်အကြောင်းအရာများကို ရှာဖွေနေသည့် သတင်းထောက်များ မျက်ခြေပြတ်သွားစေရန် သတင်းများကို အရေးမကြီးသယောင် ပြောခြင်းသည်လည်း အရေးကြီးသည့် လှည့်စားမှုနည်းလမ်းတစ်ခုဖြစ်သည်။ သတင်းအချက်အလက်အသစ်များကို ရှာဖွေခြင်းအား အာရုံစိုက်ကာ ငြီးငွေ့ဖွယ်ကောင်းသော အချက်အလက်များကိုပင် စိတ်ရှည်သည်းခံနိုင်သည့် သတင်းသမားများကသာ သတင်းကောင်းများကို ရရှိတတ်ကြသည်။

အကယ်၍ သင့်သတင်းအချက်အလက်က မှားယွင်းနေသည်ဟု ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုလာပါက ဤအတိုင်း လက်မခံလိုက်ပါနှင့်။ “ကျွန်တော်/ကျွန်မ မှားနေတယ်ဆိုရင် တောင်းပန်ပါတယ်၊ ဒါပေမယ့်… ” ဟု အစချီကာ သင့်ပြောဆိုချက်အတွက် အမာခံအချက်အလက်များကို ရရှိနိုင်မည့် နောက်ဆက်တွဲမေးခွန်များကို မေးမြန်းပါ။ အကယ်၍ သူတို့က မေးခွန်းနှင့် တုံ့ပြန်လာလျှင် သူတို့ကိုပင် ပြန်မေးပါ။ အချို့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်များသည် သင့်စူးစမ်းမေးမြန်းမှုကို သူတို့မေးခွန်းများနှင့် လမ်းလွှဲတတ်ပါသည်။ ဥပမာအားဖြင့် အကယ်၍ သင်က “ဝန်ကြီးမှာ လူမှုရေးကိစ္စလေးတွေ သတင်းထွက်နေတာ ဟုတ်ပါသလားခင်ဗျာ” ဟု မေးမြန်းပါက “ရှင်တို့ သတင်းထောက်တွေက ဘာဖြစ်လို့ ဒီကိစ္စကို သဲကြီးမဲကြီး သိချင်နေရတာလဲ” ဟူသောမေးခွန်းဖြင့် တုံ့ပြန်ပေလိမ့်မည်။ ထိုအခါ သင်တုံ့ပြန်နိုင်သည်မှာ “ပြောရေးဆိုခွင့်ရှိသူခင်ဗျား၊ သတင်းထောက်တွေရဲ့အမြင် ဘယ်လိုရှိတယ်ဆိုတာကို ဘယ်သူမှ စိတ်မဝင်စားဘူးဆိုတာ အစ်မကြီးလည်း သိပါတယ်၊ ဒီမေးခွန်းကို မေးရတာက စာဖတ်သူတွေက သဲသဲကွဲကွဲ သိချင်နေကြလို့ပါ၊ ဝန်ကြီးရဲ့ အိမ်ထောင်ရေးအခြေအနေ ဘယ်လိုရှိလဲဆိုတာကို သိချင်လို့ မေးမြန်းထားတဲ့ စာတွေ တောင်လိုပုံနေအောင် ကျွန်တော်တို့သတင်းစာတိုက်မှာ ရောက်နေလို့ပါ” ဟု ဖြစ်သည်။

သင့်မေးခွန်းအတွက် အဖြေမရသေးဟု ယူဆလျှင် “ဖြေတာလေးကို ကျွန်တော်/ကျွန်မ သိပ်ပြီး နားမလည်လိုက်လို့၊ နောက်တစ်ကြိမ်လောက် ပြန်ပြောပြပေးပါလား” သို့မဟုတ် “ကျွန်တော်/ကျွန်မ မေးခွန်းကို အပြည့်အစုံ မဖြည့်ရသေးဘူးလို့ ထင်ပါတယ်” စသဖြင့် ဆက်လက် အဖြေတောင်းပါ။ လုံးဝမဖြေရသေးဟု ပြောလိုက်ခြင်းထက် ထိုသို့ပြောသည်က ပို၍ယဉ်ကျေးဖွယ်ရာ ဖြစ်ပါသည်။ အခြား အကြံပြုနိုင်သည်ကတော့ “ဒီမေးခွန်းကို သိပ်မဖြေချင်လို့လား”၊ “ဒီမေးခွန်းကိုဖြေဖို့ ဘယ်လိုအခက်အခဲများ ရှိပါသလဲ”၊ “ဒီကိစ္စကို ကျွန်တော်/ကျွန်မကို ပြောပြလိုက်ရင် ဘာတွေများ ဖြစ်လာနိုင်ပါသလဲ” သို့မဟုတ် “ဒီကိစ္စကို ဘယ်သူများ ဖြေပေးနိုင်ဦးမလဲ” စသဖြင့်လည်း မေးမြန်းနိုင်ပါသည်။

မေးရကျပ်သောမေးခွန်းများအတွက် နည်းလမ်းပေါင်းစုံကို တွေးထားပါ။ တစ်ခါတရံတွင် ရရန်ခက်သည့် သတင်းအချက်အလက်များကို အကောင်းဆုံး တောင်းသည့်နည်းမှာ ရိုးရိုးကလေး တောင်းကြည့်လိုက်ရန်ပင် ဖြစ်သည်။ သို့သော် ကျွမ်းကျင်သည့် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးက သင့်အား ကာဆီးကာဆီးပြုနေပါက ရိုးရိုးတောင်းကြည့်လျှင် အငြင်းခံရမည့်ကိစ္စများကို အလုပ်ဖြစ်နိုင်သည့် လိမ္မာပါးနပ်သောနည်းလမ်းများကို ရှာဖွေရပေမည်။ ဤတွင် အကြံပြုလိုသည်မှာ “ခင်ဗျား/ရှင့် အနေနဲ့ …. ကို အကြံပြုထားတဲ့ အစီရင်ခံစာ ဖတ်ပြီးပြီထင်တယ်။ ခင်ဗျား/ရှင်က …. လုပ်ထားပြီးပြီလား”၊ “ဒီကိစ္စက သိပ်အဆင်ပြေတဲ့ကိစ္စ မဟုတ်ဘူးလို့တော့ ကျွန်တော်/ကျွန်မ သိထားပါတယ်။ ဒါပေမယ့် ပရိသတ်တွေကလည်း အဲဒီကိစ္စကို ကျွန်တော်/ကျွန်မက စုံစမ်းပေးစေချင်နေတာကြောင့် …”၊ “အဲဒီမှတ်တမ်းကို ကျွန်တော်/ကျွန်မ လက်ထဲရောက်အောင် ကူညီပေးပါ”၊ “လွှတ်တော်မှာ အတိုက်အခံဘက်က ခင်ဗျား … လို့ ပြောထားတာနော်”၊ “…. ကိစ္စနဲ့ပတ်သက်လို့ မှတ်ချက်ပေးချင်သလား” စသဖြင့် သူတို့အား သတိပေးပါ။ သူတို့လုပ်ရမည့် ကိစ္စများကို တိုက်တွန်းလမ်းဖွင့်ပေးပါ။