၃.၃။ အသံခိုးဖမ်းထားသည့် အင်တာဗျူးများ


မီဒီယာအများစုတို့တွင် ခိုးကြောင်ခိုးဝှက် အသံဖမ်းယူခြင်းနှင့်ပတ်သက်၍ တင်းကျပ်သည့် စည်းမျဉ်းစည်းကမ်းများ ရှိတတ်ကြသည်။ အချို့သောနိုင်ငံများတွင်မူ အသံခိုးဖမ်းခြင်းသည် ဥပဒေနှင့်ပင် ငြိစွန်းသည်။ မည်သို့ပင်ဖြစ်စေ သင်လိုအပ်သည့် အထောက်အထားကို ရရှိရန်မှာ ထိုတစ်နည်းသာ ရှိနေနိုင်သည်။ လေ့ကျင့်သားဝခြင်းက အသက်တမျှ အရေးကြီးပါသည်။ အကယ်က သင့်ရင်ဘက်တွင် လျှို့ဝှက်ကင်မရာတစ်ခု တပ်ဆင်ထားလျှင် ကောင်းကင် သို့မဟုတ် လူသွားစင်္ကြန်၏ ပုံများသာ ရရှိပါက အသုံးတည့်မည်မဟုတ်ချေ။ အကယ်၍ အသံတိုးကာ ဗလုံးဗထွေးဖြစ်ပြီး မကြားနိုင်လျှင် သင့်အချိန်နှင့် အရင်းအမြစ်များကို ဖြုန်းတီးပစ်ရာကျပေသည်။ အသံခိုးဖမ်းထားသည့် အင်တာဗျူးများသည် ရုပ်မြင်သံကြား၌ တွေ့ရလေ့ရှိသည့် ရာဇဝတ်မှုဇာတ်လမ်းတွဲများထဲကလောက် မလွယ်လှပါ။ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုအပြင် သင်နှင့် စကားပြောဆိုသည့်သူကို ပြောချင်လာအောင် အားပေးနိုင်သည့် အင်တာဗျူးဟန်ရှိရမည့်အပြင် သင်လိုသည့် သတင်းအချက်အလက်ကို ရရှိအောင်လည်း ဆွဲထုတ်နိုင်ရမည်။ ဤသည်က ဇာတ်ကွက်ချထားသလို၊ တမင်ရည်ရွယ်ကြံစည်နေသလို ပုံပေါ်နေသည့်အတွက် သင့်မဟာဗျူဟာကို သိသွားနိုင်ပေသည်။

အကယ်၍ သင့်သတင်းရင်းမြစ်က သင် အသံခိုးဖမ်းထားသည်ဟု သံသယဝင်ကာ ချက်ချင်းထုတ်မေးလာပါက သင့်ကိုယ်သင် ကာကွယ်နိုင်ရန် မဟုတ်မှန်ကြောင်း ပြောရပါမည်။ သို့သော် ထို့အတွက်ကြောင့် သူတို့၏ပြောဆိုချက်များကို သတင်းတွင်ထည့်သွင်းအသုံးပြုရန် အခက်တွေ့စေနိုင်ပါသည်။ အကယ်၍ သင်က စကားပြောဆိုနေသည်ကို အသံသွင်းထားခြင်းမရှိပါဟု ငြင်းဆိုပါက အမှန်ပင် အသံသွင်းထားခြင်းမရှိဟု ယူဆစေခြင်းကြောင့် ထိုပုဂ္ဂိုလ်က ရှေ့ဆက်ပြောပြလာစေရန် သွေးဆောင်ဖျားယောင်းမှုကို ကျူးလွန်ရာရောက်ပေမည်။ ကမ္ဘာတစ်ဝှမ်းမှ သတင်းမီဒီယာနှင့် ပတ်သက်သည့် ရှေ့နေများက အများပြည်သူအကျိုးစီးပွား ကြီးကြီးမားမား မရှိပါဘဲနှင့် ထိုသို့ (အသံခိုးဖမ်းထားသည့် အင်တာဗျူးများမှ) သတင်းအချက်အလက်များ သုံးစွဲခွင့်ပေးရန် တွန့်ဆုတ်လျက်ရှိကြသည်။