၄။ တွန့်ဆုတ်မှုနှင့် အကြောက်တရားကို ကိုင်တွယ်ခြင်း

၄။ တွန့်ဆုတ်မှုနှင့် အကြောက်တရားကို ကိုင်တွယ်ခြင်း


ဖြစ်ရပ်များစွာတို့တွင် အင်တာဗျူးဖြေဆိုသူများသည် သတင်းမီဒီယာနှင့် စကားပြောဆိုရခြင်းကို ကြောက်ရွံ့နေရလောက်အောင် ခိုင်လုံသည့် အကြောင်းအရင်းများစွာ ရှိနေကြသည်။ အချို့နိုင်ငံများတွင် ‘သစ္စာမဲ့’ မီဒီယာများနှင့် ယင်းမီဒီယာများသို့ သတင်းပေးသူများသည် ဖိအားပေးမှုများနှင့် ပိုမိုဆိုးရွားသည့် အခြေအနေများကို ရင်ဆိုင်ကြရလျက်ရှိသည်။ ထို့ပြင် အင်တာဗျူး ဖြေဆိုသူသည် စိတ်ပိုင်းဆိုင်ရာ နာကျင်မှုများကို ပြန်လည်အစဖော်ရသလို ဖြစ်မည်ကို တွန့်ဆုတ်ခြင်း သို့မဟုတ် သူတို့၏ သတင်းအချက်အလက်များကို အများသူငါ သိရှိသွားခြင်းကြောင့် လူ့အသိုင်းအဝိုင်းထဲရှိ အယူအစွဲများ၊ တီးတိုး အတင်းအဖျင်းပြောခြင်းများ အဖန်ဖန် အထပ်ထပ် ပေါ်ပေါက်လာမည်ကို ကြောက်ရွံ့မှုများ ပေါ်ပေါက်စေနိုင်သည်။ စိတ်ရှည်ရှည်ဖြင့် ဖြောင်းဖျခြင်းသည် အကျိုးရှိသည့် နည်းကောင်းတစ်ခု ဖြစ်သည်။ သို့သော် ထိုသူက ယုံကြည်စိတ်ချသူတစ်ဦးက တွန့်ဆုတ်နေသည့် သတင်းရင်းမြစ်အား သင်နှင့် စကားပြောကြည့်ရန် တိုက်တွန်းပေးခြင်းကတော့ အကောင်းဆုံးနည်းပင် ဖြစ်သည်။

သတင်းရင်းမြစ်က မည်သည့်အရာကို ကြောက်ရွံ့နေသည်ကို ရှာဖွေပါ။ အင်တာဗျူးပြုလုပ်နိုင်ဖို့ သူ့စိုးရွံ့မှုနှင့် သံသယများကို ဖျောက်ဖျက်နိုင်ရန် ကြိုးစားပါ။ သင်မဖြည့်ဆည်းနိုင်သည့် ကတိများကို မပေးမိစေရန်အတွက် အင်တာဗျူး မပြုလုပ်မီ သင့်အယ်ဒီတာနှင့် တိုင်ပင်၍ လုံခြုံမှုပေးနိုင်သည့် နည်းလမ်းများကို အတည်ပြုချက် ရယူပါ။

ပုံနှိပ်ထုတ်ဝေရန် ကောင်းစွာသိရှိနားလည်မှုကို အခြေခံသည့် သဘောတူညီမှု ရယူပါ

‘ကောင်းစွာသိရှိနားလည်မှုကို အခြေခံသည့် သဘောတူညီမှု’ (informed consent) ဆိုသည်မှာ “ခင်ဗျား/ရှင် ပြောတာကို ကျွန်တော်/ကျွန်မတို့ ပုံနှိပ်ထုတ်ဝေတဲ့ထဲ ထည့်မယ်ဆိုရင် အဆင်ပြေမလား” ဟု မေးရုံသက်သက် မဟုတ်ပါ။ ပုံနှိပ်ထုတ်ဝေခြင်းဖြင့် ပေါ်ပေါက်လာမည့် အကျိုးဆက်များ၊ ကြုံလာရနိုင်သည့် အန္တရာယ်များ၊ ပြုလုပ်ထားနိုင်သည့် (သို့မဟုတ် ပြုလုပ်မထားနိုင်သည့်) လုံခြုံရေးအစီအမံများ စသည်တို့ကို သေချာစွာ ရှင်းလင်းအသိပေးပြီးမှ၊ အပြည့်အဝ သိနားလည်ပြီး ထုတ်ဝေရန် သဘောတူညီခြင်းကို ဆိုလိုပါသည်။ ထို့အတွက် သူတို့ကို မခြောက်ပါနှင့်။ ထို့အတူ ဖော့မပြောပါနှင့်။ လူအများက သူတို့၏ သတင်းအချက်အလက်များကို အများသူငါ သိခွင့်ပေးသည်နှင့်အမျှ သတင်းကလည်း ပို၍ အားကောင်းလာမည် ဖြစ်သည်။ ထိုအကြောင်းများကို ရှင်းပြပြောဆိုခြင်းဖြင့် သင်နှင့် သတင်းရင်းမြစ်တို့အကြား ဆက်ဆံရေး ပိုမိုခိုင်မာလာပါလိမ့်မည်။ ထို့ပြင် အချို့သူတို့က သူတို့၏သရုပ်သကန်များကို ဖုံးဖိထားသူ ဖြစ်စေဦးတော့ ပို၍ မှန်မှန်ကန်ကန် ဖွင့်ဟပြောဆိုရဲလာပါလိမ့်မည်။

ထပ်တူလိုက်မခံစားဘဲ ကိုယ်ချင်းစာနာမှုထားပါ

“အရမ်း ကြောက်စရာကောင်းတာပဲနော်၊ သနားစရာပဲနော်” စသည့် မှတ်ချက်များက သင့်သတင်းရင်းမြစ်ကို အားနည်းပျော့ညံ့အောင်၊ ကူကယ်ရာမဲ့ဟု ခံစားရအောင် ချိနဲ့စေပါသည်။ သူ့အဖြစ်အပျက်ကို ပြန်လည်ပြောပြရန် အင်တာဗျူးဖြေဆိုသူအတွက် လုံခြုံမှုရှိသည့် နေရာတစ်ခု စီစဉ်ပေးပါ။ ကြားနေသည့် သဘောထား၊ နားစွင့်ထားသည့် ဟန်ပန်နှင့် သူ့အတွေးများ၊ စိတ်ခံစားချက်များကို ထိန်းသိမ်းစုစည်းရန် အချိန်ပေးခြင်းတို့ကို လိုအပ်ပါသည်။ ပုံမှန် စကားထောက်ပေးပါ။ ခေါင်းညိတ်ပြပါ။ “ဟုတ်ပါပြီ၊ ဆက်ပါဦး …” သို့မဟုတ် “ဆက်ပြောပြပါဦး” စသဖြင့် ပြောပေးပါ။ အကယ်၍ ယဉ်ကျေးမှုနှင့် မဆန့်ကျင်ပါက သူက လက်ကို ကိုင်ပေးထားခြင်း၊ လက်မောင်းကို ခပ်ဖွဖွ ပုတ်ပေးခြင်းတို့သည် အမှားမရှိပါ။ သင့်လူသားဗီဇစိတ်က သင့်ကို လမ်းညွှန်နေပါလိမ့်မည်။

မည်သည့်နေရာတွင် စာရေးရပ်ရမည်ကို သိပါ

ရံဖန်ရံခါတွင် သင်က မှတ်စုရေးနေသည်ကို သတင်းရင်းမြစ်က စိတ်ထဲတွင်အလေးထားနေသောကြောင့် အာရုံပြန့်လွင့်မှုများ ဖြစ်နိုင်ပါသည်။ အကယ်၍ မေးခွန်းတစ်ခုသည် အထိအရှများနိုင်သော အကြောင်းအရာများသို့ ရောက်သွားပါက နားထောင်ရုံသာ နားထောင်နေပါ။ နောင်မှ ပြန်မှတ်စုရေး၍ ရပါသည်။

လေးစားမှုကို ပြသပါ

မေးခွန်းများကို အလောတကြီး မမေးပါနှင့်။ ခံစားမှုပြင်းထန်လာအောင် ဆွပေးသည့်နည်းဖြင့် အင်တာဗျူးဖြေဆိုသူ၏ ဖြေဆိုချက်များကို အတင်းထုတ်ယူနိုင်ဖို့ မကြိုးစားပါနှင့်။ အင်တာဗျူး ဖြေဆိုနေသူ၏ နေရာတွင် သင်ကိုယ်တိုင်ဆိုလျှင် မည်သို့ ခံစားရမည်ကို စဉ်းစားပါ။ ခံစားမှုမဲ့သည့် မေးခွန်းများ မဖြစ်အောင်လည်း သတိထားပါ။

အကွက်စေ့ပါ

အထိအရှရှိနိုင်သည်မှန်သော်လည်း ခက်ခဲသည့် မေးခွန်းများကို မေးရန်တော့ လိုပါသည်။ တစ်ယောက်ယောက်က သူသည် ရက်စက်ကြမ်းကြုတ်သည့် အတွေ့အကြုံများ၏ သားကောင်ဖြစ်ခဲ့သောကြောင့် လုံးဝမမေးသင့်ဟုတော့ မဆိုနိုင်ပါ။ သို့သော် ပုံကြီးချဲ့တတ်သူများ၊ ကြုံတွေ့ခဲ့ရသည့် စိတ်ပိုင်းဆိုင်ရာ နာကျင်ပင်ပန်းမှုများနှင့် ပတ်သက်၍ ပြောဆိုရန် ငြင်းဆန်နေသူများကိုတော့ သတိထားရမည်။ အဖြစ်အပျက်ကို တိကျစွာပြန်လည်ပြောပြနိုင်မည့် စိတ်ပြတ်သားမှုမရှိဘဲနှင့် သင့်စုံစမ်းဖော်ထုတ်မှုကို ရှေ့ဆက်နိုင်မည် မဟုတ်သည်မှာ သေချာပါသည်။ ထို့ပြင် အခြားအင်တာဗျူးအမျိုးအစားများနှင့် နှိုင်းယှဉ်တိုက်ဆိုင်ရမည်ကိုလည်း ဥပေက္ခာမပြုသင့်ပါ။


မေးသည့်သည့် မေးခွန်းကို မေးနိုင်ခြင်းက သင့်သတင်းကို မည်သို့ရေးသားနိုင်သည်ကို အဆုံးအဖြတ်ပေးပါလိမ့်မည်။ သို့သော် သင့်စာဖတ်ပရိသတ်က ရိုးရှင်းလွယ်ကူစွာ နားလည်ဖတ်ရှုနိုင်ရန် ရေးသားခြင်းက ပို၍အရေးကြီးပါသည်။ နောက်တစ်ခန်းတွင် သူမတူအောင်ကောင်းမွန်သည့် သတင်းတစ်ပုဒ် ဖြစ်လာစေရန် သတင်းအချက်အလက်များကို မည်သို့ စီစဉ်နေရာချရမည်ကို ဆွေးနွေးပါဦးမည်။