၁။ စုံစမ်းဖော်ထုတ်မှုတစ်ခုအတွက် အစီအစဉ်ချမှတ်ခြင်း

၁။ စုံစမ်းဖော်ထုတ်မှုတစ်ခုအတွက် အစီအစဉ်ချမှတ်ခြင်း


စိတ်ကူးရသည်နှင့် ချက်ချင်းထကာ စုံစမ်းဖော်ထုတ်မှုကို လုပ်နိုင်သည်မဟုတ်။ သင့်စိတ်ကူးက စမှတ်တစ်ခုမျှသာ ရှိသေးသည်။ စုံစမ်းဖော်ထုတ်မှုသတင်းများသည် လူမှုရေးသဘောအရ တာဝန်ယူမှု ကြီးမားသလို၊ ဥပဒေပိုင်းဆိုင်ရာ ဘေးအန္တရာယ်အမျိုးမျိုးနှင့်လည်း ကြုံကြိုက်ရနိုင်သောကြောင့် ဖြစ်နိုင်သမျှ စေ့စပ်ဖို့၊ တိကျဖို့၊ ခြုံငုံဖော်ပြနိုင်ဖို့ အာမခံနိုင်ရမည်။ ထို့ပြင် စုံစမ်းဖော်ထုတ်သတင်းရေးသားမှုများသည် အစုအဖွဲ့လိုက် အင်အားစိုက်ထုတ်မှုနှင့် ကြီးမားသည့်အရင်းအနှီးများ လိုအပ်လာနိုင်သောကြောင့်လည်း ကောင်းမွန်စွာ ဆက်သွယ်ပြောဆိုနိုင်စွမ်း ရှိရမည်။ သို့ဖြစ်၍ သတင်းကို ဖော်ထုတ်ရေးသားမှုတစ်ဆင့်ချင်းစီတွင် မည်သို့ကြုံလာရမည်ကို ကြိုတင်ပုံဖော်ထားနိုင်ရန် လိုအပ်ပါသည်။

သင့်စိတ်ကူးစိတ်သန်း မည်သည့်နေရာတွင် အရင်းခံသလဲ ဟူသည်က သင့်စီမံကိန်းကို ပုံဖော်ပေးနိုင်မည့် အချက်တစ်ခုဖြစ်သည်။ အကယ်၍ ထိုစိတ်ကူးစိတ်သန်းသည် မိမိ၏ကိုယ်တိုင်အတွေ့အကြုံ၊ မျက်မြင်ကိုယ်တွေ့ ဖြစ်ရပ်တစ်ခုမှ အရင်းခံခဲ့ပါက ထိုအတွေ့အကြုံဖြစ်ရပ်သည် ပိုမိုကျယ်ပြန့်သော ရေစီးကြောင်းတစ်ခု သို့မဟုတ် အကြောင်းကဏ္ဍတစ်ခုကို အတိအလင်း ကိုယ်စားပြုမှုရှိရပေမည်။ အကယ်၍ ထိုစိတ်ကူးစိတ်သန်းသည် ကြားမိသော စကားတစ်ခွန်းမှ စတင်ခဲ့ပါမူ ထိုစကား၏ ရင်းမြစ်မှန်ကန်မှု၊ ယုံကြည်စိတ်ချရမှုနှင့် သတင်းပေးသူက မည်သို့ ရေလာမြောင်းပေးပြုထားသည်ကို စစ်ဆေးပြီးပါမှ ရှေ့ဆက်သင့်သည်။ အကယ်၍ သတင်းရင်းမြစ်များ၏အဆိုသည် စင်းလုံးချော၊ ပြောစရာ ငြင်းစရာ မရှိပါက တစ်ဆင့်တက်ရမည်။ ထိုသို့ရှေ့ဆက်ရမည့်အဆင့်မှာ သတင်းအကြောင်းအရာစိတ်ကူးမှသည် မှန်လျှင်မှန်ကြောင်း၊ မမှန်လျှင် မမှန်ကြောင်း သက်သေပြရမည့် ကနဦးအဆို တစ်ခုအဖြစ်သို့ ပြောင်းလဲလိုက်ရန်ဖြစ်သည်။ ဤရှေ့ဦးအဆင့်ကို ကျောက်ထက်အက္ခရာတင်ထားရန်မလိုပါ။ ထပ်ရလာသည့် အချက်အလက်များ၊ စုံစမ်းဖော်ထုတ်မှုရှုထောင့်များနှင့် လိုက်လျောညီထွေရှိစေရန် အသင့်အတင့် ပြောင်းလွယ်ပြင်လွယ် ရှိရပေမည်။

သတင်းတစ်ပုဒ်သည် မကြာခဏဆိုသလိုပင် အကြောင်းအရာပေါင်းအသင်္ချေကို စုံစမ်းဖော်ထုတ်ရတော့မည့်ပမာ ကျယ်ပြန့်သည့်စိတ်ကူးတစ်ခုမှလည်း စတင်နိုင်သည်။ အမေရိကန်သတင်းစာတစ်စောင်ဖြစ်သည့် အတ္တလန္တာဂျာနယ် – ကွန်စတီကျူးရှင်း မှ စီမံခန့်ခွဲမှုအယ်ဒီတာဟောင်းဖြစ်သော သောမတ်စ်အိုလီဗာက ဤသို့ မှတ်ချက်ပေးဖူးသည်။ “(စုံစမ်းဖော်ထုတ်သတင်းလိုက်တဲ့) တချို့ပရောဂျက်တွေက အကြောင်းအရာတွေ စုံလွန်းတဲ့ဘက် လှည့်သွားတတ်တယ်၊ တစ်ခါတစ်လေဆို ဘာသာရပ်တစ်ခုနဲ့ပတ်သက်လို့ လူတစ်ယောက်သိသင့်သမျှကိစ္စတွေအကုန် မပါ,ပါအောင် ထည့်ထားသလိုပဲ၊ အဲ့ဒါက အားနည်းချက်ဗျ၊ အားသာချက်မဟုတ်ဘူး။”

သတင်းအကြောင်းအရာ စိတ်ကူးစိတ်သန်းတစ်ခုကို ပျိုးထောင်ယူရန်နှင့် မွမ်းမံယူရန် နည်းကောင်းတစ်ခုမှာ ကိုယ်ရေးတတ်သလို ရေးဖို့ပင်ဖြစ်သည်။ သတင်းနောက်ဆုံးမူတွင် မည်သို့ဖြစ်လောက်သည်ဟူသည့် စာပိုဒ်တစ်ပိုဒ်၊ သတင်းအနှစ်ချုပ်တစ်ခုကို ကြိုးစားရေးသားကြည့်ပါ။ ဤသည်မှာပင် သတင်းခန်းတွင်ပျော်မွေ့သူတို့၏စိတ်ကို ဖွင့်လှစ်ပေးနိုင်သော၊ အလားအလာရှိသည့် ဖွင့်ဆိုရှင်းလင်းချက်တွေကို ပုံကြမ်းကောက်ယူနိုင်သော နည်းလမ်းတစ်ခု ဖြစ်သည်။ ထိုသို့ရေးသားနိုင်လိုက်သည့်အခါ သတင်းသည် ဒေသခံပရိသတ်အတွက် အကောင်းဆုံးဖြစ်သလား၊ သို့တည်းမဟုတ် ပြည်နယ်တစ်ခု၊ နိုင်ငံတစ်ခုလုံးနှင့် သက်ဆိုင်နေသလားဟူသည်ကို တွေ့ရပါလိမ့်မည်။ ဤအဆင့်တွင် အောက်ပါမေးခွန်းများကို စဉ်းစားကြည့်ဖို့လိုသည်။

  • > မည်သည်တို့ ဖြစ်ပျက်ခဲ့သနည်း။ ထို အဖြစ်အပျက်များကို စာဖတ်ပရိသတ်တို့က မည်သည့်အကြောင်းကြောင့် ဂရုတစိုက်ရှိနေသင့်သနည်း။
  • > မည်သူတို့ ပါဝင်ပတ်သက်သနည်း။ မည်သို့ ပါဝင်ပတ်သက်ကြသနည်း။ မည်သည့်အကျိုးဆက်များ ပေါ်လာနိုင်သနည်း။
  • > မည်သည့်အပိုင်းတွင် ပြဿနာရှိသနည်း။ မည်သို့ပြဿနာရှိနေသနည်း။ မည်သည့်အကြောင်းကြောင့် ပြဿနာ ရှိရသနည်း။
  • > ဤသတင်းကို ပုံနှိပ်ဖော်ပြခြင်းဖြင့် မည်သူများက အကျိုးရှိကာ မည်သူတို့ ဒုက္ခရောက်နိုင်သနည်း။ အငြင်းအခုံဖြစ်နိုင်သည့် လူမှုလောက၏ တန်ဖိုးထားမှုများ၊ အမူအကျင့် အလေ့အထများအပေါ် ဤသတင်းက အထောက်အပံ့ဖြစ်စေနိုင်မည်လား။ ဤသတင်းကြောင့် စနစ်၏ မှားယွင်းမှု၊ လုပ်ကိုင်ဆောင်ရွက်ပုံ လွဲချော်မှုများကို ထောက်ပြနိုင်မည်လား။

ဤမေးခွန်းများကို ဖြေဆိုကြည့်ခြင်းအားဖြင့် သတင်းကို မည်သို့ရေးသားရမည်၊ မိမိ၏ စုံစမ်းဖော်ထုတ်မှုကို မည်သို့ ကိုင်တွယ်ရမည်ဆိုသည်တို့ကို တွေးတောရာတွင် အထောက်အကူဖြစ်ပါလိမ့်မည်။


ဥပမာအားဖြင့် ရေပေးဝေရေးလုပ်ငန်းကို ပုဂ္ဂလိကမှ ပြုလုပ်ခွင့်ပေးပြီး မကြာမီမှာပင် ဝမ်းပျက်ဝမ်းလျှောရောဂါများ တွင်ကျယ်စွာ ဖြစ်ပေါ်လာသည်ဆိုလျှင် … လူများသည် ပုဂ္ဂလိကပိုင် ကုမ္ပဏီတစ်ခုမှ ရောင်းချသည့်ရေကို ဝယ်ယူနိုင်ခြင်း မရှိသည့်အခါ ရေနှင့်ပတ်သက်၍ မည်သို့တွေ့ကြုံရကြောင်းကို သတင်းရေးသားနိုင်သည်။ ယင်းသတင်းသည် အခြေခံ လူ့လိုအပ်ချက်တစ်ခုကို တတ်နိုင်မှုရှိမရှိ သတင်းတစ်ခု ဖြစ်လာလိမ့်မည်။ သို့မဟုတ် ရေပေးဝေရေး စက်ရုံသို့ သွားရောက်ကာ လုံခြုံဘေးကင်းမှု အစီအမံများ လုံလောက်မှုရှိမရှိ စစ်ဆေးကြည့်နိုင်သည်။ ထိုအခါ လုံခြုံဘေးကင်းရေး၏ အရေးကြီးပုံကို မီးမောင်းထိုးပြသည့် သတင်းတစ်ပုဒ် ဖြစ်လာလိမ့်မည်။ ထိုမေးခွန်းများကို သေချာစွာ စဉ်းစားတွေးတောကြည့်သောအခါ သတင်း၏နောက်ကွယ်၌ မည်သည့် တန်ဖိုးထားမှုကို အသားပေးရမည်ကို ရွေးချယ်နိုင်ပေလိမ့်မည်။

ဤအဆင့်သည်ပင် သတင်းတစ်ပုဒ်က တကယ့် ပြည်သူ့အကျိုးစီးပွားနှင့် စပ်ဆိုင်သလား သို့တည်းမဟုတ် မကောင်းသူထိပ် ကောင်းသူထိပ် မျက်စိမှိတ်ဆော်ပလော်တီးခြင်းသက်သက် ဖြစ်သောကြောင့် လက်ရှောင်လိုက်ရမည်လား ဟူသည်ကို ဆန်းစစ်ရမည့် အဆင့်ဖြစ်သည်။ သင့်သတင်းကျောရိုးကို ပုံဖော်ရာတွင် အနက်အဓိပ္ပါယ် အမျိုးမျိုးအဖုံဖုံ ကောက်ယူနိုင်သည့် လျော့တိလျော့ရဲ ဝေါဟာရများကို ရှောင်ရှားရမည်။ သင့်အတွက် လိုအပ်သည့် အထောက်အထား အစုံအလင်စုဆောင်းပြီးသည့်အခါ လိုက်လျောညီထွေ ရေးသားတင်ပြနိုင်ရန်အတွက် ဤမေးခွန်းများကိုပင် တစ်ကျော့ပြန်မေးမြန်းရပေမည်။