ချိတ်ဆက်ရမည့် သတင်းအရင်းအမြစ်များကို စီစဉ်ပြီးနောက် သင့်ကနဦးယူဆချက်အတွက် အလုပ်ဖြစ်နိုင်လောက်မည့် သက်သေပြချက်ကို ရှာဖွေပါမည်။ ယခုလက်ရှိတွင် ရေပေးဝေရေးစက်ရုံက အရည်အသွေးစစ်ဆေးမှုများကို ယခင်ကထက် နည်းပါးစွာလုပ်ဆောင်နေသည်ဟု သိရရုံဖြင့် လုံလောက်ပြီလား၊ သို့မဟုတ် စစ်ဆေးမှုနည်းပါးသွားသောကြောင့် ဖြစ်လာမည့် နောက်ဆက်တွဲများကိုရော ရှာဖွေရန်လိုအပ်ဦးမည်လား။ အထူးချွန်ဆုံး သတင်းထောက်များသည် မိမိ၏ ယူဆချက်ကို ပံ့ပိုးပေးမည့် အထောက်အထားများကိုသာမက ဝိရောဓိဖြစ်နေသည့် အထောက်အထားများကိုပါ ရှာဖွေကြည့်လေ့ရှိသည်။ ဥပမာပြရလျှင် မူလကတည်းက အလွန်ချမ်းသာက အစိုးရအရာရှိတစ်ဦးသည် ဒေါ်လာတစ်သောင်းမျှ တန်ဖိုးရှိသည့် လာဘ်ငွေကို လက်ခံပါမည်လားဟူသည့် အတွေးမျိုးကို သင့်သတင်းရင်းမြစ်တချို့က ဖေးဖေးမမ တွေးမိကြလျှင်ရော ယင်းသည် အထောက်အထားထဲတွင် ပါသင့်မပါသင့် ဆုံးဖြတ်ရပေမည်။ ထို့ပြင် သင်ရရှိထားသည့် အထောက်အထားများ၏ ယုံကြည်စိတ်ချနိုင်မှုကို ပြည့်စုံမှုရှိရဲ့လား၊ မည်သည့်နေရာက ဤအချက်အလက် ရသလဲ၊ အခြားသတင်းရင်းမြစ်များထံမှ ရရှိသည့် အချက်များစွာနှင့် စပ်ဆက်ကြည့်လျှင် မည်သို့ဖြစ်မည်လဲ ဟူ၍ မပြတ်တမ်း ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်နေဖို့ လိုသည်။

တစ်ချက်တည်းနှင့် အပြည့်အဝ သက်သေခံနိုင်သည့်အရာမျိုး အင်မတန်ရှားပါးကြောင်း သတိထားသင့်ပါသည်။ ရံဖန်ရံခါတွင် သင်စုဆောင်းရရှိထားသည့် အထောက်အထားများကို ပေါင်းစပ်ကြည့်သည့်အခါ ခုတ်ရာတခြား ရှရာတစ်လွဲဖြစ်နေကြောင်း တွေ့ရတတ်သည်။ အရာရာတိုင်းကို သံသယသက်သက်မဟုတ်၊ လက်ဆုပ်လက်ကိုင် ရှိသည်ဟု သက်သေပြနိုင်မည်မဟုတ်ပါ။ ဆိုလိုသည်က သင့်သတင်းက ကွက်ကွက်ကွင်းကွင်းရှိအောင် မည်မျှဖော်ထုတ်နိုင်သည်ဖြစ်စေ ရေပက်မဝင်အောင် အခိုင်အလုံသက်သေပြ၍ မရသေးသည့် သတင်းတစ်ပုဒ်တလေ သင့်တွင် ကျန်ရှိနေပေဦးမည်။ သို့ရာတွင် အချို့အပိုင်းများကို မည်သို့မည်ပုံ စီကုံးရေးသားမည်ဆိုသည်ကို အထူးဂရုပြုဖို့တော့ လိုပေဦးမည်။