၁.၂။ သတင်းရင်းမြစ်များ


သတင်းအရင်းအမြစ်များကို မြေပုံပေါ်တင်ခြင်း – သတင်းဖြစ်စဉ်တစ်ခုတွင် အဓိကပါဝင်ပတ်သက်သူများနှင့် ယင်းတို့၏ ပြုမူလုပ်ဆောင်ချက်များ၊ စာရွက်စာတမ်းအမှတ်အသားများကို ရှာဖွေဖော်ထုတ်ခြင်းသည် စုံစမ်းဖော်ထုတ် သတင်းလိုက်ခြင်း ဖြစ်စဉ်၏ နောက်အဆင့်တစ်ခုဖြစ်သည်။ အစိုးရ၊ ဆေးရုံဝန်ထမ်း၊ စီးပွားရေးလုပ်ငန်းများ၊ မာဖီးယားဂိုဏ်းနှင့် နိုင်ငံရေးသမားများ ဘာလုပ်နေကြသည်ကို အများပြည်သူလက်လှမ်းမီနိုင်သော စာရွက်စာတမ်းအမှတ်အသားများတွင်ပင် တွေ့ရှိနိုင်သည်။ အဆက်အသွယ်စုံရှိပါက သင့်ကနဦးယူဆချက်ကို အတည်ပြုနိုင်ရန် သို့မဟုတ် ချေပငြင်းဆိုရန် အထောက်အကူ ဖြစ်စေပါလိမ့်မည်။ တစ်ခုတည်းသော သတင်းအချက်အလက်အတွက်ပင် လွတ်လပ်သည့်သတင်းအရင်းအမြစ် အနည်းဆုံးနှစ်ခု၏ အတည်ပြုချက်ရရှိရန် သတိထားရမည်။ ထိုသတင်းရင်းမြစ်ပုဂ္ဂိုလ်များသည် နောက်ခံအခြေအနေနှင့်ပတ်သက်၍ ကျွမ်းကျင်သူများ ဖြစ်နိုင်သောကြောင့် သူတို့ကို ဆက်သွယ်နိုင်မည့် အသေးစိတ်အချက်အလက်များကို သင့်လိပ်စာ စာအုပ်ထဲတွင် ချရေးထားမိဖို့ အရေးကြီးပါသည်။

သတင်းအရင်းအမြစ်အမျိုးအစား နှစ်ခု ရှိသည်။ ပင်မသတင်းအရင်းအမြစ်နှင့် တစ်ဆင့်ခံသတင်းအရင်းအမြစ်တို့ ဖြစ်သည်။

ပင်မသတင်းအရင်းအမြစ်များ – မူရင်းသက်သေအထောက်အထားများ သို့မဟုတ် တိုက်ရိုက်ကြုံတွေ့ရသူများသည် ဤသတင်းရင်းအမြစ်အမျိုးအစားများ ဖြစ်ကြသည်။ ဥပမာအားဖြင့် ဆေးရုံတစ်ရုံ၏ နောက်ဖေးပေါက်မှတစ်ဆင့် သူနာပြုဆရာမထံမှ ဆေးဝယ်ခဲ့သည့်လူနာတစ်ဦးက ဆေးမှောင်ခိုဈေးကွက်အကြောင်းကို ဖွင့်ဟနိုင်သည်။ သို့သော် မျက်ကွယ်တွင် သူနာပြုများ မည်သို့လုပ်ဆောင်ကြသည်ကိုတော့ သူ့အနေဖြင့် အသေးစိတ်ပြောပြချင်မည် မဟုတ်။ ရေပေးဝေရေးစက်ရုံ၌ တစ်ပတ်တစ်ကြိမ် သန့်စင်မှုစစ်ဆေးရမည့်အစား တစ်လတစ်ကြိမ်သာ စစ်ဆေးရန် ညွှန်ကြားချက်ပေးခဲ့သော အလုပ်ကြပ်တစ်ဦးသည်လည်း ပင်မသတင်းအရင်းအမြစ်ပုဂ္ဂိုလ်တစ်ယောက်ပင် ဖြစ်သည်။ အစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ဦးထံသို့ နိုင်ငံတကာ လက်နက်ရောင်းဝယ်ရေးကုမ္ပဏီ၏ ငွေပေးချေမှုကို ဖော်ပြထားသည့် ဘဏ်ငွေစာရင်းရှင်းတမ်းသည်လည်း အလားတူ ပင်မသတင်းအရင်းအမြစ်ပင် ဖြစ်သည်။ ပင်မသတင်းအရင်းအမြစ်များသည် မှန်ကန်ကြောင်းအတည်ပြုနိုင်ကာ၊ အတုအပမဟုတ်ကြောင်း သေချာသည်နှင့်အမျှ တိုက်ရိုက်သက်သေခံချက်အဖြစ်သို့ ရောက်ရှိပြီး လွန်စွာတန်ဖိုးရှိသော သတင်းအရင်းအမြစ်များ ဖြစ်လာကြသည်။ သို့သော် ပင်မသတင်းရင်းမြစ် ရှာတွေ့နိုင်ဖို့တော့ အမြဲတမ်း မလွယ်ကူလှပါ။ မြေစာပင်ဖြစ်မည်စိုးရိမ်ကာ သင့်တင့်လျောက်ပတ်သည့် အတွေ့အကြုံရှိထားသောသူများကပင် ထုတ်ပြောရန်တွန့်ဆုတ်နေနိုင်သည်။ ထို့အတူ ဘဏ်ငွေစာရင်းရှင်းတမ်းများ၊ ဆေးရုံမှတ်တမ်းများသည်လည်း ကန့်သတ်စာရွက်စာတမ်းများ ဖြစ်လျှင်ဖြစ်၊ သို့မဟုတ် ပုဂ္ဂလိက လုံခြုံမှုဥပဒေများဖြင့် ကန့်သတ်တားမြစ်ခြင်းကို ခံရနိုင်သည်။

တစ်ဆင့်ခံ သတင်းအရင်းအမြစ်များ – တစ်ဆင့်ခံ သတင်းအရင်းအမြစ်များထဲတွင် အဖွဲ့အစည်းများ၏ အစီရင်ခံစာများအပါအဝင် ပုံနှိပ်ထုတ်ဝေပြီး စာရွက်စာတမ်းများအားလုံး ပါဝင်နိုင်သလို ‘ငါ့အသိတစ်ယောက်ကတော့…’ အစချီ၍ ကြားဖူးသည့်အတိုင်း ပြန်လည်ပြောဆိုချက်များလည်း ပါဝင်သည်။ အထူးသဖြင့် နောက်ခံအခြေအနေကို နားလည်နိုင်ရေး၊ အကြောင်းအရာအရပ်ရပ်ကို ရှင်းပြပြောဆိုနိုင်ရေးနှင့် အဆက်အသွယ်ကောင်းများ စုံစမ်းသိရှိရေးတို့တွင် တစ်ဆင့်ခံသတင်းအရင်းအမြစ်များက အဖိုးတန်လေသည်။ သို့သော် ထုတ်ဝေပြီး စာရွက်စာတမ်းများနှင့် တစ်ဆင့်ခံကြားသိရချက်တို့သည် မှန်ကန်ကြောင်းအတည်ပြုနိုင်မှသာ အထောက်အထားအဖြစ် ကိုးကားအသုံးပြုနိုင်ပေလိမ့်မည်။

ဤနေရာတွင် သတင်းရင်းမြစ်အမျိုးအစားများကို လေးမျိုး ခွဲခြားနိုင်ပြန်သည်။ လူပုဂ္ဂိုလ်၊ စာရွက်စာတမ်း၊ ဒစ်ဂျစ်တယ်နှင့် အများအမြင်တို့ ဖြစ်သည်။

(က) လူပုဂ္ဂိုလ်သတင်းအရင်းအမြစ် – သတင်းပေးရန် လိုလားသည်ဖြစ်စေ၊ တွန့်ဆုတ်သည်ဖြစ်စေ တိုက်ရိုက်ပါဝင် ပတ်သက်သူများ၊ မျက်မြင်သက်သေခံများ၊ ကျွမ်းကျင်သူများနှင့် အကျိုးစီးပွားပတ်သက်သည့် အစုအဖွဲ့များသည် ဤအမျိုးအစားထဲ၌ အကျုံးဝင်သည်။ မိမိချဉ်းကပ်သောသူ၏ အခြေအနေ၊ အကျိုးစီးပွားဆက်နွယ်မှုနှင့် တိမ်းညွှတ်မှုများကိုတော့ သေချာသိရှိထားဖို့ လိုသည်။ ရေပေးဝေမှု ပုဂ္ဂလိကပိုင်ပြုသည့် သတင်းကိုလိုက်ပါက ပုဂ္ဂလိကရေပေးဝေရေးကို ဆန့်ကျင်သည့်အဖွဲ့အစည်းများအား ကိုယ်စားပြုသူများက ဆန့်ကျင်ဘက်ရှုထောင့်မှ သတင်းအချက်အလက်အမြောက်အများ ပေးလာနိုင်သည်။ သို့သော် ထိုသတင်းအချက်အလက်များသည် အထိုင်တစ်ခုမှ ရရှိခြင်းဖြစ်ပြီး ထိုအဖွဲ့အစည်းကိုယ်စားလှယ်များကလည်း များစွာကျယ်ပြန့်သည့် လူအုပ်စုများအတွက် ကိုယ်စားပြု ပြောပေးကြရသည်။ အများ၏အမြင်ကို အနှစ်ချုပ်ပြောဆိုရသည့်အခါ မရည်ရွယ်သော်လည်း အရေးကြီးသည့် အစိတ်အပိုင်းများကို ပြောင်းလဲပစ်ခြင်း၊ ချန်ထားခဲ့ခြင်း၊ ဖွဲ့နွဲ့ပြင်ဆင် ပြောဆိုခြင်းတို့ ဖြစ်လာနိုင်သည်။ ထို့ကြောင့် ရှုထောင့်များများ ရှာတွေ့ထားဖို့လိုသည်။ ရပ်သူရွာသားများနှင့် စကားပြောဆိုသည့်အခါတွင် အမျိုးသမီး၊ အမျိုးသား၊ လူငယ်၊ လူကြီး၊ ဝင်ငွေပမာဏ မတူသူများနှင့် အကျိုးစီးပွားပတ်သက်သည့် အစုအဖွဲ့များစွာတို့ကို ကိုယ်စားပြုနိုင်မည့် လူပုဂ္ဂိုလ်များ၏ အသံများကို ကောက်ယူစုဆောင်းနိုင်ရန် လိုအပ်သည်။ လူစုံတက်စုံ အသံစုံလေ သင့်သတင်းသည်လည်း စစ်မှန်၍ သက်ဝင်လှုပ်ရှားမှုရှိလေ ဖြစ်သည်။

(ခ) စာရွက်စာတမ်းသတင်းအရင်းအမြစ်များ – ဤအမျိုးအစားတွင် စာအုပ်များ၊ သတင်းစာများ၊ ရုံးမှတ်တမ်းများ၊ လမ်းညွှန်စာအုပ်များ၊ စာချုပ်စာတမ်းနှင့် ဘဏ်ငွေစာရင်းရှင်းတမ်းကဲ့သို့ စီးပွားရေးဆိုင်ရာ စာရွက်စာတမ်းများ ပါဝင်သည်။ ထို့ပြင် မီးခိုးရောင်စာရွက်စာတမ်းများလည်း ပါနိုင်သည်။ မီးခိုးရောင်စာရွက်စာတမ်းများဆိုသည်မှာ တွင်ကျယ်စွာပြန့်နှံ့နေသည့်တိုင် ပုံနှိပ်ဖြန့်ချိထားခြင်းမရှိသည့် စာရွက်စာတမ်းများ (ဥပမာ ပုဂ္ဂလိက အဖွဲ့အစည်းတစ်ခု၏ ရှာဖွေလေ့လာတွေ့ရှိချက်၊ ဘွဲ့ကြိုစာတမ်းများ) သို့မဟုတ် ကန့်သတ်ဖြန့်ဝေရန် သတ်မှတ်ထားသည့် အစိုးရစာရွက်စာတမ်းများကို ဆိုလိုသည်။ စာရွက်စာတမ်းများကို ခြေရာခံရာ၌လည်း စိန်ခေါ်မှုတစ်ချို့ရှိသည်။ ရံဖန်ရံခါတွင် ထိုသို့သောအထောက်အထားမျိုး ရှိပါသည်ဟုပင် တပ်အပ်မသိနိုင်။ အများပြည်သူဆိုင်ရာ စာရွက်စာတမ်းအမှတ်အသားများကလည်း ပြန့်ကျဲလျက်။ ပို၍ပင်ဆိုးသည်မှာ သက်ဆိုင်သည့် စာရွက်စာတမ်းများကို မီဒီယာများက ရရှိခွင့်ပြုပေးနိုင်သည့် သတင်းအချက်အလက်လွတ်လပ်မှုဥပဒေ မရှိသည့် အခြေအနေမျိုးဖြစ်သည်။ ထိုသို့သောနိုင်ငံများမှ အစိုးရအရာရှိများသည် အများပြည်သူဆိုင်ရာ သတင်းအချက်အလက်များကို ထုတ်ပြန်ပေးလိုက်လျှင် နောက်ဆက်တွဲဖြစ်လာမည့် အခြေအနေများကို စိုးရိမ်ထိတ်လန့်သောကြောင့် အချက်အလက်ထုတ်ပေးမည့်အရေးကို ဝေ့လည်ကြောင်ပတ် လုပ်တတ်ကြသည်။ သို့ဖြစ်ရာ သင့်သတင်းအတွက် မည်သည့်စာရွက်စာတမ်းများ လိုလိမ့်မည်၊ မည်သည့်နေရာတွင် မည်သို့စုဆောင်းထားရှိသည်၊ မည်သို့ရရှိနိုင်သည်ဟူသော အချက်များကို ကြိုတင်၍ သိရှိနားလည်ထားရန် အရေးကြီးပေသည်။ အကယ်၍ ကြိုတင်ခွင့်ပြုချက် ရရှိရန်လိုအပ်ပါကလည်း စောစောစီးစီးကပင် ခွင့်ပြုချက်တောင်းခံထားရန် လိုပေသည်။ အဘယ့်ကြောင့်ဆိုသော် လိုအပ်သောစာရွက်စာတမ်းများ ရရှိရန် အစိုးရဝန်ထမ်းများက ရက်သတ္တပတ်များစွာမှသည် လချီကြာအောင် အချိန်ယူတတ်သောကြောင့်ဖြစ်သည်။

(ဂ) ဒစ်ဂျစ်တယ်သတင်းအရင်းအမြစ်များ – ဤအမျိုးအစားထဲတွင် ဝက်ဘ်ဆိုဒ်များနှင့် ဒစ်ဂျစ်တယ်နည်းဖြင့် သိမ်းဆည်းထားသော မှတ်တမ်းမှတ်ရာများမှ သတင်းအချက်အလက်များ ပါဝင်သည်။ အွန်လိုင်းပေါ်မှ သတင်းအချက်အလက်များ၏ ထုထည်ပမာဏမှာ ခေါင်းနောက်စရာပင် များပြားလှသည်။ သို့သော်လည်း အခြားသတင်းအရင်းအမြစ်များကဲ့သို့ပင် ထိုသတင်းအချက်အလက်တို့ မည်သည့်နေရာကလာသည်ကို အတည်ပြုနိုင်ရမည်။ အစိုးရတာဝန်ရှိသူများက သူတို့အကြောင်းသူတို့ မည်သို့ရေးသည်၊ သူတို့အကြောင်းကို မိတ်ဆွေသူငယ်ချင်းနှင့် မိသားစုဝင်များက မည်သို့ပြောသည် စသည်တို့ကို စစ်ဆေးရမည်။ သို့သော် သတိရှိရမည့် အချက်မှာ အင်တာနက်သည် ထိန်းချုပ်၍မရနိုင်သည့်အရာတစ်ခု ဖြစ်သည်။ အင်တာနက်အသုံးပြုနိုင်သည့်မည်သူမဆို လိမ်ဆင်များအပါအဝင် ဘာမဆို အွန်လိုင်းတင်နိုင်သည်။ ထို့ပြင် အချို့အွန်လိုင်းသတင်းအချက်အလက်များသည် အင်တာနက်ပေါ်တွင် ရှိနေသည်မှာ အလွန်ကြာမြင့်ပေပြီ၊ ရံဖန်ရံခါတွင်လည်း သုံးမရလောက်အောင် ဟောင်းနွမ်းဆွေးမြည့်သွားကာမှ ပေါ်လာတတ်ပြန်သည်။ နောက်ဆုံးရရှိသော သတင်းအရင်းအမြစ် ဟုတ်,မဟုတ် အမြဲ စစ်ဆေးရမည်။ ထို့ထက်ပို၍ အကူအညီလိုအပ်ပါက ဥရောပသတင်းစာပညာ ဗဟိုဌာန (အီးဂျေစီ) မှ ထုတ်ဝေခဲ့သည့် အချက်အလက်အတည်ပြုခြင်း လက်စွဲစာအုပ် (Verification Handbook) ကို အခမဲ့ ဒေါင်းလုပ်ရယူပါ။ ထိုစာအုပ်တွင် ဒစ်ဂျစ်တယ်နည်းဖြင့် ပြုစုထားသည့် အကြောင်းအရာအချက်အလက်များကို မည်သို့ကိုင်တွယ်ရမည့်အကြောင်း အသုံးချပုံနှင့် နည်းနာများ ပါရှိပါသည်။

(ဃ) အများအမြင်သတင်းအရင်းအမြစ် – ဤအမျိုးအစားသစ်သည် လူပုဂ္ဂိုလ်နှင့် ဒစ်ဂျစ်တယ်အရင်းအမြစ် နှစ်မျိုးလုံးကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ သတင်းဌာနများက စုံစမ်းဖော်ထုတ်ရမည့်သတင်းများတွင် စာဖတ်သူများကို ဖိတ်ခေါ်၍ ယင်းတို့၏အတွေ့အကြုံများကို Twitter တွင် ဝေမျှရန် တိုက်တွန်းခြင်း သို့မဟုတ် Facebook မှ ဗီဒီယိုတိုက်ရိုက် ထုတ်လွှင့်၍ မေးမြန်းခြင်းတို့ ပါဝင်သည်။

သတင်းရင်းမြစ် အမျိုးအစားအသုံးဝင်ပုံအားသာချက်ကြုံတွေ့ရနိုင်သည့် ပြဿနာများ
လူပုဂ္ဂိုလ်သတင်း၏စစ်မှန်မှုနှင့် သက်ဝင်လှုပ်ရှားမှု တို့ကို အားပေးလူတစ်ဦးဦးကို မျက်နှာချင်းဆိုင် တွေ့ဆုံမေးမြန်းခြင်းအတွက် နည်းပညာမြင့်ပစ္စည်းများ မလို

ကိုယ်တွေ့ အတွေ့အကြုံများ သည် သတင်းကို ပို၍ ယုံကြည် လက်ခံဖွယ်ရာ ဖြစ်စေနိုင်
လူတိုင်းတွင် ကိုယ်ပိုင်အစွဲအလမ်းများ၊ အညိုးအတေးများ ရှိတတ်၊ ညာကောင်း ညာနိုင်

ကိုယ်တွေ့အထောက်အထားများကိုသာ ပေးနိုင်၊ တွေ့ဆုံမေးမြန်းခံရသူများသည် ကိုယ်စားပြုပြောဆိုနိုင်သူများ ဖြစ်ဖို့လို

သတင်းမီဒီယာသို့ ဖွင့်ဟပြောဆိုခြင်းအားဖြင့် ဓားစာခံဖြစ်သွားနိုင် (သူတို့အား မည်သို့ကာကွယ်ပေးနိုင်မလဲ)
စာရွက်စာတမ်းခိုင်မာသည့် အထောက် အထားများဖြစ်

သမိုင်းကြောင်းနှင့် ဆက်စပ်အခြေအနေ များကို ရနိုင်
သင်ကိုယ်တိုင် သုတေသန ပြုသည်ထက်ပို၍ကျယ်ပြန့်သော နောက်ခံအခြေအနေ သုတေသနပြုချက်များကို တစ်ဆင့်ခံသတင်းအရင်းအမြစ်များ၌ ရရှိနိုင်

ပင်မ စာရွက်စာတမ်း၊ အမှတ် အသားများ (ဥပမာ ဘဏ် မှတ်တမ်း) က ခိုင်မာ၍ ယုံကြည်စိတ်ချရ
ပုဂ္ဂလိကလုံခြုံမှုဥပဒေများ၊ ဆင်ဆာ ဖြတ်တောက်မှုများဖြင့် ကာကွယ်တားဆီး ခံရနိုင်

ရရှိရန် ခက်ခဲနှေးကွေး

ဥပမာ ဘဏ္ဍာငွေကြေးဆိုင်ရာ စာရွက် စာတမ်းများအတွက် ကျွမ်းကျင်နှံ့စပ်မှုရှိရန် လိုအပ်

သတင်းဆက်လိုက်ရန် မျက်ခြေပြတ်၊ သို့မဟုတ် ပညာရပ်ဝေါဟာရများ ပွထနေသည့် သတင်းမျိုးကိုသာရနိုင်
ဒစ်ဂျစ်တယ်အချက်အလက်ကို လိုအပ်မှုပေါ်မူတည်၍ အထက်ပါအသုံးဝင်မှု နှစ်မျိုးလုံး ရနိုင်အသံဖိုင်များနှင့် ရုပ်သံများကို ကြည့်ရှုနားဆင်နိုင်၊ သင့်ကွန်ပျူတာဖြင့် လုပ်ဆောင်၍ရ

ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းအရင်းအမြစ်များစွာတို့မှသတင်းအချက်အလက်များကို အွန်လိုင်း၌ လျင်မြန်စွာတင်နေ
ဆက်လိုက်၍ မရနိုင်တော့သည့်သတင်း ဖြစ်သွားနိုင်

အွန်လိုင်းလုံခြုံရေးခြိမ်းခြောက်မှု ကြုံရနိုင်

အွန်လိုင်းပေါ်တွင် သတင်းအချက်အလက် အတည်ပြုရခြင်းသည် ခြေကုန်လက်ပမ်း ကျစရာဖြစ်နိုင်

အချက်အလက်ရရှိရေးအတွက် သင့်အား ပံ့ပိုးရာရောက်သည့် ဥပဒေများ ရှိကောင်းရှိနိုင်ပါသည်။ သို့သော် နိုင်ငံအလိုက် ဥပဒေခေါင်းစဉ်သာမက ခြုံငုံနိုင်မှုလည်း ကွာခြားကြသောကြောင့် အားလုံးအတွက် အဆင်ပြေမည့် တစ်ခုတည်းသော အကြံပြုချက်မျိုးကို ပေးရန် ခက်ခဲလှပါသည်။ သင့်စုံစမ်းဖော်ထုတ်မှု မပြုလုပ်မီကပင် သင့်နိုင်ငံမှ ထိုဥပဒေများကို သုတေသနပြုလုပ်ထားသင့်သည်။