နောက်ထပ်အရေးကြီးသည့် အင်္ဂါရပ်တစ်ခုမှာ စုံစမ်းဖော်ထုတ် သတင်းလိုက်မှုတွင် ကျခံသုံးစွဲရမည့် ငွေကြေးနှင့် အရင်းအနှီးများ မည်သို့ကုန်ကျမည်ကို တွက်ချက်ထားသည့် ဘတ်ဂျတ်ဖြစ်သည်။

ယင်းဘတ်ဂျတ်၏ အချို့သော အစိတ်အပိုင်းများတွင်

  • >   ခရီးစရိတ်များ – လေယာဉ်၊ ကားငှားခ၊ တည်းခိုခ၊ မိမိကိုယ်တိုင်နှင့် သတင်းရင်းမြစ်များအတွက် စားစရိတ်
  • >   အတိုင်ပင်ခံစရိတ်များ – ဥပမာ ဘာသာပြန်များ၊ အသံမှတ်တမ်းကို စာသားအဖြစ် ပြောင်းလဲ (အသံဖိုင်ဖြည်) စရိတ် သို့မဟုတ် အခြား စရိတ်များ
  • >   ဆက်သွယ်ရေးစရိတ် – ဖုန်းဘီလ်နှင့် အင်တာနက် အသုံးပြုခ
  • >   မှတ်တမ်းရှာဖွေမှု သို့မဟုတ် မိတ္တူနိုတြီခ စသည်တို့အတွက် ကုန်ကျစရိတ်များ

အစုအဖွဲ့နှင့် လုပ်ကိုင်ပါက အလုပ်ရုံဆွေးနွေးပွဲ ကုန်ကျခရိတ်များနှင့် နယ်ဆင်းစရိတ်များကိုလည်း ထည့်သွင်းတွက်ချက်ရပေမည်။

ကမ္ဘာတစ်ဝန်းတွင် သတင်းခန်းများသည် ဘတ်ဂျတ်လျှော့ချခံခြင်းကို ရင်ဆိုင်ရလျက်ရှိသည်။ အမေရိကန်ရှိ အထင်ကရ သတင်းစာများက စုံစမ်းဖော်ထုတ် သတင်းလိုက်ခြင်းအတွက် ကုန်ကျခံသည့် ငွေကြေးပမာဏသည် ဖွံ့ဖြိုးဆဲနိုင်ငံလေးများမှ သတင်းစာငယ်တစ်စောင်ကို တစ်နှစ်ခန့် ရန်ပုံငွေထောက်ပံ့နိုင်လောက်အောင်ပင် များပြားလှသည်။ အကယ်၍ သင်သည် ရင်းမြစ်အကန့်အသတ်ရှိသော သတင်းခန်းတစ်ခုတွင် လုပ်ကိုင်နေရလျှင် အခြား ထောက်ပံ့မှုများကိုလည်း သိရှိဖော်ထုတ်နိုင်ရန် ဖန်တီးမှုရှိရပေမည်။ ထို့အတွက် အကောင်းဆုံးစတင်ရန်မှာ နိုင်ငံတကာမှ အလှူရှင်အဖွဲ့အစည်းများဖြစ်သည်။ တစ်ခါတစ်ရံတွင် သူတို့စိတ်ဝင်စားလျက်ရှိသည့်အချက်က သင့်စုံစမ်းဖော်ထုတ်မှုနှင့် တစ်ထပ်တည်းကျနေနိုင်သည်။ သို့သော် အလှူရှင်များက သူတို့၏ အစီအစဉ်များထဲသို့ အတင်းတွန်းပို့တတ်သည်ကိုလည်း သတိရှိရပေမည်။ နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုမှာ အများစုပေါင်းပံ့ပိုးသည့် ရန်ပုံငွေကို ရှာယူခြင်းဖြစ်သည်။ စုံစမ်းဖော်ထုတ်မှု သတင်းပညာအတွက် အများစုပေါင်းထောက်ပံ့ခြင်းနည်းက ခေတ်စားလာသော်လည်း အပြိုင်အဆိုင်ကြိုးစားရသည့်အလျောက် အခက်အခဲပိုရှိနိုင်ပေသည်။


အလားအလာရှိသော ငွေကြေးပံ့ပိုးမှုနှင့် အများစုပေါင်း ရန်ပုံငွေထည့်ဝင်မှုများ၊ အောင်မြင်မှုရခဲ့သော နမူနာပရောဂျတ်များကို အောက်ပါလင့်ခ်များတွင် ကြည့်ရှုနိုင်ပါသည်။


သတင်းရင်းမြစ်များကို ငွေပေးရသည့်ကိစ္စကတော့ ဟန်ကျသည့်ကိစ္စမဟုတ်ဟု သတင်းသမားများစွာက လက်ခံထားကြပါသည်။ ငွေပေးသောကြောင့် သတင်းအရင်းအမြစ်သည် အလိမ်အညာများ၊ ချဲ့ကားထားသည်များကို ပြောဆိုလာနိုင်သည်။ ပို၍ပင် ဆိုးရွားနိုင်သည်မှာ အကယ်၍ သတင်းရင်းမြစ်များက လိုလိုလားလား မရှိသည့်အခါ၊ စိတ်ချရမှုမရှိသည့်အခါ ပြောင်းပြန်ရလဒ်ထွက်ပေါ်လာသည်မျိုးအထိ ဖြစ်လာနိုင်သည်။ ထိုသို့ ကျင့်ဝတ်အရ မရေရာသည့်ကိစ္စမျိုးကို ဆောင်ရွက်ခြင်းအားဖြင့် သင့်သတင်းဌာန၏ ဂုဏ်သိက္ခာကို ကျဆင်းစေနိုင်သလို သင့်စုံစမ်းဖော်ထုတ်မှု အရည်အချင်းများအပေါ်တွင်လည်း သံသယဝင်လာနိုင်ပါသည်။ သို့သော် အချို့သော အခြေအနေများတွင်မူ သတင်းရင်းမြစ်များ၏ အချိန်ပေးမှုနှင့် ခရီးစရိတ်တို့အတွက် သတင်းတိုက်က ပြန်လည်ကုန်ကျခံပေးသင့်သည်။ ထိုသို့ ကျခံရာတွင်မည် မည်သည့်အတွက် ပေးရကြောင်း၊ ကုန်ကျစရိတ်နှင့် သင့်တင့်အောင်သာ ပေးခြင်းဖြစ်ကြောင်းကို သတင်းတိုက်ကရော သတင်းရင်းမြစ်ဘက်ကပါ ရှင်းလင်းစွာ သိနားလည်ရန် လိုအပ်သည်။ ထို့ပြင် သတင်းရင်းမြစ်ပုဂ္ဂိုလ်များသည် သင့်သတင်းစာနှင့် ပုဂ္ဂလိက အကျိုးစီးပွားအတွက် သတင်းပေးနေခြင်းမဟုတ်၊ ထိခိုက်နစ်နာရမည့် လူ့အသိုင်းအဝိုင်းနှင့် လူ့အဖွဲ့အစည်းကြီး တစ်ခုလုံးကို ကူညီနိုင်ရန်အတွက်သာ သတင်းပေးရခြင်း ဖြစ်ကြောင်းကိုလည်း သတိပေးရပါမည်။

အချက်အလက်များရရှိနိုင်ရန် အစိုးရတာဝန်ရှိသူများအား လာဘ်ထိုးခြင်းသည်လည်း ဂုဏ်သိက္ခာညှိုးနွမ်းစေနိုင်သည့် လုပ်ရပ်ဖြစ်သည်။ သို့သော် အချို့သော လူ့အသိုင်းအဝိုင်းများတွင် အစိုးရအရာရှိများသည် နံနက်ခင်း ရုံးတံခါးဖွင့်သည်မှအစ (ဥပမာ – အမြန်ကြေး၊ လက်ဖက်ရည်ဖိုး ကဲ့သို့) အသေးအဖွဲကလေးများအပါအဝင် ဘာကိစ္စဖြစ်ဖြစ် မျက်နှာလုပ်နေရသည့် အလေ့အထများကို ထူထောင်ထားတတ်ကြသည်။ ထိုသို့သော အခင်းအကျင်းမျိုးတွင် ဗျူရိုကရေစီယန္တရားကြီး၏ဘီးများ ချောမွေ့စွာလည်ပတ်နိုင်ရန် ချောဆီမထိုးဘဲ ရမည်မဟုတ်။ သို့တိုင် ထိုအသေးအမွှားပေးကမ်းမှုကလေးများသည်ပင် စုံစမ်းဖော်ထုတ်မှုဖြစ်စဉ်ကြီးတစ်ခုလုံးကို ထိုးကျွေးလိုက်ရလောက်အောင်လည်း ဖြစ်သွားနိုင်သည်။ မည်မျှနည်းပါးသည်ဖြစ်စေ၊ မည်သို့ထုံးစံရှိသည်ဖြစ်စေ သင့်ဘက်မှပေးကမ်းခဲ့သည်ဟု ဝန်ထမ်းများက အထက်လူကြီးထံတွင်လည်းကောင်း၊ အခြားမီဒီယာများသို့လည်းကောင်း ထုတ်ပြောခဲ့ပါက လာဘ်ထိုးမှုမြောက်မည်သာ ဖြစ်သည်။ ဤကဲ့သို့အခြေအနေတစ်ခုကို ကိုင်တွယ်ရန် မဟာဗျူဟာတစ်ရပ်မှာ နောင်အခါတွင် စာဖတ်ပရိသတ်များက စောဒကတက်လာပါက ကျေနပ်ဖွယ်အဖြေပေးနိုင်ခြင်းရှိ,မရှိ ဟူသောအချက်ပင် ဖြစ်သည်။ သို့ဖြစ်၍ ငွေနံ့ပေးခြင်း၊ အပေးအယူသဘောဆက်ဆံရေးများကို တည်ဆောက်ခြင်းထက် သင့်အလုပ်၏ အရေးကြီးမှုကို ရှင်းပြ၍ မဟာမိတ်ဖွဲ့ကာ ပူးပေါင်းဆောင်ရွက်ခြင်းသည်သာ အမြဲတမ်းအတွက် ကောင်းမွန်လုံခြုံသည့် နည်းကောင်းတစ်ခု ဖြစ်ပေသည်။