၁.၅။ သတင်းအကြောင်းအရာ အကျဉ်းချုံးတင်ပြခြင်း


အကယ်၍ သင့်သတင်းတိုက် သို့မဟုတ် သတင်းဌာနက ဤသတင်းကိုလိုက်ရမည်ဟု တာဝန်ပေးလိုက်လျှင် စုံစမ်းဖော်ထုတ်မှုဖြစ်စဉ်အတွက် စီစဉ်ရမည်မှာ ရှေ့တွင်ဖော်ပြခဲ့သောအဆင့်များနှင့်ပင် လုံလောက်ပါသည်။ အကယ်၍ သင်သည် အလွတ်တန်းသတင်းသမားတစ်ဦးဖြစ်သည်ဆိုလျှင်ပင် ဤမျှလောက်စီစဉ်ထားခြင်းက အယ်ဒီတာ စိတ်ကျေနပ်လောက်စရာ ဖြစ်ပေလိမ့်မည်။ သတင်းအကြောင်းအရာအကျဉ်းချုံးတင်ပြမှုကောင်းတစ်ခုသည် သတင်း၌ မည်သည့်အကြောင်းအရာပါဝင်ကြောင်း ရှင်းလင်းဖော်ပြနိုင်ပြီး အယ်ဒီတာဘက်မှလည်း ဖော်ပြချင်စိတ်ဖြစ်ရန် လိုအပ်သည်။ ထိုအတွက် အောက်ပါအစိတ်အပိုင်းများ ပါဝင်ရမည်။

  • > စိတ်ဝင်စားဖွယ် သတင်းခေါင်းစဉ်
  • >   အတိုချုံးရေးသားထားသည့် သတင်းကျောရိုး
  • >   သတင်းတိုက်၏စာဖတ်ပရိသတ်များအတွက် ထိုသတင်း၏ အရေးပါပုံ
  • >   နည်းနာဗေဒအကျဉ်းချုပ်
  • >   အချိန်ဇယား
  • >   ဘတ်ဂျက်

အချို့မီဒီယာများကမူ ထိုသတင်းကို ရုပ်သံသတင်း၊ ဂရပ်ဖစ် သို့မဟုတ် podcast (အသံဖိုင်) စသဖြင့် မည်သို့တင်ပြရမည်ဟူသည့် စိတ်ကူးစိတ်သန်းများကိုပါ မျှော်လင့်တောင့်တနေကြပြီး အခြားသတင်းတိုက်များကတော့ ထိုကိစ္စများကို သူတို့၏အယ်ဒီတာများ၊ ဒီဇိုင်းသမားများနှင့်ပင် ဆောင်ရွက်နိုင်ကြပါသည်။ မည်သို့ပင်ဖြစ်စေ သတင်းတိုက်များက သင့်အကြောင်းအရာအကျဉ်းချုပ်ကို လက်မခံနိုင်ခြေရှိသည်ကို စိတ်ထဲတွင်ထားဖို့ လိုပါသည်။ အသေးစိတ်တွေ့ရှိချက်များ မပါဝင်သော၊ မဖြစ်မနေလိုအပ်သောအချက်အလက်များကိုသာ သတင်းအကြောင်းအရာ အကျဉ်းချုပ်အဖြစ် တင်ပြသင့်ပါသည်။ သို့မှသာ လိုအပ်လာလျှင် သင့်သတင်းစိတ်ကူးစိတ်သန်းကို အခြားသတင်းတိုက်များသို့လည်း ရှေ့ဆက်တင်ပြနိုင်မည်ဖြစ်သည်။