၃.၁။ အရေးကြီးသည်ကို ရှေ့တန်းတင်ခြင်း


လူတိုင်းတွင် အလုပ်လုပ်ပုံချင်း မတူကြပါ။ ထို့ကြောင့် မိမိ၏ အားနည်းချက်ကို ရှာဖွေဖော်ထုတ်ကာ အဆင့်တစ်ခုတည်းတွင် လေးဖင့်မနေရန် လိုအပ်သည်။ အထူးသဖြင့် စုံစမ်းဖော်ထုတ်မှု၏ အစပိုင်းတွင် သင့်သည် ဖတ်နိုင်သမျှ စာများများဖတ်မည်ဟု စိတ်ထဲတွင် ဖြစ်ပေလိမ့်မည်။ သို့သော် စာဖတ်ခြင်းမှာ အချိန်ယူရသည်ဖြစ်ရာ ထပ်ဆင့်သုတေသနပြုရန် ရည်ညွှန်းကိုးကားချက်များကို လိုက်ရှာရင်း လမ်းပျောက်သွားပြီး သတ်မှတ်ထားသည့် အချိန်အတွင်း လုပ်ကိုင်နိုင်ရန် မဖြစ်နိုင်တော့ချေ။ ပိုကောင်းသည့်နည်းလမ်းမှာ အင်တာနက်တွင် ရှာဖွေမှုများ ပြုလုပ်သည့်အခါ မျက်တောင်ဖွင့်/ပိတ်များကို သုံးခြင်းအားဖြင့် ဆီလျော်မှုမရှိသည့်အရာများကို ရှောင်ရှားနိုင်မည် ဖြစ်သည်။ ထို့ပြင် အင်တာနက်စာမျက်နှာ ကိုးကားချက်များကို bookmark လုပ်ထားခြင်းအားဖြင့် စနစ်တကျ လုပ်ကိုင်တတ်ပါက ထိုလင့်ခ်များအား မကြာခဏပြန်ရှာနေရသည့် အချိန်ကုန်ခြင်းဘေးမှ ကင်းဝေးပါလိမ့်မည်။

အလားတူပင် ကိန်းကြီးခန်းကြီးနိုင်သော ကျွမ်းကျင်ပုဂ္ဂိုလ်တစ်ဦးတည်းအပေါ်သာ မျှော်လင့်ချက်များအားလုံး စုပုံမထားမိဖို့ လိုသည်။ ဖြစ်နိုင်သမျှ သင့်တော်ဆီလျော်သည့် လူများများနှင့် ချိတ်ဆက်ပြီး မိမိ၏ ကွန်ရက်ကို ကျယ်ပြန့်စေရမည်။ စုံစမ်းဖော်ထုတ်မှု၏ အစောပိုင်းဖြစ်သည့် ဤအဆင့်တွင် နက်နက်ရှိုင်းရှိုင်းလေ့လာသည်ထက် ကျယ်ကျယ်ဝန်းဝန်း လေ့လာသည်က ပိုကောင်းပေသည်။

သုတေသနပြုလုပ်မည့် အစိတ်အပိုင်းတစ်ခုချင်းစီအတွက် အချိန်ကို မည်သို့ခွဲဝေသုံးမည်ဆိုသည်ကို ဖော်ပြထားသည့် အချိန်ဇယားတစ်ခုရှိဖို့ လိုအပ်သည်။ စုံစမ်းဖော်ထုတ်မှုများသည် အမျိုးမျိုး လမ်းကြောင်းပြောင်းလဲသွားနိုင်သဖြင့် ရှေ့ဆက်သွားသင့် မသွားသင့်ကို သတိရှိနေစေရန်၊ သို့တည်းမဟုတ် မိမိလိုအပ်သည်ကို ရရှိနိုင်မည့် အခြားနည်းလမ်း ရှာဖွေရန် ဤလမ်းညွှန်ချက်ကို ကျင့်သုံးနိုင်ပါသည်။