၁.၁.၃။ ပြောရေးဆိုခွင့်ရှိသူများ


အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်များနှင့် လော်ဘီသမားများကို ပြောရေးဆိုခွင့်ရှိသူ (Spin-doctors)များ ဟု ခေါ်ကြပါသည်။ ထိုသို့ spin-doctor ဟုခေါ်ရခြင်းမှာ သူတို့အား ခန့်အပ်ထားသည့် အလုပ်ရှင်က တာဝန်ပေးသည့် ကိစ္စတစ်ရပ်နှင့် ပတ်သက်၍ အခမ်းအနားများတွင် အကောင်းဆုံး အနက်ဖော်ကာ ရွှန်းရွှန်းဝေ၊ ချာချာလည်အောင် ပြောဆိုနိုင်ကြသောကြောင့် ဖြစ်သည်။ သို့သော် မည်သူက ထိုသို့သော ပြောရေးဆိုခွင့်ရှိသူဖြစ်သလဲ ဟူသည်ကို ဖော်ထုတ်နိုင်ဖို့ ခက်ပါသည်။ သေချာသည်ကတော့ ဝန်ကြီးတစ်ဦး၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်မှာ တစ်ဦးတည်းသာ ဖြစ်သည်။ သို့သော် အရေးကိစ္စတစ်ခု သို့မဟုတ် နိုင်ငံရေးပါတီတစ်ခုကို စန်းတင်ပေးရန် ပေးကမ်းခြင်းခံထားရသည့် သတင်းထောက်များမရှိနိုင်ပြီလော။ အစိုးရဝန်ထမ်း သို့မဟုတ် စီးပွားရေးလုပ်ငန်းများက လျှို့ဝှက်စွာဖြင့် သတင်းတစ်ပုဒ်ကို အစအဆုံးပေးကာ စာနယ်ဇင်းတွင် ဖော်ပြစေခြင်းကိုရော မည်သို့ဆိုမည်နည်း။ ကုန်ပစ္စည်းတစ်ခုကို ရောင်းအားတက်လာစေရန် စီးပွားကုမ္ပဏီများက ငွေကြေးပံ့ပိုးထားသော ကျွမ်းကျင်သူများကိုရော မည်သို့သဘောထားမည်နည်း။ သို့မဟုတ် ခိုင်လုံစိတ်ချရခြင်းမရှိသည့် ဝက်ဘ်ဆိုဒ်များမှ မည်သူတင်ဆက်မှန်းမသိရသည့် အကြောင်းအရာများကိုရော မည်သို့သဘောထားမည်နည်း။ သမာရိုးကျမဟုတ်သည့် ပြောရေးဆိုခွင့်ရသူ(spin doctor) များသည် အကြောင်းကိစ္စ ကြီးငယ်မဟူ လူသိရှင်ကြားဖြစ်လာအောင် နည်းမျိုးစုံဖြင့် ကြိုးစားလျက်ရှိသည်။ ဥပမာအားဖြင့် ပင်လယ်ကွေ့စစ်ပွဲနှင့်ပတ်သက်၍ အများပြည်သူအကြား ရှုမြင်မှုကောင်းစေရန် အမေရိကန်အစိုးရက စီးပွားရေးကုမ္ပဏီတစ်ခုကိုပင် အလုပ်အပ်ခဲ့ဖူးသည်။ ထိုကုမ္ပဏီမှ စီအီးအိုကလည်း သူ့ကိုယ်သူ ‘သတင်းသူရဲကောင်း’ တစ်ဦးအဖြစ် ဂုဏ်ယူဝံ့ကြွားစွာ ဖော်ပြခဲ့သေးသည်။

သို့သော် သတင်းတု သတင်းမှားများထက်စာလျှင်တော့ ပြောရေးဆိုခွင့်ရသူများကို ကိုင်တွယ်ချဉ်းကပ်ရသည်က လွယ်ပါသေးသည်။ ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်သည် ပြဿနာများကို ဖုံးဖိကာ အောင်မြင်မှုများကိုသာ မီးမောင်းထိုးတင်ပြရန် လစာပေးခံထားရခြင်းဖြစ်ကြောင်း သိသာထင်ရှားပါသည်။ သုတေသန အနည်းအကျဉ်းလုပ်ရုံဖြင့် မုသားများကို ဖော်ထုတ်ရန် လွယ်ကူသည်ဖြစ်ရာ မုသားများကို သုံးတတ်ကြသည်မှာ ကျွမ်းကျင်မှု အင်မတန်နည်းပါးသော ပြောရေးဆိုခွင့်ရှိသူများသာ ဖြစ်ပါလိမ့်မည်။ ကနဦးသုတေသနနှင့် အင်တာဗျူး နည်းကောင်းများကို တွဲစပ်သုံးတတ်ပါက ဖုံးကွယ်ထားသည်များ၊ လှီးလွှဲပြောဆိုချက်များကို ဖော်ထုတ်နိုင်မည်သာ ဖြစ်သည်။ ပြောရေးဆိုခွင့်ရှိသူများက သူတို့အလုပ် သူတို့လုပ်နေရခြင်းဖြစ်ပြီး မိမိကလည်း ကိုယ့်အလုပ်ကိုယ်လုပ်ရမည် ဖြစ်ကြောင်း သတိရပါ။

ထို့ပြင် အစိုးရဌာန ပြောရေးဆိုခွင့်ရှိသူများ၊ အစိုးရနှင့် ကုမ္ပဏီကြီးများသည် စုံစမ်းထောက်လှမ်းရေးဌာနများ ဖွဲ့စည်းထားကာ အလုပ်ရှင်/အစိုးရ၏ ရည်ရွယ်ချက်များကို မြှင့်တင်နိုင်ရန် ခြေပုန်းခုတ်၍ ကြိုးစားပေလိမ့်မည်။ အမေရိကန် အစိုးရသည် သူ၏ စုံစမ်းထောက်လှမ်းရေး အေဂျင်စီများကို အသုံးပြုကာ ဆက်ဒမ်ဟူစိန်တွင် “ဖျက်အားပြင်း လက်နက်များ” ရှိသည်ဟူသော သတင်းကို သတင်းမီဒီယာများက ဖော်ပြလာကြရန် လှည့်စားသတင်းထုတ်ဖူးသည်။ နောင်အခါမှ ထိုလက်နက်များ မရှိကြောင်း သိခဲ့ရသည်။

လှည့်စားသတင်းထုတ်ခြင်းမှာ လျှို့ဝှက်စုံစမ်းထောက်လှမ်းရေးဌာနများ၏ နိစ္စဓူဝ လုပ်ငန်းတစ်ခုဖြစ်သည်။ သူတို့၏ ရည်ရွယ်ချက်မှာ မီဒီယာများကို လွှမ်းမိုးထိန်းချုပ်နိုင်ရန် ဖြစ်သည်။ သူတို့က သတင်းသမားများ စုံစမ်းဖော်ထုတ်နေသည့် ကိစ္စများကို သိရှိနိုင်ရန် လျှို့ဝှက်ထောက်လှမ်းတတ်ကြပြီး လူမွေးရန်ပင် ကြိုးစားတတ်ကြသည်။ မကြာခဏ ဆိုသလိုပင် သူတို့အသားပေးလိုသည့် အချက်များကို သတင်းများမှတဆင့် စာဖတ်ပရိသတ်များ ဖတ်ရှုမိစေရန် ရည်ရွယ်ချက်ထားကာ သတင်းသမားများကို သတင်းများပေးတတ်ကြသေးသည်။ မည်သို့ပင် စိတ်ရင်းစေတနာအရ လက်ခံနိုင်ဖွယ် ရှိသည်ဖြစ်စေ တစ်ဦးဦးက အရေးကြီးသည့် အသံဖမ်းချက်များနှင့် စာရွက်စာတမ်းများကို လိုလိုလားလား ပေးချင်နေပြီဆိုလျှင်ပင် သတိကြီးစွာ ထားသင့်ပါသည်။

အာဖရိက စုံစမ်းဖော်ထုတ်မှု သတင်းထောက်များကွန်ရက်အတွက် နှီးနှောဖလှယ်ပွဲကို ထူထောင်ခဲ့သည့် အဲဗလင်းဂရိုနင့်ခ်က ၁၉၈၈ ခုနှစ်က အာဖရိကအမျိုးသားကွန်ဂရက်ပါတီ၏ ကိုယ်စားလှယ်အမျိုးသမီးတစ်ဦးဖြစ်သည့် ဒဲလ်စီးစက်တင်ဘာ (ပြင်သစ်နိုင်ငံ) ပါရီမြို့သို့ရောက်ရှိနေစဉ် လုပ်ကြံခံခဲ့ရသည့် အမှုကို စုံစမ်းဖော်ထုတ် သတင်းလိုက်ခဲ့သည်။ သိက္ခာဆယ်လိုသည့် ပြင်သစ်ထောက်လှမ်းရေးဌာနက လုပ်ကြံသူမှာ နိုင်ငံခြားသားဖြစ်နိုင်သည်ဟု လှည့်စားသတင်းပေးကာ သတင်းစာများတွင် ဖော်ပြစေခဲ့သည်။ တစ်ကြိမ်တွင်လည်း အလိမ်ခံရဖူးသည့် စီးပွားရေးသမားတစ်ဦးက ကျော်ကြားသည့်ပြင်သစ်လက်နက်ကုန်သည်တစ်ဦးနှင့် ပြောဆိုဆွေးနွေးချက် “ဗီဒီယိုတိပ်ခွေ နာရီ ၃၀၀ စာ” ပေးပါမည်ဟု ဂရိုနင့်ခ်ကို အာမဘန္တေခံခဲ့ဖူးသည်။ ထိုသတင်းရင်းမြစ်ပုဂ္ဂိုလ်ကို အကဲခတ်ရာ သတင်းစာများထဲတွင် ဖော်ပြခံရလိုသူဖြစ်ပုံရသည်။ ထို့ကြောင့် ဂရိုနင့်ခ်က များပြားသည့်ငွေကြေးများအကြောင်း၊ အချိန်၊ ထောက်လှမ်းစစ်ဆေးမှု အခွင့်အလမ်း၊ လေယာဉ်လက်မှတ်နှင့် အဆက်အသွယ်ပုဂ္ဂိုလ်များ၏ ကွန်ရက်များအကြောင်း မေးခွန်းများစွာ ဆင့်ထုတ်လိုက်သည့်အခါ အလိမ်ခံခဲ့ရသည်ဟုဆိုသည့် ထိုပုဂ္ဂိုလ်က လျှောချသွားခဲ့သည်။ ထို့နောက် သူနေထိုင်ရာ အလုပ်လုပ်ကိုင်ရာ လန်ဒန်သို့ ပြန်ထွက်ပြေးသွားခဲ့သည်။ ထိုပုဂ္ဂိုလ်သည် ယူကေအစိုးရ သို့မဟုတ် လက်နက်ကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်နေသူဖြစ်ရမည်ဟု ဂရိုနင့်ခ် သံသယဝင်ခဲ့သည်။

ယေဘုယျ ဥပဒေသတစ်ခု ထုတ်ရမည်ဆိုလျှင်တော့ သတင်းရင်းမြစ်များက မိမိကို လာရှာသည်ထက် မိမိက သတင်းရင်းမြစ်များကို ရွေးချယ်ရှာဖွေနိုင်ခြင်းက အကောင်းဆုံးဖြစ်သည်။ အကယ်၍ အစိုးရဝန်ထမ်းတစ်ဦးက ချောင်ကြိုချောင်ကြားတွင် ချိန်းဆိုပြီး သူ့နောက်က ခြေရာခံလိုက်နေသူများ ရှိသောကြောင့် ထိုကိစ္စကို ဘယ်သူ့ကိုမျှ မဟမိပါစေနှင့်ဟု ဆိုလာသူတစ်ဦးသည်ပင် (ခြေရာခံလိုက်နေသူများနှင့်) တစ်ဖွဲ့တည်းဖြစ်နေနိုင်ပါသည်။ ထို့ပြင် စကားပြောရန် တွန့်ဆုတ်နေသော၊ သူတို့ပြောဆိုချက်ကို သတင်းထဲ ထည့်မရေးရန်၊ သို့မဟုတ် သူတို့ မည်သူမည်ဝါဖြစ်ကြောင်း မဖော်ပြရန် တောင်းဆိုနေသူများကိုလည်း ကြုံရနိုင်ပါသည်။ ထိုသူက ဘာပြောသည်ဖြစ်စေ ထိုသူက မည်သို့သော နောက်ကြောင်းရှိသည်၊ သူသိသမျှပြောပါသည်ဆိုသော စကားများက အရည်အသွေးမည်မျှ ပြည့်ဝသည်ကို သင့်ဘက်က သိရှိနိုင်ရန် လိုပါသည်။