၂။ ကိုယ်ပိုင် ဒေတာဘေ့စ် တည်ဆောက်ခြင်း

၂။ ကိုယ်ပိုင် ဒေတာဘေ့စ် တည်ဆောက်ခြင်း


စနစ်တစ်ခု၏ လည်ပတ်ပုံကို သိနားလည်ထားမှုတွင် အခြေခံ၍ စုံစမ်းဖော်ထုတ်မှု သတင်းဆောင်းပါးတစ်ပုဒ် ရေးသားကြမည်ဟု မျှော်လင့်ထားတတ်ကြသည်။ သို့ဖြစ်ရာ သင်လိုအပ်သည့် သတင်းအချက်အလက်များကို မျက်ခြေမပြတ်စေရန် အောက်ပါမေးခွန်းများကို ဖြေဆိုကြည့်ခြင်းအားဖြင့် ပုံဖော်ကြည့်ပါ။

  • > စနစ် သို့မဟုတ် ဖြစ်စဉ်တစ်ရပ်သည် မည်သို့လည်ပတ်သင့်သည်ဟု ယူဆရပါမည်နည်း။
  • > မည်သူတို့က မည်သည်တို့ကို မည်သည့်အချိန်တွင် မည်ကဲ့သို့ လုပ်ရမည်နည်း။
  • > ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ရေးသားပြုစုထားခြင်း၊ မှတ်တမ်းရယူထားခြင်း ရှိပါသလား။
  • > မည်သည့် စံနှုန်းများ၊ စံချိန်စံညွှန်းသတ်မှတ်ချက်များ ရှိပါသနည်း၊ ယင်းတို့ကို မည်သို့သတ်မှတ်ထားပါသနည်း၊ မည်သူတို့က ကြီးကြပ်ကွပ်ကဲလျက်ရှိပါသနည်း။

သင့်အဖြေများက အသေးစိတ်ကျပြီး ခြုံငုံမှုရှိလေ မည်သည့်အချိန် မည်သည့်နေရာတွင် အလွဲအချော် အမှားအယွင်းများ ပေါ်ပေါက်လာသည်ကို ကောင်းကောင်းဆုံးဖြတ်နိုင်လေ ဖြစ်သည်။

ထိုမေးခွန်းများကို အဖြေရှာပြီးသည့်နောက်မှာ သင့်စုံစမ်းဖော်ထုတ်မှုတွင် နောက်ထပ် အင်္ဂါရပ်ပေါင်းများစွာ ထပ်မံပေါင်းစပ်ဖို့ လိုပါလိမ့်မည်။ ဤအချက်ကို အာရုံထားခြင်းဖြင့် သတင်းအချက်အလက်များကို စနစ်တကျ ကောက်ယူပုံဖော် စုဆောင်းနိုင်ပါလိမ့်မည်။ သို့မှာသာ သတင်းအဖြစ် ရေးသားပြုစုရင်း အချက်အလက်များကို သူ့နေရာနှင့်သူ ထည့်သွင်းအသုံးပြုရန်ဖြစ်စေ၊ မည်သည့်နေရာမှာ ထားမှန်းမသိတော့သောကြောင့် ပြန်ရှာနေရ၍ဖြစ်စေ အချိန်များ အလဟဿဖြစ်ရတော့မည် မဟုတ်ချေ။

လက်ထဲမှ သတင်းဖြစ်ရပ်အတွက် အချိန်ဇယားရေးဆွဲခြင်း

သင့်စုံစမ်းဖော်ထုတ်မှုထဲမှ ဖြစ်ရပ်ကာလစဉ်မှတ်တမ်းတစ်ခုကို ရေးသားထားဖို့ အရေးကြီးပါသည်။ ထိုသို့ဆိုလိုက်သောကြောင့် သင်သတင်းဆောင်းပါးရေးသားရာတွင်လည်း ထိုအစဉ်အတိုင်း ရေးသားရမည်ဟု မဆိုလိုပါ။ သင့်အနေဖြင့် ဖြစ်ရပ်တစ်ခု၏ အချိန်အလိုက် ပြောင်းလဲလာပုံကို အချက်အလက်များနှင့် ချိတ်ဆက်နိုင်ဖို့ ဖြစ်သည်။ သို့မှသာ မည်သည့်အရာက ဦးစွာဖြစ်ပျက်ပြီး၊ မည်သည့်အဖြစ်အပျက်က နောက်ကျသည်၊ မည်သည့် အဖြစ်အပျက်တို့က တစ်ပြိုင်နက်ဖြစ်ပွားသည်ကို ကွက်ကွင်ကွင်းကွင်း မြင်သာပါလိမ့်မည်။

အရည်အသွေးအခြေပြု နှင့် အရေအတွက်အခြေပြု အချက်အလက်များကို ခွဲခြားခြင်း

အရေအတွက်အခြေပြု အချက်အလက်များက ကိန်းဂဏန်းများအကြောင်းပင် ဖြစ်သည်။ ဥပမာအားဖြင့် ဆေးဝါးထုတ်ကုန်တစ်ခုကို ဈေးကွက်အတွင်းသို့ ဖြန့်ချိရောင်းချခြင်းမပြုမီ အရည်အသွေးစစ်ဆေးမှု အကြိမ်မည်မျှ ပြုလုပ်သလဲ၊ ရေထုညစ်ညမ်းမှုအဆင့် မည်သည့်အတိုင်းအတာရှိသလဲ၊ လွန်ခဲ့သည့် ငါးနှစ်အတွင်း မြို့ပြရှိ ရာဇဝတ်ကျူးလွန်မည် မည်သို့/မည်မျှရှိသလဲ ဟူသော မေးခွန်းများ ဖြစ်သည်။ မကြာခဏဆိုသလိုပင် ဒေသတွင်း သတင်းဖြစ်ရပ်ငယ်တစ်ခုက တိကျခိုင်မာသည့် အထောက်အထားများ ပါဝင်နေသောကြောင့် တစ်နိုင်ငံလုံးအဆင့် စစ်ဆေးမေးမြန်းမှု ပြုလုပ်ရသည့် သတင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတတ်သည်။ ဥပမာ သင့်ရပ်ရွာရှိ စာသင်ကျောင်းမှ ကျောင်းထွက်နှုန်းမှသည် တစ်နိုင်ငံလုံးအဆင့် ကျောင်းထွက်နှုန်းကို စိတ်ဝင်တစားရှိလာကြသည့် ဖြစ်ရပ်မျိုးပင်။

ကမ္ဘာပေါ်ရှိ ဒေသအများအပြားတွင် အရေအတွက်များ၊ တွက်ချက်ရေးသားထားသော မှတ်တမ်းမှတ်ရာများကို လက်လှမ်းမီရရှိနိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ အကြောင်းမှာ ထိုသို့သော တွက်ချက်ဖော်ပြမှုများ မရှိသောကြောင့် ဖြစ်သည်။ ထိုသို့ စာရွက်စာတမ်းရှားပါးသည့် အခြေအနေမျိုးတွင် စုံစမ်းဖော်ထုတ် သတင်းလိုက်စရာ နည်းလမ်း နှစ်သွယ် ရှိသည်။ သင့်ကိုယ်တွေ့ လေ့လာတွေ့ရှိချက်များကို အသုံးပြုခြင်းနှင့် သက်ဆိုင်သည့်လူပုဂ္ဂိုလ်များကို စနစ်တကျတွေ့ဆုံမေးမြန်းခြင်းတို့ ဖြစ်သည်။ လူများ၊ ဖြစ်ရပ်များ၊ ဆင်ခြေပေးခြင်းများ၊ စိတ်အားထက်သန်မှုများ၊ ခံစားချက်များနှင့် ငြင်းခုံဆွေးနွေးမှုများသည် အရည်အသွေးအခြေပြု အချက်အလက်များဟု သတ်မှတ်နိုင်သည်။ လမ်းညွှန်လိပ်စာတစ်ခုသည် လိပ်စာရှင်ထံသို့ ရောက်ရှိသွားစေနိုင်သကဲ့သို့ပင် အကြောင်းအရာတစ်ခုကို စတင်မိလိုက်သည်နှင့် လူတစ်ဦး သို့မဟုတ် လူတစ်စုထံသို့ ဦးတည်ရောက်ရှိသွားနိုင်သည်ကို သင့်စိတ်ဝယ် စွဲမှတ်ထားရပါမည်။

သုတေသနအတွက် ပြင်ဆင်ခြင်း

အင်တာဗျူးဖြေဆိုထားသူများ၊ သတင်းပေးသူများ၊ အခြားဆက်သွယ်ရန် ပုဂ္ဂိုလ်များနှင့် ပညာရပ်အလိုက် ကျွမ်းကျင်သူများ၏ အချက်အလက်များကို ဒေတာဘေ့စ်တစ်ခုဖန်တီးကိုင်တွယ်နိုင်သည့် အီလက်ထရောနစ် ပရောဂျတ်စီမံခန့်ခွဲမှု နည်းပညာကိရိယာများရှိပါသည်။ ထိုဒေတာဘေ့စ်တွင် အထင်အရှားရှိပြီးသား အချက်အလက်များကို မှတ်တမ်းထားရှိနိုင်ရန် မေးခွန်းများ၊ အချက်အလက်စာရင်းနှင့် အတည်ပြုရန်လိုအပ်ဆဲ ယူဆချက်များ ပါရှိရမည်ဖြစ်သလို ဆီလျော်အပ်စပ်မှုရှိသော စာရွက်စာတမ်းများ၊ စာရင်းအင်းများ၊ အချက်အလက်သိမ်းဆည်းမှုများနှင့် အင်တာဗျူးများသို့ ရောက်ရှိနိုင်မည့်လင့်ခ်များ ပါရှိရန်လည်းလိုသည်။ သတင်းသမားများအကြားတွင် ရေပန်းစားသည့် အီလက်ထရောနစ် ပရောဂျတ်စီမံခန့်ခွဲမှု နည်းပညာကိရိယာတစ်ခုမှာ Evernote ဖြစ်သော်လည်း လျှို့ဝှက်သတင်းအချက်အလက်များကို သိမ်းဆည်းနိုင်လောက်အောင်တော့ ယင်းက လုံခြုံမှုမရှိပါ။ မည်သည့် စီမံခန့်ခွဲမှုနည်းပညာကိရိယာကို သုံးမည်ဖြစ်စေ လုံခြုံရေးကို ထည့်စဉ်းစားရန် လိုသည်။