၂.၁။ စနစ်ကျသော အင်တာဗျူးများ ပြုလုပ်ခြင်း


စနစ်ကျသောအင်တာဗျူးများ (Structured interviews) သည် အသေးစား စစ်တမ်းကောက်ယူမှုများနှင့် သဏ္ဌာန်တူပါသည်။ တရားဝင်စာရွက်စာတမ်းများ မရှိနိုင်သည့်အခါတွင် အချက်အလက်အထင်အရှားရှိလာစေရန် စနစ်တကျ ဆောင်ရွက်မှုတစ်မျိုးဖြစ်ပါသည်။ စံသတ်မှတ်ထားသည့် မေးခွန်းတစ်စုံရှိရန်လိုပြီး ယင်းမှ အရည်အသွေးအခြေပြု အချက်အလက်များ ပေါ်ထွက်လာပါလိမ့်မည်။ သို့သော် သင့်အနေဖြင့် တစ်ဦးချင်းနှင့် စကားပြောဆိုနေရင်း ဖြတ်ခနဲပေါ်လာသည့် မေးခွန်းအပိုလေးများကိုလည်း မိမိ၏အစွမ်းအစဖြင့် ထပ်မံဖြည့်သွင်းနိုင်ပါသည်။

(၁။) ဖြစ်နိုင်ဖွယ်ရှိသော အချက်အလက်များကို ဖော်ထုတ်နိုင်သည့် အကျဉ်းရုံးမေးခွန်းများကို စာရင်းပြုစုထားပါ။ ဥပမာအားဖြင့် သတင်းအရင်းအမြစ်အား အကြောင်းအရာတစ်ခုခု စတင်ဖြစ်ပျက်ခဲ့သည်ကို မှတ်မိပါသလားဟူ၍ ဖြစ်သည်။ ဤနည်းဖြင့် (ဥပမာ – မျက်နှာစိမ်းများက ကျူးလွန်သော မုဒိန်းမှု သို့မဟုတ် ကျူးလွန်စော်ကားမှုများ၊ သီးနှံများ ပျက်စီးခြင်း၊ ကားလမ်းများ ပျက်စီးခြင်း၊ ဒေသခံလူအချို့ ပျောက်ဆုံးသွားခြင်း စသဖြင့်) အချို့သော ပြဿနာများ စတင်ပေါ်ပေါက်ခဲ့စဉ်က အခြေအနေများကို သိရှိနိုင်သလို ၎င်း၏ဖြစ်နိုင်ဖွယ်ရှိသော အကြောင်းရင်းများ (ဥပမာ – ‘အဲ့ဒီအချိန်တုန်းက … လည်း ဖြစ်ခဲ့သေးတယ်’ ဟူသော ဖြေဆိုချက်များ) နှင့် အခင်းအကျင်းတစ်ခုနှင့် ပတ်သက်၍ တုံ့ပြန်မှုများ (‘ကျွန်မတို့ … မြို့ကို ပြောင်းဖို့ ဆုံးဖြတ်ဖြစ်ခဲ့ကြတယ်’) တို့ကို သိရှိနိုင်ပါသည်။

(၂။) သတင်းရင်းမြစ်များအားလုံးကို မေးခွန်းတစ်ပုံစံတည်းသာ မေးပါ။

(၃။) မေးခွန်းများကို တိတိကျကျမေးပြီး ခိုင်မာသည့် အသေးစိတ်အချက်အလက်များကို ရှာဖွေကာ အဖြေများကိုလည်း တိကျစွာ မှတ်တမ်းတင်ထားပါ။ ကွက်ကွက်ကွင်းကွင်းနှင့် ခံစားမှုလွှမ်းနေသော တုံ့ပြန်မှုများကို လိုကောင်းလိုမည် ဖြစ်သလို တိတိကျကျဖြင့် (ဟုတ်တယ်၊ မဟုတ်ဘူး ဟု ဖြေဆိုရသည့်) အပိတ်မေးခွန်းများသည်လည်း တိကျရေရာသော အဖြေများရရှိရန် အသုံးဝင်သည့် အင်တာဗျူးနည်းတစ်ခု ဖြစ်သည်။ ထိုအဖြေများအားလုံးကို တစ်စုတစ်စည်းတည်း ကောက်ယူနိုင်ခြင်းအားဖြင့် သင့်ဒေတာဘေ့စ်ကို တည်ဆောက်နိုင်ပါသည်။