ကိန်းဂဏန်းချည်းသက်သက်ဖြင့် သင်သိနိုင်သည်က နည်းနည်းသာ ရှိသည်။ ထိုကိန်းဂဏန်းများသည် လူဦးရေပမာဏကြီးတစ်ခုလုံးထဲမှ အချိုးအစားတစ်ခုကိုသာ ကောက်ယူကာ အဓိပ္ပာယ်ဖော်ထားခြင်း ဖြစ်သည်။ ‘ဆရာဝန်ငါးဦးတွင် လေးဦးက’ ဆိုသောဖော်ပြချက်သည် မျက်ခုံးပင့်စရာ ဖြစ်သည်။ သို့သော် ထိုစစ်တမ်းကို ကောက်ယူခဲ့သည့် အိန္ဒိယနိုင်ငံရှိ ဆရာဝန်ထောင်ပေါင်းများစွာမှ ၂၀ ကိုသာ မေးမြန်းခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ ထို ၁၆ ဦးသာရှိသော ဆရာဝန်တို့သည် နိုင်ငံတစ်ဝန်းရှိ ဆရာဝန်များအားလုံးတွေးသလို၊ ပြုမူသလို ကိုယ်စားပြုပါသည်ဟု ဆိုရန် ခက်ပါသည်။

ကိုယ်စားပြုစစ်တမ်းကောက်ယူမှုများတွင် ကိုက်ညီရမည့် အခြေအနေများ ရှိသည်။ ဆိုခဲ့သည့် ဆရာဝန်ဥပမာတွင် သတင်းသမားများအနေဖြင့် အောက်ပါအချက်များကို စစ်ဆေးရန်လိုသည်။

  • > ထိုစစ်တမ်းသည် တစ်နိုင်ငံလုံးမှ မတူညီသည့်အမြင်များကို သိရှိနိုင်ရန် မတူညီသည့် မြို့ကြီးများ သို့မဟုတ် ဆေးရုံများတွင် ကောက်ယူခဲ့ခြင်း ဖြစ်ပါသလား။
  • > စစ်တမ်းအဖြေများကို ကောက်ယူရန် ဖုန်း၊ အွန်လိုင်း သို့မဟုတ် လူကိုယ်တိုင် တွေ့ဆုံမေးမြန်းမှု စသည်တို့ထဲမှ မည်သည့်နည်းဖြင့် ပြုလုပ်ခဲ့ပါသနည်း။
  • > သက်ဆိုင်သူများ၏ အဖြေများကို ထင်ဟပ်မှုရှိစေရန် မည်သည့်စစ်တမ်းကောက်ယူမှုနည်းကို ရွေးချယ်ခဲ့ပါသနည်း။
  • > ထိုစစ်တမ်းတွင် အသက်အရွယ်နှင့် လိင်အုပ်စု စုံလင်စွာ ခြုံငုံမေးမြန်းနိုင်ခဲ့ခြင်း ရှိပါသလား။
  • ယင်းတို့မှာ နမူနာမျှသာဖြစ်ပါသည်။ အကြောင်းအရာနှင့် ရလဒ်များကိုမူတည်၍ စစ်တမ်းတစ်ခု၏ မှန်ကန်နိုင်မှုကို မည်သို့သတ်မှတ်ရမည်ဟူသည်ကို သတင်းသမားအနေဖြင့် စဉ်းစားရမည်သာ ဖြစ်သည်။