သတင်းအကြောင်းအရာ စိတ်ကူးထုတ်စဉ်တွင် ပြဿနာနှစ်ခု ပေါ်လာနိုင်သည်။ ပထမပြဿနာမှာ စုံစမ်းဖော်ထုတ်မှုကို မျှတအောင် ပြုလုပ်နေစဉ်အတွင်း စိတ်ခံစားချက်များ ပေါ်ပေါက်ဝင်ရောက်လာခြင်း ဖြစ်သည်။ အချက်အလက်မှန်များအစား တစ်စိတ်ကို တစ်အိတ်လုပ်ထားသည့် အချက်များနှင့် ပြည့်နှက်နေသည့် သတင်းအကြောင်းအရာတစ်ခုတွင် အစိုးရအရာရှိများ၏ ပြုမူကျင့်ကြံမှုများအပေါ် ဒေါသထွက်လာတတ်သည်။ ထိုသို့သောအခါမျိုးတွင် သတင်းပညာ၏ အခြေခံ ဆင်ခြင်မှုကို သစ္စာမဖောက်မိရန် လိုအပ်သည်။ သို့ဖြစ်၍ ကိုယ့်ခံစားမှုများကို ရင်ဆိုင်ကာ ယုံကြည်စိတ်ချရသည့် အကြံဉာဏ် ပေးနိုင်သူများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် စကားပြောဆိုကာ အချက်အလက်ပေါ်တွင် အခြေခံသည့် သတင်းတစ်ခုကို ရေးသားနိုင်စေရန် အကောင်းဆုံး ကြိုးစားရပေမည်။

နောက်ထပ် ပေါ်ပေါက်လာနိုင်သည့် ပြဿနာတစ်ခုမှာ ကိုယ့်အတွေ့အကြုံသည် အားလုံးကို ကိုယ်စားမပြုနိုင်ဟူသော အချက်ဖြစ်သည်။ အခြားသူများသည် အလားတူတွေ့ကြုံရဖူးသလား ဟူသည့်အချက်ကို နားလည်ဖို့ လိုသည်။ သင်သည် သတင်းသမားတစ်ယောက်၊ ယောကျ်ားသားတစ်ယောက်၊ ပညာတတ်တစ်ယောက် ဖြစ်နေသောကြောင့် ထိုသို့ တွေ့ကြုံရခြင်းဖြစ်နေသလား စဉ်းစားပါ။ အခြားသူများရော အလားတူပင် ကြုံရဖူးသလား။ ပြဿနာတစ်ခုသည် နေ့စဉ်နေ့တိုင်း ပေါ်ပေါက်လေ့ရှိသလား၊ တစ်ကြိမ်တစ်ခါတည်းသာ ဖြစ်ဖူးသည်လား စဉ်းစားပါ။ ဖြစ်ပျက်ပုံတစ်ခုတည်းထက်ပို၍ ကျယ်ကျယ်ပြန့်ပြန့် သတင်းရေးသားရမည်ဖြစ်သည်။ ကိုယ်တွေ့ဖြစ်ရပ်များကို အခြေခံ၍ ရေးသားခြင်းသည် အတွေးအမြင်၊ အာဘော်ကဏ္ဍနှင့်သာ ကိုက်ညီပေလိမ့်မည်။ ယင်းသည် စုံစမ်းဖော်ထုတ် ရေးသားမှုမဟုတ်ချေ။ သင့်တင့်လျောက်ပတ်သည့် သတင်းတစ်ပုဒ် ရရှိလိုလျှင် အကြောင်းရင်းကို ဖွေရှာခြင်း၊ အခြေအနေကို နားလည်သိမြင်ခြင်း၊ အခြားသူများနှင့် စကားပြောကြည့်ခြင်းအားဖြင့် ထိုအကြောင်းအရာသည် မိမိ၏ တစ်ကိုယ်ရည် မကျေနပ်မှုတစ်ခုမဟုတ်ဘဲ အများကို ကိုယ်စားပြသည့် သတင်းဖြစ်သည်မှာ သေချာအောင် စိစစ်သင့်ပါသည်။

သင့်လုပ်ဖော်ကိုင်ဖက်နှင့် မိတ်ဆွေများထံမှ မသိမသာ သတင်းပေးသည့် စကားများနှင့် ပတ်သက်၍လည်း ဖော်ပြပါ အကြံပြုချက်ကို ကျင့်သုံးရပါမည်။ သူတို့တွေ့ကြုံခဲ့ရသည်မှာ အမှန်အတိုင်းဖြစ်နိုင်သော်လည်း အများကိုကိုယ်စားမပြုဘဲ ဘက်လိုက်သည့်အမြင် ဖြစ်နေနိုင်သည်။ နောက်ထပ်လည်း ထိုကဲ့သို့ တိုက်ရိုက်တွေ့ကြုံဖူးခြင်းမရှိသည့် မိတ်ဆွေများထံမှ ထပ်ဆောင်းသိရချက်များကိုလည်း ထည့်သွင်းစဉ်းစားရမည်။ အတွေ့အကြုံဝေမျှပြောဆိုမှုများတွင် အမည်၊ နေရပ်နှင့် မည်သူ့ကို တွေ့ဆုံမေးမြန်းထားသည်ဆိုသည့် အချက်အလက်များ မပါဝင်ပါက ယင်းမှာ ကောလဟလဆန်ဆန် ချဲ့ကားပြောရာမှ အမှန်ထင်လာကြသော စကားဆန်ဆန်မျှသာ ဖြစ်နေပေလိမ့်မည်။ အတွေ့အကြုံသည် ကောင်းမွန်သည့် စုံစမ်းဖော်ထုတ်မှုတစ်ခုအတွက် ကနဦးခြေလှမ်း ဖြစ်သည်မှာ မှန်ပါသည်။ သို့သော် ကနဦးခြေလှမ်းထက်တော့ မပိုပါချေ။

ထို့ပြင် စုံစမ်းဖော်ထုတ်မှု သတင်းပညာဗဟိုဌာမှ အောက်ပါအကြံပြုချက်ကို မှတ်သားသင့်သည်။ “သင်သိကျွမ်းသည့် အချို့သောပုဂ္ဂိုလ်များသည် အလုပ်နှင့်စပ်လျဉ်းသည့် အကြောင်းကိစ္စများကို ဖွင့်ဟဖော်ထုတ်ခြင်း မပြုနိုင်သော (ဥပမာ – ရဲအရာရှိ) အလုပ်ကို ဆောင်ရွက်နေသည်ဆိုပါစို့။ သူတို့နှင့် ပတ်သက်၍ သတင်းအကြောင်းအရာထဲတွင် ထည့်သွင်းဖော်ပြမည်ဟု စဉ်းစားမိသည့်အခါ မိတ်ဆွေများ၊ အိမ်နီးချင်းများ ဖြစ်ကြသည့်အလျောက် သူတို့အတွက်လည်း အပမ်းမကြီးသဖြင့် ငြိုငြင်မည်မဟုတ်ဟု ထင်ရသော်လည်း သူတို့အား တစ်ဘဝတာ အခက်တွေ့အောင် လုပ်မိလျက်သား ဖြစ်သွားတတ်ပါသည်။ ထို့ကြောင့် တစ်ဦးတစ်ယောက်၏ ပုဂ္ဂလိကဘဝကို ထည့်သွင်းဖော်ပြဖို့ရှိတိုင်း အမြဲတမ်း သူတို့ထံမှ ခွင့်ပြုချက်တောင်းခံပါ။”