အမှားအယွင်း အလွဲအချော်များကို ထောက်ပြသည့် သတင်းအများအပြားသည် မသိမသာ သတင်းပေးချက်များမှတဆင့် ပေါ်ထွက်လာခြင်းဖြစ်သည်။ ဥပမာအားဖြင့် ရဲဌာနမှ အသိအကျွမ်း ရဲဝန်ထမ်းမှတဆင့် ကားခိုးရောင်းစားမှုများထဲတွင် ကော်မရှင်လူကြီးတစ်ဦး ပါဝင်နေသည်ဟု မသိမသာ သတင်းပေးရာမှရခြင်း ဖြစ်သည်။ သတင်းစာလပေးမှာယူထားသော အညှိုးအတေးကြီးသည့် အိမ်ထောင်ကွဲအမျိုးသမီးတစ်ဦးက သူ့ခင်ပွန်းဟောင်းသည် အခွန်ရှောင်သူတစ်ဦးဖြစ်သူဟု လက်ထောက်ချခြင်းမျိုးလည်း ရှိနိုင်သည်။ နိုင်ငံရေးသမားတစ်ဦးက ခင်မင်ရသော အယ်ဒီတာကို ကားတင်ဒါလျှောက်ထားသည့် ကုမ္ပဏီနှင့် တင်ဒါစိစစ်ရေးအဖွဲ့လူကြီးတစ်ဦးတို့ကြား လူသိမခံသော ရင်းနှီးပတ်သက်မှုရှိသည့်အကြောင်း လွှတ်ခနဲ ပြောမိလိုက်သည်လည်း ရှိနိုင်သည်။

သို့သော် ထိုသို့သော မသိမသာ သတင်းပေးချက်များ၏ နောက်ကွယ်တွင် အကြောင်းအရာများစွာ ရှိနိုင်ပါသေးသည်။ လုပ်ကြံ၍ ဇာတ်လမ်းဆင်၍ ပြောဆိုခြင်းလည်း ဖြစ်နိုင်သည်။ ခြေထိုးလိုက်ခြင်းလည်း ဖြစ်နိုင်သည်။ နိုင်ငံရေးရွှေ့ကွက်အဖြစ်အသုံးချလို၍ သတင်းရေးချင်လာအောင် မြူလိုက်ခြင်းလည်း ဖြစ်နိုင်သည်။ ကောလာဟလများကို မှန်ကန်ကြောင်းအတည်ပြုချက်ရယူသည့် စည်းမျဉ်းများအတိုင်း စစ်ဆေးကြည့်နိုင်သည်။ ထို့အပြင် မိမိကိုယ်မိမိလည်း အောက်ပါအတိုင်း မေးခွန်းထုတ်သင့်သည်။

  • >ဤအကြောင်းအရာသည် အကယ်၍ ဤကဲ့သို့ စကားအစအန ထွက်မလာခဲ့လျှင်ပင် သတင်းရေးမည်ဟု သတ်မှတ်ထားသည့် အကြောင်းအရာ ဖြစ်ပါသလား။
  • >ဤအကြောင်းအရာသည် မိမိ သဲသဲမဲမဲစိတ်ဝင်စားသည့် အကြောင်းအရာဖြစ်ပါသလား။
  • >ဤအကြောင်းအရာအတိုင်း အမှန်ကို ထုတ်ဖော်လိုက်လျှင် အများပြည်သူအတွက် အမှန်တကယ် အကျိုးစီးပွားရှိစေနိုင်သလား ဟူသည့်မေးခွန်းများပင်ဖြစ်သည်။

အကယ်၍ သင့်အနေဖြင့် အထက်ပါမေးခွန်းများအားလုံးကို “ဟုတ်ပါသည်၊ မှန်ပါသည်” ဟု ဖြေဆိုခဲ့မှသာလျှင် သတင်းလိုက်ရန် ရှေ့ဆက်ဆောင်ရွက်သင့်ပါသည်။


အကျင့်ပျက်ခြစားမှု – ဒင်္ဂါးတစ်ပြား၏ ခေါင်းနှင့်ပန်းကိစ္စ

ဥပမာပေးခဲ့သော တင်ဒါစိစစ်ရေးအဖွဲ့နှင့် အခွန်ရှောင်သည့် ခင်ပွန်းဟောင်းတို့ကဲ့သို့သော အချို့ဖြစ်စဉ်များတွင် အကျင့်ပျက်ခြစားသည်ဟု ယူဆရသူ နောက်တစ်ဦးကို ဖော်ထုတ်နိုင်ရုံဖြင့် လူမှုတရားမျှတမှုကို သိသိသာသာ အားကောင်းလာစေမည် မဟုတ်ပါ။ ထိုသို့သော အခြေအနေမျိုးသည် နိုင်ငံတော်အဆောက်အအုံနှင့် အချို့သော လူမှုလူတန်းစားများအကြား အကျင့်ပျက်ခြစားမှုနှင့် အခွန်ရှောင်မှုများ ကျယ်ကျယ်ပြန့်ပြန်ပေါ်ပေါက်နေသည့် အချို့နိုင်ငံများတွင် ဖြစ်တတ်စမြဲပင်။ အမှားအယွင်းကျူးလွန်နေသူတစ်ဦးကို ဖော်ထုတ်နိုင်ခြင်းဖြင့် အခြားသူများလည်း ကြောက်ရွံ့သွားမည်၊ ထိုကဲ့သို့ လုပ်ရပ်မျိုးကို ရှောင်ရှားသွားမည်၊ ထိုအခါတွင်အကျင့်ပျက်ခြစားမှုကိုတွန်းလှန်သည့်တိုက်ပွဲ တစ်ဆင့်မြင့်လာမည်ဟု သတင်းသမား အများအပြားက ဆိုတတ်ကြသည်။ ထိုစကားက မှန်သင့်သလောက် မှန်ပါသည်။ အခွန်ငွေများမှာ အခွန်ထမ်းပြည်သူ့ငွေ ဖြစ်သောကြောင့် ပြည်သူ့တွင် သိပိုင်ခွင့်ရှိသည်မှာလည်း မှန်ပါသည်။ သို့သော် အကျင့်ပျက်ခြစားသူ တစ်ဦးတည်းကို ဖော်နိုင်ရုံဖြင့် စနစ်ကိုလှိုက်စားလျက်ရှိသော အကျင့်ပျက်ခြစားမှုများအပေါ် သက်ရောက်မှုအနည်းအကျဉ်းသာ ရှိပါသည်။ ယင်းသို့ သက်သေပြနိုင်သည့် သာဓကများစွာလည်း ရှိပါသည်။ တစ်နိုင်ငံလုံး၏ စနစ်ယန္တရားများတွင် (အကျင့်ပျက်ခြစားမှုက) အရိုးစွဲပြီး၊ ရံဖန်ရံခါ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရန်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများထဲထိပင် လှိုက်စားနေပါက ထိုသို့ (အကျင့်ပျက် ခြစားသူတစ်ဦးကို ဖော်ထုတ်နိုင်ကြောင်း) သတင်းများကို ကျော်လွှားချန်လှပ်ကာ “ဘာများထူးသေးလဲလို့ (တစ်ခါလာ မဲပြာပုဆိုးပါပဲကွာ)” ဟူ၍ ဆိုပေလိမ့်မည်။

သို့သော် အကယ်၍ သတင်းသမားများသည် အကျင့်ပျက်ခြစားမှု ဖြစ်ရပ်တစ်ခုကို နမူနာပြသည့်အပြင် အခွန်ရှောင်မှုနှင့် လာဘ်စားမှုတို့ကို ခပ်လွယ်လွယ်လုပ်လို့ရနေစေသည့် စနစ်တွင်းအမှားအယွင်းများကို မီးမောင်းထိုးပြနိုင်လျှင် သတင်းသည် သက်ရောက်မှုအားပိုကောင်းပြီး ဖုံးဖိထားရန်မလွယ်ကူတော့ဘဲ ဖြစ်သွားပါလိမ့်မည်။