မသိမသာ သတင်းပေးချက်များ သို့မဟုတ် အွန်လိုင်းပေါ်တွင် ဘယ်သူရေးမှန်းမသိရသည့် အိတ်ဖွင့်ပေးစာများ စသည့် သတင်းရင်းမြစ်များကို အကဲဖြတ်ခြင်းဖြင့် စတင်ဖို့လိုပါသည်။ အစောဆုံး မှတ်တမ်းမှတ်ရာမှစ၍ မည်သူကရေးကြောင်း၊ မည်သည့်အထောက်အထားရှိကြောင်း၊ မည်သည့်စေ့ဆော်မှုရှိကြောင်း မေးခွန်းထုတ်ရပါမည်။ အွန်လိုင်းပေါ်တွင် တကယ့်ကျွမ်းကျင်သူများအစ၊ လျှို့ဝှက်ပူးပေါင်းကြံစည်မှုများကို သီအိုရီထုတ်နေသူများအလယ်၊ စီးပွားရေးနှင့်နိုင်ငံရေး အကျိုးအမြတ်ရှာသည့် လောဘီများအဆုံး ဘယ်သူပဲဖြစ်ဖြစ် ဘာမဆိုရေးနိုင်ပါသည်။

အကယ်၍ မည်သူမည်ဝါရေးကြောင်း ဖော်ချင်ပါလျှင် သင့်အနေဖြင့် ထိုပုဂ္ဂိုလ်နှင့်ပတ်သက်၍ ဖြစ်နိုင်သမျှ ခပ်များများ ရှာဖွေဖတ်ရှုရန်လိုသည်။ သူ့ဘဝဇာတ်ကြောင်းက ဘယ်လို၊ သူလေ့လာခဲ့သည်က ဘယ်မှာ၊ သူအားကိုးသည့် အာဏာရှင်တွေက ဘယ်သူ စသဖြင့် သိဖို့ကြိုးစားရမည်။ သူ့ Facebook Account နှင့် Twitter ပေါ် ရေးတင်သည်များကို စစ်ဆေးကြည့်ရမည်။ သူပြောသည့်ထဲမှာ စီးပွားရေးလုပ်ငန်းကြီးတစ်ခုခု ပါဝင်နေလျှင် ထိုလုပ်ငန်းကို ဘယ်သူတွေက အဓိကကြိုးကိုင်သလဲ၊ လုပ်ငန်းနှင့် ထိုပုဂ္ဂိုလ်၏ မိတ်ဆွေရောင်းရင်းများ၊ ပြိုင်ဘက်များ၊ အစိုးရနှင့် နီးစပ်သူများကြားတွင် နှီးနွယ်မှုရှိသလား စသည်တို့ကို စစ်ဆေးရမည်။ စိုက်ပျိုးရေးဝန်ကြီးအသစ်သည် အထင်ကရ မျိုးစေ့ရောင်းဝယ်ရေး ကုမ္ပဏီတစ်ခု၏ ဘုတ်အဖွဲ့ဝင်ဖြစ်နေသလား၊ ဖြစ်လျှင် တရားဝင်သလား၊ တရားဝင်ခွင့်ပြုထားကြောင်းမှန်လျှင် အကျိုးစီးပွားပဋိပက္ခရှိကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုထားသလား စသဖြင့် ကြည့်ရမည်။ ထိုသို့သောချိတ်ဆက်မှုများကို ကိုင်တွယ်နိုင်ပါက မသိမသာ သတင်းပေးချက်၏ အားကောင်းမှုကို ချိန်ဆနိုင်သည့်အပြင် နောက်နောင်အတွက်အသုံးဝင်သော အမြင်သစ်များကို ရရှိစေမည်ဖြစ်သည်။

ထိုပုဂ္ဂိုလ်နှင့်သိကျွမ်းသော၊ အလုပ်အတူလုပ်ဖူးသောသူများနှင့် ထိုပုဂ္ဂိုလ်အပေါ် မည်သို့ပုံဖော်ပြောဆိုကြသလဲ ဟုသိရှိနိုင်ရန် စကားစမြည်ပြောဆိုကြည့်ပါ။ ထိုသူတို့၏ပြောဆိုချက်များသည် သင်စိတ်ကူးထားသည့် သတင်းခေါင်းစဉ်နှင့် လွဲနေလျှင်တော့ လမ်းလွဲနေသည်မှာ သေချာပေပြီ။ သို့သော် ထိုပုဂ္ဂိုလ်၏အတွင်းစည်းထဲမှ လက်သုံးတော်များကိုတော့ သတိထားရန်လိုသည်။ ရည်ညွှန်းပြောဆိုချက်တိုင်းကို ချက်ချင်း ယုံရမည်မဟုတ်။

ရေနံ၊ မြေယာ သို့မဟုတ် ပညာသင်ဆုကဲ့သို့ ရှားရှားပါးပါးကိစ္စများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာများကို ဖတ်ရသောအခါ မေးစရာရှိလာပါလိမ့်မည်။ ထိုရင်းမြစ်များကို မည်သူများက ထိန်းချုပ်ထားသလဲ၊ စီမံခန့်ခွဲသလဲ၊ ခွဲဝေပေးသည့် စနစ်ယန္တရား မည်သို့ရှိသလဲ စသည့်မေးခွန်းများသည် အကျင့်ပျက်ခြစားမှုများကို ဖော်ထုတ်ရာတွင် အထောက်အကူပြုနိုင်ပါသည်။ ထိုသူများသည် မည်သည့်အပိုင်းကို ဖော်ထုတ်ပြီး၊ မည်သည်တို့ကို ထိန်ချန်ထားသလဲ ဟူသည်ကို စုံစမ်းဖော်ထုတ်သူသတင်းသမားများက သိနိုင်ပါလိမ့်မည်။

စွပ်စွဲချက်တစ်ခုအတွက် မောင်းတင်ထားလိုက်သည်နှင့် စာရွက်စာတမ်းများ၏ စစ်မှန်မှုကိုလည်း မေးခွန်းထုတ်ရပေဦးမည်။ စာရွက်စာတမ်း အထောက်အထားများတွင် အတုအယောင်များ၊ တစ်စိတ်တစ်ပိုင်း မှီးငြမ်းထားခြင်းများနှင့်လည်း ကြုံနိုင်သေးသည်။ တရားဝင် ရုံးတံဆိပ်အမှတ်အသားပါရှိသည့် စာရွက်များ သို့မဟုတ် ဖိုတိုရှော့၊ ကွန်ပြူတာတစ်လုံးနှင့် မိတ္တူကူးစက်တစ်လုံးရှိနေလျှင် ဘာမဆို လုပ်၍ရပေသည်။ အကယ်၍ စာရွက်စာတမ်း အစစ်အမှန် ဖြစ်လျှင်ပင် မဟာဗျူဟာကျကျ ဖျောက်ဖျက်ထိန်ချန်ထားသော အခြားစာရွက်စာတမ်းများ ရှိနေပါက သတင်းအကြောင်းအရာ၏ တစ်ဝက်တစ်ပျက် တစ်ပိုင်းတစ်စကိုသာ ရရှိနိုင်သဖြင့် သတိထားစစ်ဆေးရမည်။ သတင်းအချက်အလက်၏ ရင်းမြစ်မှန်ကန်မှုကို အစိုးရအတွင်းမှ ယုံကြည်စိတ်ချရသည့် သတင်းရင်းမြစ်များနှင့် တိုက်ဆိုင်စစ်ဆေး၍ မှန်ကန်ကြောင်း အတည်ပြုရမည်။

ရံဖန်ရံခါတွင် စာရွက်စာတမ်းများသည် လွန်စွာရှုပ်ထွေး၍ ပညာရပ်သဘောများ ပါဝင်သောကြောင့် ယင်းနှင့်ပတ်သက်၍ ကျွမ်းကျင်မှုမရှိသူများသည် အခြားကျွမ်းကျင်သူတစ်ဦးဦးကို အားကိုးရန် လိုအပ်ပေလိမ့်မည်။ အချို့စာရွက်စာတမ်းများနှင့် ပတ်သက်၍မူ စာရင်းစစ်များ၊ ရှေ့နေများ သို့မဟုတ် ဆရာဝန်များကဲ့သို့ လွတ်လပ်သည့် ကျွမ်းကျင်ပုဂ္ဂိုလ်များနှင့် ဆွေးနွေးသင့်သည်။ ရံဖန်ရံခါတွင် စွပ်စွဲထားသည့်အတိုင်း အမှန်ပင်ဖြစ်နေသော်လည်း သိပ်အရာမရောက်သည့် လုပ်ငန်းပေါ့ဆမှုမျှသာ ဖြစ်နေတတ်သည်။ အကျင့်ပျက်ခြစာမှုရှိနေပါသည်ဟူသော စွပ်စွဲချက်များက ခြင်ပေါသလို ပေါများနိုင်ပါသော်လည်း အခြားဇာတ်ကွက်ဆင်မှုများထဲတွင် သားကောင်ဖြစ်မသွားရန် သတင်းသမားများအနေဖြင့် သတိထားရမည်ဖြစ်သည်။

သင့်အနေဖြင့် အရိပ်အမြွက်ပြောစကားများ၊ ကောလာဟလများ၊ မသိမသာ သတင်းပေးချက်များကို ပိုက်စိပ်တိုက် စစ်ဆေးပြီးနောက် စုံစမ်းဖော်ထုတ်မှုကို ဖြစ်နိုင်သမျှမြန်မြန် စချင်မိပါလိမ့်မည်။ နက်နက်ရှိုင်းရှိုင်း သုတေသနလုပ်ငန်းများထဲသို့ ခေါင်းမလျှိုဝင်လိုက်ခင် မည်သို့မည်ပုံရှေ့ဆက်ရမည်ကို သေချာ အစီအစဉ်ရေးဆွဲသင့်သည်။ ပထမဆုံးခြေလှမ်းက ဘာတွေဖြစ်မည်လဲ၊ စုံစမ်းဖော်ထုတ်မှုတစ်လျှောက် ဘာကို စိတ်ထဲမှာ ထားရမည်လဲ။ ထိုမေးခွန်းများကို လာမည့်အခန်းတွင် ဆက်လက်ဆွေးနွေးပါမည်။