၁။ အချက်အလက်များကို လုံခြုံစေခြင်း

၁။ အချက်အလက်များကို လုံခြုံစေခြင်း


ပါဝါကြီးမားသည့် အင်အားစုများ လှုပ်ရှားနေကြပြီး၊ လူ့လွတ်လပ်မှုအနည်းငယ်သာ ခွင့်ပြုထားသော နိုင်ငံတစ်ခုတွင် အထူးသဖြင့် အငြင်းပွားဖွယ်ကိစ္စတစ်ခုကို စုံစမ်းဖော်ထုတ်တော့မည်ဆိုပါက သင့်အချက်အလက်များ လုံခြုံရေးသည် အခရာကျပေသည်။ ထိုသတင်းမျိုးထွက်ပေါ်မလာစေချင်သူများက သင့်သုတေသနပြုချက်များကို ကပြောင်းကပြန် ဖြစ်စေရန် သို့မဟုတ် လျှို့ဝှက်ထောက်လှမ်းနိုင်ရန် ကြိုးစားကြလိမ့်မည်။ မိမိကို စောင့်ကြည့်ထောက်လှမ်းခံနေရခြင်းက မခံချိမခံသာ ဖြစ်ရပေလိမ့်မည်။ သို့သော် အများပြည်သူ သိရှိနိုင်ရန် မိမိ၏ စုံစမ်းဖော်ထုတ်မှုများကို တားဆီးရန် မည်သူတို့က စိတ်ဝင်စားနိုင်သလဲဟု မိမိကိုယ်မိမိ မေးမြန်းသင့်သည်။ နောက်ထပ်မေးခွန်းထုတ်ရမည့် အချက်များမှာ … ထိုသူများက ဝင်ရောက်စွက်ဖက်လာလျှင် ဘာတွေ ဖြစ်လာနိုင်သလဲ၊ သင့်သုတေသနသည် လူအပေါ် အခြေခံသလား၊ ဒစ်ဂျစ်တယ် အရင်းအမြစ်များပေါ်တွင် အခြေခံသလား၊ သင့်လုပ်ငန်းကို ကာကွယ်နိုင်ရန်အတွက် မည်သည့် လုံခြုံရေး နည်းနာ ကိရိယာများ လိုအပ်ပါသနည်း ဟူ၍ဖြစ်သည်။

သင့်သတင်းအရင်းအမြစ်များသည်လည်း အလားတူ ကြိုတင်ကာကွယ်မှုများ ရှိထားသင့်သည်ဆိုသော အချက်မှာ အထူးပြောနေရန်ပင် မလိုတော့ပါ။ သတင်းရင်းမြစ်ပုဂ္ဂိုလ်များသည်လည်း ယင်းတို့ရင်ဆိုင်လာရမည့် ကျူးကျော် ချဉ်းနင်းလာမှုများမှ ကာကွယ်ရန် လုံခြုံရေးနည်းလမ်းများကို သတိထားသင့်သည်။ မည်သို့ပင်ဖြစ်စေ မည်သည့်အရာကမျှ ရာနှုန်းပြည့် မလုံခြုံနိုင်ဟု သတိထားရမည်။ သင်နှင့် ဆန့်ကျင်သူတစ်ဦးက သင့်စက်ပစ္စည်း (ကွန်ပျူတာ/ဖုန်း) များကို ဖွင့်ဝင်ပြီး သိမ်းဆည်းထားသည့် သတင်းအချက်အလက်များကို ကြည့်ရှုသွားလျှင် ပို၍ ခက်ခဲ၊ ပို၍ အကုန်အကျများပြားပြီး ပို၍ အချိန်ကုန်လူပမ်း ဖြစ်နိုင်ပေသည်။

အောက်ပါအခန်းတွင် သင်၏ စက်ပစ္စည်းများကို ကာကွယ်ရာရောက်စေမည့် လုံခြုံရေးမဟာဗျူဟာများကို ခြုံငုံတင်ပြသွားမည် ဖြစ်ပါသည်။ အင်တာနက်သည် အစဉ်ပြောင်းလဲလျက်ရှိခြင်းကြောင့် (အောက်တွင် အကြံပြုထားသည့်) မည်သည့်ဆော့ဖ်ဝဲကို စက်၌တပ်ဆင် (install လုပ်) သည်ဖြစ်စေ ဆော့ဖ်ဝဲတစ်ခုချင်းစီ၏ နောက်ဆုံးဗားရှင်းဟုတ်,မဟုတ် စစ်ဆေးရမည်။ ထိုဝန်ဆောင်မှုများကို ရယူရန် မတွန့်တိုပါနှင့်။ ဈေးကွက်ထဲတွင် အခမဲ့နှင့် အခပေး ဆော့ဖ်ဝဲဗားရှင်းများစွာ ရှိသည်။ မည်သည့် ဆော့ဖ်ဝဲပရိုဂရမ်က သင့်လိုအပ်ချက်နှင့် အကိုက်ညီဆုံးဖြစ်ကြောင်း၊ မည်သည့်ဗားရှင်းကို အသုံးပြုရမည် ဖြစ်ကြောင်းကို ရှင်းလင်းပါ။ လုံခြုံရေးအာမခံချက်ရှိစေရန် အခြား IT သမားများမှ ကုတ်ဒ်(code) ဝင်ရောက် ပြင်ဆင်ရေးသား၍ရသော open-source ဆော့ဖ်ဝဲများကို ရှာဖွေကြည့်ရန် တိုက်တွန်းလိုပါသည်။ ပုဂ္ဂလိကပိုင် ဆော့ဖ်ဝဲများသည် ယင်းတို့၏ ကုတ်ဒ်များကို ဖော်ပြခြင်းအား ခွင့်ပြုမထားသောကြောင့် ဆော့ဖ်ဝဲပိုင်ရှင်မှ လွဲ၍ အခြားသူများက လုံခြုံရေးခြိမ်းခြောက်မှုအပိုင်းကို ပြင်ဆင်စစ်ဆေးရန် မဖြစ်နိုင်သည့် အခြေအနေတွင် open-source ဆော့ဖ်ဝဲများက အလားအလာရှိသော လုံခြုံရေးကျိုးပေါက်မှုများကို အလွန်လျှင်မြန်စွာ ရှာဖွေဖော်ထုတ်နိုင်သည်။