၁.၃.၂။ လူသိမခံဘဲ အင်တာနက်တွင် ရှာဖွေခြင်း


လျှော့တွက်ထားတတ်ကြသည့် အန္တရာယ်တစ်ခုမှာ ဝိုင်ဖိုင်လွှင့်စက် (Wi-Fi router) များ ဖြစ်သည်။ ဟက်ကာတစ်ဦးသည် သင့်ဝိုင်ဖိုင်လွှင့်စက် ပတ်လမ်းအတွင်းသို့ ချိုးဖောက်ဝင်ရောက်လာပြီး သင့်ကွန်ရက်တစ်ခုလုံးကို ကိုင်တွယ်အပိုင်စီးနိုင်သည်။ ထိုသို့သော အခြေအနေတွင် သင်သည် လွှင့်စက်၏ လျှို့ဝှက်နံပါတ်ကို ဖြစ်နိုင်သမျှ လုံခြုံရေးခိုင်မာအောင် ပြောင်းလဲပစ်သင့်သည်။ ထို့နောက် ဝိုင်ဖိုင်ကို ကုဒ်ပြောင်းဝှက်ရပါမည်။ လတ်တလောတွင် အလုံခြုံဆုံး ကုဒ်ပြောင်းဝှက်သည့်နည်းမှာ WPA2 ဖြစ်ပါသည်။ သင့်ဝိုင်ဖိုင်လွှင့်စက်ကို မည်ကဲ့သို့ ကုဒ်ပြောင်းဝှက်နိုင်သည်ကို မသိပါက ဆက်သွယ်ရေးလုပ်ငန်းကုမ္ပဏီများက ကူညီပေးနိုင်ပါသည်။ သို့သော် အင်တာနက် ချိတ်ဆက်ရန် လုံခြုံစိတ်ချရဆုံးနည်းလမ်းမှာ LAN ကြိုး အသုံးပြုခြင်း ဖြစ်ပါသည်။ အိမ်မှ အလုပ်လုပ်သည့်အခါ ဤနည်းကို အသုံးပြုသင့်ပါသည်။

သင့်ဝိုင်ဖိုင်လွှင့်စက်ကို လုံခြုံစိတ်ချရအောင် ပြုလုပ်ပြီးပါက သင့်အနေဖြင့် အင်တာနက်ဖွင့်ကာ သတင်းနောက်ခံအချက်အလက်များ ရှာဖွေခြင်း သို့မဟုတ် အလားအလာရှိသည့် သတင်းအရင်းအမြစ်များ ရှာဖွေခြင်းတို့ကို ပြုလုပ်မိလိမ့်မည်။ အကဲဆတ်သော အကြောင်းအရာများကို ရှာဖွေခြင်းကြောင့် လျှို့ဝှက်ထောက်လှမ်းနေသူများက သင့်လုပ်ဆောင်ချက်များကို စောင့်ကြည့်ကာ သံသယဝင်နိုင်ကြသည်။ သို့ဖြစ်၍ သုတေသနအတွက်ဖြစ်စေ၊ အနာဂတ်သတင်းအရင်းအမြစ်များနှင့်ပတ်သက်၍ ဖြစ်စေ၊ သင်ကိုယ်တိုင် အသုံးပြုရန်ဖြစ်စေ အင်တာနက်တွင် သင်ရှာဖွေသည့်အခါတွင်လည်း ကုဒ်ပြောင်းဝှက်ထားရန် မဖြစ်မနေ လိုအပ်သည်။

အွန်လိုင်းဆင်ဆာဖြတ်တောက်မှုများကို ကျော်လွှား၍ လုံခြုံစွာ အင်တာနက်အသုံးပြုနိုင်သည့် နည်းလမ်း နှစ်ခု ရှိသည်။ သင့်အနေဖြင့် Virtual Private Network (VPN) သို့မဟုတ် သင့်တည်နေရာကို မထောက်လှမ်းနိုင်သည့် proxy server များကို အသုံးပြုနိုင်သည်။ VPN များ၏ အလုပ်လုပ်ပုံကို အသေးစိတ် သိရှိနိုင်ရန်

ကို ကြည့်ပါ။

VPN တစ်ခုသည် သင့်အမှန်တကယ်တည်နေရာကို ဖုံးကွယ်ပေးထားသော မျက်နှာဖုံးသဖွယ်ဖြစ်ပြီး အခြားကွန်ရက်တစ်ခုမှ အသုံးပြုနေသည့်ပမာ ဖြစ်စေသည်။ စက်ပစ္စည်းအမျိုးမျိုးအတွက် ဆော့ဖ်ဝဲရွေးချယ်စရာ များစွာ ရှိသည်။ VPN ကို ဖွင့်လိုက်သည့်အခါ သင် ဟန်ဆောင်လိုသည့် နေရာဒေသတစ်ခုကို ရွေးချယ်နိုင်သည်။ အချို့ကတော့ ZenMate၊ CyberGhost သို့မဟုတ် ExpressVPN များကို အသုံးပြုရန် တိုက်တွန်းကြသည်။ VPN ဝန်ဆောင်မှုပေးသူအများစုသည် အခမဲ့ပေးခြင်း မဟုတ်။ ထို့ကြောင့် ငွေပေးချေမှုမှတ်တမ်းများ ကျန်ခဲ့ပြီး ခြေရာဖျောက်နိုင်တော့မည် မဟုတ်ချေ။ ထိုအစား ရွေးချယ်နိုင်သည့် ပိုမိုရှုပ်ထွေးသော နည်းလမ်းတစ်ခုမှာ ကိုယ်ပိုင် VPN တစ်ခု တည်ဆောက်ရန်ပင် ဖြစ်သည်။

VPN ဝန်ဆောင်မှုပေးသူများနှင့် ရယူပုံများနှင့်ပတ်သက်သည့် အချက်အလက်များကို zenmate.com၊ cyberghostvpn.com သို့မဟုတ် expressvpn.com တို့တွင် ကြည့်ရှုနိုင်ပါသည်။ VPN ၏ အလုပ်လုပ်ပုံကို

တွင် ကြည့်ရှုနိုင်ပါသည်။

လူသိများသော proxy ကွန်ရက်တစ်ခုမှာ Tor (The Onion Router) ဖြစ်သည်။ TOR browser ကို သုံးခြင်းဖြင့် သင်သည် အခြား IP address မှ အင်တာနက်သုံးစွဲနိုင်သည်။ အကြောင်းမှာ TOR သည် ကုဒ်ပြောင်းဝှက်ထားသည့် ကွန်ပျူတာ ကွန်ရက်ချိတ်ဆက်မှုတစ်ခု ဖြစ်သောကြောင့်ပင်။ အသုံးပြုသူတိုင်းက ကွန်ရက်သို့ဝင်ရောက်နိုင်ရန် access point တစ်ခုရရှိသည်။ ဆာဗာ သုံးခုကျော်ကျော်ကို ဖြတ်သန်းပြီးမှ ခရီးဆုံးသို့ ရောက်ရှိသည်။ နောက်ဆုံးဆာဗာ၏ IP address ကသာ တရားဝင်သုံးစွဲရာရောက်သည်။

ဤသို့လုပ်ခြင်းဖြင့် ခြေရာခံလိုက်၍ မရတော့ဟု မထင်လိုက်ပါနှင့်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် လူ ၁၇ ဦးတို့သည်TOR ကို ရာဇာဝတ်မှုများအတွက် အလွဲသုံးစားပြုခဲ့ကြောင်း အက်ဖ်ဘီအိုင်နှင့် အခြား ဥရောပ ထောက်လှမ်းရေးဌာနများက ထုတ်ဖော်နိုင်ခဲ့သည်။ သို့သော် ထိုသို့ ထောက်လှမ်းနိုင်ခြင်းမှာ အပူတပြင်းရှာဖွေမှုကြောင့် ဖြစ်ပြီး ကုန်ကျစရိတ်လည်း များပြားသည်။ နိုင်ငံ့လုံ့ခြုံရေးကို ခြိမ်းခြောက်ခြင်း၊ ကလေးသူငယ်များ ပါဝင်သည့် လိင်ဖြေဖျော်မှုများကို မျှဝေခြင်းနှင့် လက်နက်ရောက်ဝယ်ခြင်းကိစ္စတို့ မပါဝင်ပါက သာမာန်နိုင်ငံသားများနှင့် သတင်းသမားများ၏ လုပ်ဆောင်ချက်များကို ထောက်လှမ်းရေးဌာနက ဤနည်းဖြင့် ခြေရာခံနိုင်ခြေ နည်းပါးပါသည်။ သို့သော် သင်သည် စာနယ်ဇင်းလွတ်လပ်မှု နည်းပါးပြီး၊ ထောက်လှမ်းရေးဌာန လက်ဝါးစောင်းထက်သော နိုင်ငံတစ်ခုတွင် ဆောင်ရွက်နေပါက သတိဆိုသည်မှာ ပိုသည်ဟု မရှိနိုင်ချေ။

TOR browser ကို ယခုအခါ အန်းဒရွိုက်စမတ်ဖုန်းများတွင် Orfox နှင့် Orbot add-on များမှတဆင့် အသုံးပြုနိုင်သည်။ Proxy browser ရှာဖွေနေသည့် iOS သုံးသူများအတွက်မူ Onion Browser ကို သုံးကြည့်နိုင်သည်။