၁.၄.၁။ အီးမေးလ် လုံခြုံစွာပေးပို့ခြင်း


အများသုံးအီးမေးလ်ဝန်ဆောင်မှုများဖြစ်သည့် Gmail၊ Yahoo သို့မဟုတ် Hotmail တို့ကို အသုံးပြုခြင်းက သတင်းသမားများကို ဟက်ကာများနှင့် ရင်ဆိုင်ရနိုင်သည့် ဘေးအန္တရာယ် ကြီးမားစေနိုင်ပါသည်။ အကြောင်းမှာ ထိုအီးမေးလ်ဝန်ဆောင်မှုများ၏ လုံခြုံမှုနှင့် တစ်ကိုယ်ရည်လွတ်လပ်မှုစံနှုန်းများက မတင်းကျပ်သောကြောင့် ဖြစ်သည်။ အီးမေးလ်ဝန်ဆောင်မှုတစ်ခုတွင် သုံးစွဲသူများလေ ယင်း၏လုံခြုံရေးစံနှုန်းများကို စိန်ခေါ်မည့်ဟက်ကာများကို ဆွဲဆောင်လေဖြစ်ကြောင်း သတိထားရပါမည်။ သင်၏အီးမေးလ်ဝန်ဆောင်မှုများတွင် အောက်ပါအချက်များ ပါဝင်မှုရှိမရှိ စစ်ဆေးခြင်းဖြင့် သင့်အီးမေးလ်များကို ပိုမိုလုံခြုံစေနိုင်ပါသည်။

၁) Secure Sockets Layer (SSL) သို့မဟုတ်

၂) Transport Layer Security (TLS) တို့ ဖြစ်သည်။

ထိုဝန်ဆောင်မှုများ မပေးနိုင်သည့် အီးမေးလ်ဝန်ဆောင်မှုများအား မသုံးပါနှင့်။ ကွန်ရက်တစ်ခုမှ အခြားကွန်ရက်တစ်ခုသို့ ပေးပို့ရာတွင် SSL နှင့် TLS တို့က သင့်အီးမေးလ်များကို ကုဒ်ပြောင်းဝှက်ပေးပါသည်။ သို့သော် သင့်အီးမေးလ်သည် ဆာဗာနှစ်ဖက်လုံးတွင် ကုဒ်ပြောင်းဝှက်ထားခြင်းမရှိသည့် စာသားများအတိုင်းသာ သိမ်းဆည်းထားပါလိမ့်မည်။ ဆိုလိုသည်မှာ server administrator များက သင့်အီးမေးလ်များကို ဝင်ရောက်ကြည့်ရှုနိုင်၊ ဖတ်နိုင်၊ ပြောင်းနိုင်ဆဲဟူသော အဓိပ္ပာယ်ပင်ဖြစ်သည်။

အီးမေးလ်တစ်ခုတွင် ပါဝင်သည့် အကြောင်းအရာများကို ကုဒ်ပြောင်းဝှက်မည်ဆိုပါက အလွန်လုံခြုံသည့် ဖြေရှင်းနည်း တစ်ခုမှာ ‘Pretty Good Privacy’ (PGP) ဖြစ်သည်။ သင့်အီးမေးလ်များကို PGP ဖြင့် ကုဒ်ပြောင်းဝှက်ပါက လက်ခံသူမှတစ်ပါး အခြားသူများက ရယူဖတ်ရှုခြင်း မပြုနိုင်တော့ပေ။ သို့သော် install လုပ်ရန် မလွယ်ကူသည့်အတွက်ကြောင့် တွင်ကျယ်စွာ မသုံးစွဲကြချေ။

PGP သည် အများသုံးကီး (key) တစ်ခုနှင့် ပုဂ္ဂလိကကီး နှစ်မျိုးကို ထုတ်လုပ်ပေးသည့် စကားဝှက်စနစ်တစ်ခု ဖြစ်သည်။ အများသုံးကီးကို အီးမေးလ်အား ကုဒ်ပြောင်းဝှက်ရာတွင် လိုအပ်ပြီး ပုဂ္ဂလိကကီးကို ကုဒ်ဖြည်ရာတွင် လိုအပ်သည်။ အများသုံးကီးသည် အမည်ပေးထားသည့်အတိုင်းပင် လူတိုင်းသိရှိနိုင်ပြီး ပုဂ္ဂလိကကီးကမူ အသုံးပြုသူကိုယ်တိုင် ပိုင်ဆိုင်သည့် ကီးတစ်ခု ဖြစ်သည်။ သင်သည် PGP စနစ်ဖြင့် ကုဒ်ပြောင်းဝှက်ထားသည့် အီးမေးလ်တစ်စောင်ကို အခြားသူတစ်ဦးသို့ ပေးပို့လိုပါက အီးမေးလ်ကို ကုဒ်ပြောင်းဝှက်ရန် အများသုံး PGP ကီးတစ်ခု လိုအပ်သည်။ ထိုကီးကို လက်ခံမည့်သူထံမှ သို့မဟုတ် အများသုံးကီးဆာဗာမှ ရရှိလိမ့်မည်။ အီးမေးလ်လက်ခံရရှိသူသည် ပုဂ္ဂလိကကီးနှင့် သက်ဆိုင်ရာစကားဝှက် ရှိမှသာ အီးမေးလ်ကို ဖွင့်နိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ PGP ကို အသုံးပြုရန် သင့်အီးမေးလ်လက်ခံသူသည်လည်း အလားတူအသုံးပြုသူ ဖြစ်ရပေမည်။

အကြံပြုလိုသည့် အီးမေးလ်ဝန်ဆောင်မှုများမှာ PGP add-on များကို ခွင့်ပြုထားသည့် ‘Thunderbird’ သို့မဟုတ် လူသိများသည့် ‘Microsoft Outlook’ တို့ ဖြစ်သည်။ Gmail ကဲ့သို့ အခြားအီးမေးလ်ဝန်ဆောင်မှုများနှင့် PGP ကို တွဲဖက်အသုံးပြုလိုပါက ‘Mailvelope’ ကို စမ်းသုံးကြည့်နိုင်ပါသည်။ သို့သော် ဤအများသုံးအီးမေးလ်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ သတိထားရမည်မှာ PGP သည် ပေးပို့သူ၊ လက်ခံရရှိသူ သို့မဟုတ် အီးမေးလ်ပါ အကြောင်းအရာကို ဖုံးကွယ်ပေးထားနိုင်ခြင်း မရှိသောအချက်ပင် ဖြစ်သည်။

PGP ၏အလုပ်လုပ်ပုံကို သေချာသိရှိစေရန်

တွင် ကြည်ပါ။

အီးမေးလ်ကို ပို့သူမှ လက်ခံသူအထိ အစအဆုံး ကုဒ်ပြောင်းဝှက်ပေးသည့် ဝန်ဆောင်မှုအခြားတစ်ခုကို အကြံပြုရလျှင် ProtonMail ဖြစ်သည်။ ထိုဝန်ဆောင်မှု၌ ပေးပို့မည့်သူက အီးမေးလ်ကို ဆာဗာသို့ မပို့မီကပင် ကုဒ်ပြောင်းဝှက်ပေးသည်။ ဆာဗာသည် အချက်အလက်များနှင့်ပတ်သက်၍ ယုံကြည်စိတ်ချရသည့် ဆွစ်ဇာလန်နိုင်ငံတွင် တည်ရှိပြီး ကုဒ်ပြောင်းဝှက်ရာတွင် SSL နှင့် PGP နည်းများကို ပေါင်းစပ်အသုံးပြုထားသည်။ ကုဒ်မှာ open-source အမျိုးအစားဖြစ်သည်။ Thunderbird နှင့် အလားတူနည်းတစ်ခုဖြစ်သော Evolution တို့အကြား ကွာခြားမှုမှာ ProtonMail သည် client တစ်ခုသာမက တကယ့်အီးမေးလ်ဝန်ဆောင်မှုတစ်ခုလည်း ဖြစ်သည်။