ပနားမားစာတမ်းများ…။ ဘော်စတွန်ဂလုပ်ဘ်သတင်းစာက ခရစ်ယာန်အသင်းတော်အတွင်း ဖြစ်ပွားခဲ့သည့် စနစ်တကျ လိင်ကိစ္စကျူးလွန်မှုများကို ဖော်ထုတ်ခဲ့ပုံများ…။ စုံစမ်းထောက်လှမ်းခြင်း သတင်းပညာအကြောင်း တွေးလိုက်သည်နှင့် ထိုသို့သော စံနမူနာအချို့က စိတ်ထဲရောက်လာသည်။ ထိုသို့သော သတင်းများက တုန်လှုပ်ဖွယ်ရာ၊ အသစ်အသစ်သော အကြောင်းအရာများကို လှစ်ဟဖော်ထုတ်ပြပြီး မကြာခဏဆိုသလို၊ တဖြည်းဖြည်းချင်း ဖြစ်စေဦးတော့၊ အပြောင်းအလဲများကို ဖြစ်ထွန်းပေါ်ပေါက်စေခဲ့သည်ချည်းပင်။

သို့သော် မည်သည်တို့က ထိုသို့သော အုန်းအုန်းကျွက်ကျွက် သတင်းဖြစ်ရပ်တွေနှင့် စုံစမ်းဖော်ထုတ်ခြင်းသတင်းပညာကို ပေါ်ပေါက်စေပါသလဲ။

ဗြိတိသျှ စာရေးဆရာ ဂျော့ဂျ်အော်ဝဲလ်ကတော့ “သတင်းစာပညာဟူသည်မှာ တချို့က ပုံနှိပ်ဖော်ပြမခံချင်သည့် ကိစ္စများကို ပုံနှိပ်ဖော်ပြခြင်းဖြစ်သည်။ ကျန်အပိုင်းများကတော့ ပြည်သူ့ဆက်ဆံရေး အကြောင်းအရာများသာ ဖြစ်သည်” ဟု ဆိုလေသည်။ များသောအားဖြင့် သတင်းစာပညာသည် နိစ္စဓူဝ သတင်းဦး သတင်းထူးများသည်ပင်လျှင် စုံစမ်းဖော်ထုတ်မှုသဘော သက်ဝင်သောနည်းနာတို့ကို သုံးရန်လိုအပ်သည်မှန်သော်လည်း စုံစမ်းဖော်ထုတ်ခြင်း သတင်းပညာကမူ အလလ အနှစ်နှစ်ကြာအောင် အကြောင်းအရာတစ်ခုတည်းအပေါ် အစဉ်တစိုက်၊ နက်နက်ရှိုင်းရှိုင်း သုတေသနပြုလုပ်ထားခြင်း ဟူသည့် ထူးခြားချက် ရှိသည်။

ထိုသို့သော သတင်းထောက်များသည် အကျင့်ပျက်ခြစားမှုများကို ဖွင့်ချရန်၊ အစိုးရ သို့မဟုတ် ပုဂ္ဂလိကလုပ်ငန်း မူဝါဒများကို ပြန်လည်ဆန်းစစ်ရန်၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး သို့မဟုတ် ယဉ်ကျေးမှု ရေစီးကြောင်းများအပေါ် အာရုံစူးစိုက်လာကြစေရန် အကြောင်းအရာတစ်ခုနှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ်ကြသည်။ သမားရိုးကျ သတင်းထောက်များက အဖွဲ့အစည်းတစ်ခု ဥပမာအားဖြင့် အစိုးရသို့မဟုတ် အစိုးရမဟုတ်သော အဖွဲ့အစည်း တစ်ရပ်က ထုတ်ပြန်လိုက်သည့် အကြောင်းခြင်းရာများကို အကြောင်းခံကာ သတင်းရေးသားနေကြချိန်တွင် စုံစမ်းထောက်လှမ်းသည့် သတင်းသမားများကမူ သူတို့ကိုယ်တိုင် ကမကထပြု ရှာဖွေချက်များအပေါ် အရင်းခံ၍ သတင်းရေးသားကြသည်။ အတည်မပြုနိုင်သည့် အချက်အလက်များ ရာနှင့်ချီ၍ ပါဝင်သော အီးမေးလ်တစ်စောင်ကို အမည်မဖော်လိုသူတစ်ဦးက ပေးပို့လာသည်ကို လက်ခံရရှိရာမှလည်း စတင်နိုင်သည်။ သို့တည်းမဟုတ် နှစ်ရှည်လများ သိကျွမ်းလာသူတစ်ဦးက စီးပွားရေးလုပ်ငန်းကြီးတစ်ခု၏ တိတ်တိတ်ပုန်း အကြံအစည်များအကြောင်း ကောလာဟလများကို ပြောပြရာကလည်း စတင်ကောင်း စတင်နိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ စုံစမ်းဖော်ထုတ်ခြင်း သတင်းပညာဟူသည် အခြား မည်သည့်နည်းနှင့်မျှ လူသိရှင်ကြား ဖြစ်မလာနိုင်သည့် အများပြည်သူ၏ အကျိုးစီးပွားနှင့် စပ်လျဉ်းသည့် ကိစ္စများအား ဖော်ထုတ်ရေးသားရခြင်း ဖြစ်ပေသည်။

“အများပြည်သူ အကျိုးစီးပွား” တွင် အကျုံးဝင်မဝင် ဆုံးဖြတ်ရာတွင် အသုံးတည့်သည့် စည်းမျဉ်းသတ်မှတ်ချက်တစ်ခု ရှိသည်။ ယင်းမှာ သတင်းအချက်အလက်တစ်ခုသည် လူသိရှင်ကြားမဖြစ်လျှင် လူ့အသိုက်အဝိုင်းတစ်ခုအတွက် နစ်နာဆုံးရှုံးစရာ ဖြစ်နိုင်,မဖြစ်နိုင်၊ သို့တည်းမဟုတ် ထိုအကြောင်းသိရခြင်းအားဖြင့် လူ့အသိုက်အဝန်းအတွက် လက်ဆုပ်လက်ကိုင် ပြနိုင်သည့် ကောင်းကျိုးရှိ,မရှိ၊ ဆုံးဖြတ်ချက်ချရာတွင် ထည့်စဉ်းစားဖွယ်ရာ ဖြစ်,မဖြစ် ဟူ၍ ဆင်ခြင်တွက်ဆကြည့်ခြင်းပင် ဖြစ်သည်။ တစ်ခါတရံတွင် သတင်းအချက်အလက်တစ်ခုသည် လူ့အသိုက်အဝန်း တစ်ခုအတွက် အကျိုးရှိသည်မှန်သော်လည်း အခြား လူ့အသိုက်အဝန်းတစ်ခုကို ထိခိုက်ဆုံးရှုံးစေနိုင်သည်။ ဥပမာပေးရလျှင် သစ်ခုတ်လှဲသည့် ကုမ္ပဏီများက ထုတ်ဖော်ပြောဆိုလိုခြင်း မရှိသည့် သစ်ပင်တစ်ပင်၏ ဈေးကွက်ပေါက်ဈေးကို သစ်တောအတွင်း နေထိုင်သူများ သိရှိခဲ့လျှင် ပို၍ ဈေးကောင်းတောင်းကြမည် ဖြစ်သည်။ သဘာဝအားဖြင့် သစ်ထုတ်လုပ်ငန်းများသည် ထိုသို့သော သတင်းအချက်အလက်များကို မပေါက်ကြားစေလိုပါ။ ပေါက်ကြားခဲ့ပါကလည်း သစ်ဈေးများ မြင့်တက်သွားမည်ဖြစ်သည်။ ပြည်သူ့အကျိုးစီးပွားအတွက် ရေးသားသော သတင်းဖြစ်ရပ်များသည် အမြဲတစေ တစ်နိုင်ငံလုံးသို့ သက်ရောက်သည် မဟုတ်ချေ။ အကယ်၍ သက်ရောက်မှု ရှိခဲ့ပါလျှင်လည်း “အမျိုးသားအကျိုးစီးပွား” နှင့် စပ်ယှဉ်လာသောကြောင့် ဖြစ်နိုင်သည်။ ကံမကောင်း အကြောင်းမလှသဖြင့် အစိုးရများသည် တရားဥပဒေနှင့် မညီသော၊ အန္တရာယ်များသော၊ ကျင့်ဝတ်နှင့် မညီညွတ်သော ပြုမူဆောင်ရွက်ချက်များကိုလည်းကောင်း၊ ကြီးကြီးမားမား ပြဿနာတစ်ရပ်ရပ်အား သတင်းသမားများက ရေးသားဖော်ပြခြင်း မပြုစေလိုလျှင်လည်းကောင်း အမျိုးသားအကျိုးစီးပွားဆိုသော အသုံးအနှုန်းဖြင့် သတ်မှတ်လိုက်တတ်ကြခြင်းပင် ဖြစ်သည်။

စုံစမ်းဖော်ထုတ်ခြင်း သတင်းပညာသည် ညတွင်းချင်း ပြီးစီးနိုင်သည့် ကိစ္စမျိုး မဟုတ်ချေ။ အစီအစဉ် ရေးဆွဲခြင်း၊ သုတေသန ပြုလုပ်ခြင်း၊ သတင်းရေးသားတင်ဆက်ခြင်း စသည့် အဆင့်ပေါင်းများစွာကို ဖြတ်သန်းရသေးသည်။ လွန်စွာတိကျခြင်းနှင့် အကိုးအကား အထောက်အထား ပြည့်စုံခြင်းတို့လည်း ရှိရသေးသည်။ သုတေသနဟူသည်မှာ အချက်အလက်များစွာတို့ကို တူးဆွကာ ဖော်ထုတ်ယူခြင်း သို့မဟုတ် ကောက်ချက်ဆွဲခြင်း ဖြစ်သည်။ သို့သော် ထွက်ပေါ်လာသည့်ရလဒ်က ရှိရင်းစွဲအချက်အလက်များ မှန်ကန်ပါသည်ဟု မဆိုနိုင်သည့် အခြေအနေသို့လည်း ရောက်ရှိသွားနိုင်သည်။ နောက်ဆုံးရရှိလာသည့် သတင်းက အချက်အလက်သစ်များကို လှစ်ဟဖော်ထုတ်နိုင်သည်။ နဂိုကတည်းက ရှိထားပြီးဖြစ်သော သတင်းအချက်အလက်များကို ရှုထောင့်အသစ်တစ်ခုဖြင့် ဖော်ပြနိုင်သည်။ မည်သို့ပင်ဖြစ်စေ အရေးပါသည်ချည်းသာ ဖြစ်သည်။ သတင်းရင်းမြစ်တစ်ခုတည်းကပင် စိတ်လှုပ်ရှားစရာ တွေ့ရှိချက်အသစ်များ ဖော်ထုတ်နိုင်သလို လူသိနည်းသော အမြင်သစ်များ၊ သတင်းအချက်အလက်များကိုလည်း ရရှိစေနိုင်သည်။ သို့သော် သတင်းတစ်ပုဒ်သည် လက်တွေ့အမှန်တရား၊ မှတ်တမ်းမှတ်ရာနှင့် လူပုဂ္ဂိုလ် စသည့် အရင်းအမြစ်များနှင့် တိုက်ဆိုင်စစ်ဆေးမှု မပြုနိုင်လျှင်လည်းကောင်း၊ ရည်မှန်းထားသည့်အတိုင်း ဖြစ်မလာလျှင်လည်းကောင်း ထိုသတင်းကို စုံစမ်းဖော်ထုတ် သတင်းရေးသားခြင်းဟု မသတ်မှတ်နိုင်ချေ။

စုံစမ်းဖော်ထုတ် သတင်းရေးသားခြင်းအတွက် အင်အားစိုက်ထုတ်မှု ကြီးမားစွာ လိုအပ်သည်။ အစုအဖွဲ့လိုက် လုပ်ဆောင်တတ်မှု လိုသည်။ ရေးရိုးရေးစဉ် သတင်းများထက် အချိန်ပိုပေးနိုင်ရန် လိုအပ်သည်။ သတင်းများစွာတို့မှာ အစုအဖွဲ့လိုက် စုံစမ်းဖော်ထုတ်ထားခြင်း၏ ရလဒ်ဖြစ်သည်။ သို့သော် အချိန်တိုတို၊ ငွေကြေးနည်းနည်း၊ စွမ်းရည်မြင့် ဝန်ထမ်း ခပ်ကျဲကျဲဖြင့် ဆောင်ရွက်နေကြသည့် သတင်းတိုက်ငယ်ကလေးများအတွက်တော့ လွယ်ချင်မှ လွယ်ပေလိမ့်မည်။ ထိုအခါ သတင်းသမားသည် စုံစမ်းဖော်ထုတ်ရေးသားရန် ပြင်ပမှ (ငွေကြေး) ပံ့ပိုးမှုများ ရှာဖွေရနိုင်သလို၊ သတင်းခန်းပြင်ပမှ ကျွမ်းကျင်သူများ၏ အကူအညီကို ယူရသည်လည်း ရှိနိုင်သည်။

ကွန်ဂို သတင်းသမားတစ်ဦးဖြစ်သည့် ဆေ့ဂ်ဖီဒဲလ် ဂါယာလာက အစုအဖွဲ့နှင့် လုပ်ဆောင်ရခြင်း၏ ကောင်းကွက် ဆိုးကွက်များကို ဤသို့ ချင့်ချိန်ပြထားသည်။ “အဖွဲ့ထဲမှာပါတဲ့ တစ်ဦးချင်းက အသုံးဝင်တဲ့ အထူးကျွမ်းကျင်မှုတွေ ရှိထားရင် အဖွဲ့သေးသေးနဲ့ အလုပ်လုပ်ရတာ အလုပ်တွင်တယ်။ တစ်ယောက်က ခြေတိုအောင် သွားနိုင်တယ်။ နောက်တစ်ယောက်က သုတေသနနဲ့ စာရွက်စာတမ်း အစုအဆောင်းကောင်းတယ်၊ တတိယတစ်ယောက်က သတင်းကို ကောင်းကောင်းရေးပြနိုင်တယ်။ အဲဒီ အဖွဲ့မျိုးကနေ မြန်မြန်ဆန်ဆန်နဲ့ သတင်းဦး သတင်းထူးတစ်ခု ထွက်လာအောင် သွက်သွက် ကြိုးစားနိုင်တဲ့ အခွင့်အလမ်းရှိတာပေါ့။ ဒါပေမယ့် နိုင်ငံတော်တော်များများမှာ သတင်းခန်းတွေက အဲလောက် လူသန့်တာတော့ မဟုတ်ဘူး။ ခြိမ်းခြောက်မှုကြောင့်ပဲ ဖြစ်ဖြစ်၊ ငွေကြေးရလိုမှုကြောင့်ပဲ ဖြစ်ဖြစ် သတင်းထောက်တွေ၊ အယ်ဒီတာတွေက လုပ်ငန်းသဘောတွေ၊ စီးပွားရေးသဘာဝတွေ၊ မူဝါဒတွေထဲမှာ ပိတ်မိနေတာမျိုး ဖြစ်တတ်တယ်။ ပြီးတော့ သတင်းစာတော်တော်များများက ဇာစ်မြစ်နောက်ကြောင်း ရှင်းကြတာမဟုတ်ဘူး။ အကျိုးစီးပွားအုပ်စု တစ်ခုမဟုတ် တစ်ခုက ငွေကြေးပံ့ပိုးထားကြတာ။ အဲလို အခြေအနေမျိုးမှာ လုပ်ကိုင်ရတဲ့ သတင်းသမားလူငယ်တစ်ယောက်ဖို့ စုံစမ်းဖော်ထုတ်မှုသတင်းတစ်ခုကို အောင်မြင်ပြီးမြောက်အောင် လိုက်နိုင်ဖို့ဆိုတာ အခက်အခဲတွေအများကြီး ကြုံရမှာပဲ”

Recommendation
Recommendation

Recommendation