သတင်းသမားတစ်ယောက်နှင့် စုံထောက်တစ်ဦးတို့၏ စွမ်းရည်များတွင် ထပ်တူကျနေသည်များ ရှိပါသည်။ စုံစမ်း ထောက်လှမ်းထားသော သတင်းတိုင်းသည် မေးခွန်းတစ်ခုနှင့်ပင် စတင်ခြင်းဖြစ်သည်။ သတင်းသမားက အနုမာန အယူအဆတစ်ခုကို ပုံဖော်သည်။ သုတေသနတွေ ထပ်ကာထပ်ကာ လုပ်သည်။ စာရွက်စာတမ်းတွေကို ခြေရာခံသည်။ တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ရသည်မှာ ရံဖန်ရံခါ ပုလိပ်စစ်, စစ်သည့်ပမာပင် ဖြစ်ရသည်။ အထောက်အထားတွေ တစ်ပုံတစ်ခေါင်း စုဆောင်းထားရသည်။ အချို့အထောက်အထားများဆိုလျှင် လွန်စွာအသေးစိတ်ကျပြီး ပညာရပ်ဆန်သည်လည်း ရှိသည်။

သတင်းသမားများသည် တရားရုံးတော်တွင် အသုံးပြုရသည့် စံချိန်စံညွှန်းများကဲ့သို့ပင် ခိုင်လုံသော သက်သေ အထောက်အထားများ၊ ကောက်ချက်စွဲယူနိုင်သည့် သက်သေပြချက်များကို အားကိုးအသုံးပြုရသည်။ အသေရေညှိုးနွမ်းစေမှု ဥပဒေများကြောင့် စုံစမ်းဖော်ထုတ်သူသတင်းသမားများသည် စုံစမ်းဖော်ထုတ်မှုနှင့် အချက်အလက်စစ်ဆေးမှုပြုရာတွင် စီရင်ချက်ချခံရတော့မည့်အမှု၌ စေ့စေ့စပ်စပ်ရှိသည့် စုံထောက်တစ်ဦးနှင့်မခြားပင် ဖြစ်သည်။

သို့သော် မေးစရာရှိသေးသည်မှာ “စုံစမ်းဖော်ထုတ်သူ သတင်းသမားများသည် စုံထောက်များပမာ ပုန်းလျှိုးကွယ်လျှိုးနေ၍၊ လျှို့ဝှက်အသံဖမ်းစက်နှင့် ကင်မရာကဲ့သို့ စက်ကိရိယာများကို သုံးစွဲ၍ သတင်းလိုက်နိုင်ပါသလား” ဟူသော မေးခွန်းဖြစ်သည်။ ဤအတွက် အဖြေကတော့ ပို၍ ရှုပ်ထွေးပါသည်။ အချို့သတင်းသမားများက ထိုသို့ လုပ်ကြသည်။ ယခင့်ယခင်က ဆုရသတင်းများစွာတို့မှာ ထိုသို့သောနည်းလမ်းများကို အသုံးချခြင်း၏ ရလဒ်ဖြစ်သည်။ သို့သော် သတိထားသင့်သည်မှာ စုံထောက်များ၏ ကိုယ်ယောင်ဖျောက်လုပ်ဆောင်ခြင်းနှင့် ရဲဘက်စစ်ကြောမေးမြန်းမှုအောက်မှ နိုင်ငံသားအခွင့်အရေးတို့သည် ဥပဒေမူဘောင်တစ်ခုအတွင်း အကျုံးဝင်လျက်ရှိသည်။ ကျင့်ဝတ်သိက္ခာစောင့်စည်းသော သတင်းသမားမျာကမူ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ချိုးဖောက်ခွင့်မရှိချေ။ သို့ဖြစ်ရာ ကျင့်ဝတ်သိက္ခာနှင့်လျော်ညီသော သတင်းပညာကို ကျင့်သုံးရန်၊ တရားစွဲဆိုမှုများကို ရှောင်ရှားနိုင်ရန်အတွက် စုံစမ်းဖော်ထုတ်သူ သတင်းသမားတစ်ဦးသည် အခြေအနေတိုင်း၌ ဆောင်ရွက်မည့်ကိစ္စတိုင်းကို သတိရှိရှိ ဆင်ခြင်သုံးသပ်နိုင်ရန် လိုအပ်ပေသည်။ လျှို့ဝှက်ကင်မရာများ၊ အသံဖမ်းစက်များသည် အကြမ်းထည် အထောက်အထားများကိုသာ ရရှိနိုင်သည်။ သက်သေအထောက်အထားများအပေါ် ခွဲခြမ်းစိတ်ဖြာ သုံးသပ်ခြင်း၊ အချက်အလက်မှန် စိစစ်ခြင်းနှင့် ခြုံငုံသုံးသပ်ကာ အဓိပ္ပါယ်ပြည့်ဝသည့်သတင်းတစ်ခု တည်ဆောက်ရာတွင် အစားမထိုးနိုင်ချေ။ မည်သည့်နေရာတွင် ရှာဖွေရမည်၊ မည်သို့စပ်ဆက်ယူရမည်ဟု သိထားပါက သက်သေအထောက်အထားများစွာတို့သည် အများပြည်သူလက်လှမ်းမီသော စာရွက်စာတမ်းများထဲတွင် ရှိနေပါသည်။

စုံစမ်းဖော်ထုတ်သူ သတင်းသမားများနှင့် စုံထောက်များကြား တူညီမှုများစွာ ရှိနေသော်လည်း ထိုနှစ်မျိုးအကြား အဆုံးသတ်ရလဒ်ချင်း ကွဲပြားပါသည်။ ရံဖန်ရံခါတွင် သတင်းသမားများ၏ စုံစမ်းဖော်ထုတ်မှုများသည် မည်သူ့တွင် အပြစ်ရှိပါသည်ဟု သက်သေပြရန်မဟုတ်ဘဲ ကိုယ်တိုင်သက်သေခံသူအဖြစ် ရှိနေရခြင်း ဖြစ်သည်။ စုံထောက်များအတွက်တော့ ပြစ်မှုကျူးလွန်သည်မှာ မည်သူဖြစ်သူဟု သက်သေပြလိုက်လျှင် သူတို့ကဏ္ဍ ပြီးဆုံးပြီ ဖြစ်သည်။ ရံဖန်ရံခါတွင် စုံစမ်းဖော်ထုတ် သတင်းရေးသားမှုများသည် မည်သူကတော့ မှားနေပါပြီဟု စွပ်စွဲနိုင်သည့်အဆင့်သို့မရောက်ဘဲ ရှိနေနိုင်သည်။ သို့သော် မည်သို့မည်ပုံ ဖြစ်ပျက်ခဲ့သည်ကိုတော့ ဖော်ထုတ်လိုက်နိုင်သည်။ ဤနည်းဖြင့် တစ်ဦးတစ်ယောက်ကို လက်ညှိုးထိုး စွပ်စွဲခြင်းထက် ကိစ္စရပ်တစ်ခုချင်းအတွက် မည်သို့သော အခြေအနေများရှိသည်၊ မည်မျှအထိ နက်နဲသိမ်မွေ့သည်ကို ရှင်းပြနိုင်သည်။ ဤပမာဏအထိ ထဲထဲဝင်ဝင် ဆောင်ရွက်ထားပြီဆိုလျှင် စုံစမ်းဖော်ထုတ်သူ သတင်းသမားများသည် ဓမ္မဓိဋ္ဌာန်ကျမှုနှင့်ပတ်သက်၍ စိုးရိမ်ကြောင့်ကြစရာများကို အနည်းဆုံးထိ လျှော့ချနိုင်မည်ဖြစ်သည်။

သေချာသည်မှာ စုံစမ်းဖော်ထုတ် သတင်းရေးသားခြင်းသည် “ရမ်းကားသည့် သတင်းစာပညာ” ဟု ဆိုတတ်ကြသည့်အလျောက် ဖြစ်ရပ်တစ်ခုကို နှစ်ဖက်မျှတအောင် တကူးတကရေးသားမည်တော့ မဟုတ်ချေ။ ထိုသို့ ရေးမည့်အစား သတင်းဖြစ်ရပ်ကို ကောင်းစွာတင်ပြနိုင်ရန်ကိုသာ အသားပေး ရေးသားမည်ဖြစ်သည်။ “ကျွန်တော်တို့ မှားကောင်းမှားနိုင်ပါသည်၊ ကျွန်မတို့ အဓိပ္ပါယ်ကောက် လွဲချော်သွားပါသည်” ဟူ၍ လွန်တာရှိဝန္တာမိဟု ကြိုတင်ပန်ကြားမှုများ ရှိမည်မဟုတ်။ အကယ်၍ ထိုသို့သော သံသယစိတ်မျိုး ရှိနေသရွေ့လည်း စုံစမ်းဖော်ထုတ်မှုသည် ဒေါင်ဒေါင်မြည် မဟုတ်သေးသလို၊ ပုံနှိပ်ထုတ်ဝေရန်လည်း မသင့်သေးသော သတင်းမျိုးသာ ဖြစ်သည်။ ဖြစ်ရပ်တိုင်းတွင် ဘက်နှစ်ဖက်တည်းသာ ရှိသည်မဟုတ်ပါ။ စုံစမ်းဖော်ထုတ်မှု သတင်းတစ်ခု၏ မျှတမှုသည် ထိုမျက်နှာပြင်များအားလုံးနှင့်ပတ်သက်၍ မည်သို့မည်ပုံ ဖြစ်ပျက်ခဲ့သည်ဟုသည့် အချက်ကိုသာမက မည်သည့်အတွက်ကြောင့် ထိုသို့ ဖြစ်ပျက်ခဲ့ရသည်ကိုပါ ရှင်းလင်းဖော်ပြနိုင်ရမည်။ ပေါ်ပေါက်လာသည့် အခြေအနေများကို ရှင်းပြခြင်းအလုပ်ကို စုံထောက်က ရှေ့နေလက်သို့ အပ်လိုက်ရုံသာရှိသည်။ စုံစမ်းဖော်ထုတ်သူ သတင်းသမားကမူ ထိုအခင်းအကျင်းများအားလုံးကို ပြည့်ပြည့်စုံစုံ ရှင်းပြရပေသည်။

အခြားတစ်ဘက်မှကြည့်လျှင် စုံစမ်းဖော်ထုတ်သူ သတင်းသမားများသည် သိပ္ပံပညာရှင်များပမာ ဆောင်ရွက်ကြရသည်။ သူတို့၏ နည်းလမ်းမှာ သတင်းဖြစ်ရပ်ကို အထောက်အပံ့ဖြစ်စေမည့် လုံလောက်သည့် အထောက်အထား မရမချင်း စိတ်ကိုလွတ်လွတ်လပ်လပ် ဖွင့်လှစ်ထားရန်ဖြစ်သည်။ ဆိုလိုသည်မှာ အထောက်အထားချင်း ဆန့်ကျင်ခြေဖျက်နေကြပါက အထောက်အထားက ညွှန်ပြသည့်အတိုင်း နိဂုံးချုပ်ကောက်ချက်ကို ပြောင်းလဲနိုင်ကြရမည်။ ထို့ပြင် စုံစမ်းဖော်ထုတ်သူ သတင်းသမားများသည် မန်နေဂျာများနှင့်လည်း တူပါသေးသည်။ အသေးစိတ်သုတေသနလုပ်ငန်းများ ပါဝင်သော ရေရှည်စီမံကိန်းကြီးကြီးတစ်ခုကို ကိုင်တွယ်သည့်အခါ ကျန်အဖွဲ့သားများ၊ ကျွမ်းကျင်သူများနှင့် စီစဉ်ထားသည့်အတိုင်း ပူးပေါင်းလုပ်ဆောင်ဖို့ လိုသည်။ ထို့ကြောင့်ပင် စုံစမ်းဖော်ထုတ်သူ သတင်းသမားများသည် ရှင်းလင်းစွာ ဆက်သွယ်ပြောဆိုမှုနှင့် စုဖွဲ့လုပ်ကိုင်တတ်မှုတို့၌လည်း ကျွမ်းကျင်ရန် လိုအပ်ပါသည်။

Recommendation
Recommendation

Recommendation