၁.၃.၁။ သတင်းဆောင်းပါး တည်ဆောက်ပုံနှင့် ဟန်

၁.၃.၁။ သတင်းဆောင်းပါး တည်ဆောက်ပုံနှင့် ဟန်


သတင်းဆောင်းပါးများသည် အခြေခံတည်ဆောက်ပုံ သုံးခုကို လိုက်နာရလေ့ရှိသည်။

  1. ၁. နှစ်ကာလအလိုက် စဉ်ထားခြင်း – သတင်းဆောင်းပါးတွင် ဖြစ်ရပ်များ၏ ကွင်းဆက်များနှင့် သတင်းဆောင်းပါး၏ အရေးပါသည့် ဖြစ်ပျက်ပုံ ဇာတ်ကြောင်းများအရ အချိန်ကာလအလိုက် ထုတ်ဖော်ခြင်း
  2. ၂. ဇာတ်ကြောင်းပြန်ခြင်းများ – အမှန်တကယ် စုံစမ်းဖော်ထုတ်မှုအရ ဖွင့်ဟဝန်ခံထားသကဲ့သို့ အချိန်ကာလ တစ်ခုပေါ်ရှိ အခြေအနေ တစ်ရပ်ကို မှတ်သားထားခြင်း
  3. ၃. ဖြစ်စဉ်များ – သတင်းဆောင်းပါးတွင် မဏ္ဍိုင်ပြုရာ ကိစ္စရပ်များနှင့် အာဘော်များ

သင်သည် အချက်အလက် ကုန်ကြမ်းများကို အကြောင်းချင်းရာ၊ မည်သူ ထိခိုက်ခဲ့သည်၊ ပဋိပက္ခများနှင့် သင် ရှာဖွေတွေ့ရှိခဲ့သည်များ စသည့် အခန်းကဏ္ဍများအလိုက် ခွဲခြားခြင်းအားဖြင့် ရေးသားခြင်း လုပ်ငန်းကို စတင်သည်။ နှိုင်းယှဉ်ချက်အရ ရိုးရှင်းသော စုံစမ်းဖော်ထုတ်မှု သတင်းဆောင်းပါးတစ်ပုဒ်တွင် အများအားဖြင့် တစ်စုံတစ်ခုသည် လများစွာ သို့မဟုတ် နှစ်များစွာနှင့် တစ်ခြားစီဖြစ်လျက် ရက်သတ္တပတ်များအတွင်း ပြေလည်စေခဲ့သည်။ ဤအခန်းကဏ္ဍများရှိ နိဒါန်းနှင့် နိဂုံးတို့သည် အပြီးသတ် သတင်းဆောင်းပါးအတွက် ပြီးပြည့်စုံ၍ စိတ်ကျေနပ်ဖွယ်ရာကောင်းသော နေရာချထားမှုကို ပြုလုပ်နိုင်စွမ်းသည်။

စုံစမ်းဖော်ထုတ်၍ ရေးသားခြင်းတွင် စာပေဗီဇသည် ဒုတိယနေရာ၌ ရှိသည်။ ဖြစ်ရပ်မှန် အချက်အလက်များ သည် အခရာ ဖြစ်သင့်သည်။ မည်သို့ပင်ဖြစ်စေ ကောင်းမွန်သည့် စုံစမ်းဖော်ထုတ်မှု သတင်းဆောင်းပါး တစ်ပုဒ်သည် ၎င်းကိုယ်တိုင်ပင် ရေးသားရလေ့ရှိပြီး သင့်အနေနှင့် ချဲ့ကားဖန်တီးရန် သို့မဟုတ် မွမ်းမံတန်ဆာဆင်ရန် မလိုအပ်ပါ။

စုံစမ်းဖော်ထုတ်မှု သတင်းဆောင်းပါး တစ်ပုဒ်သည် ခက်ခဲပုံရသည့် သတင်းဇာတ်လမ်း တစ်ပုဒ်ထက် ပိုမို ရှည်လျား၍ ပိုမိုရှုပ်ထွေးလေ့ ရှိသည်။ ၎င်းကို ပုံသဏ္ဍာန်နှင့် တည်ဆောက်ပုံ ပံ့ပိုးပေးထားခြင်းက သင်၏ စာဖတ်သူကို ရှုပ်ထွေးသည့် သတင်းအချက်အလက်များအား လွယ်ကူရှင်းလင်းစေသည့် လမ်းကြောင်း တစ်ခုကို ထောက်ပံ့ပေးသည်။ စုံစမ်းဖော်ထုတ်မှု သတင်းဆောင်းပါး အခြေခံ ဖွဲ့စည်းတည်ဆောက်ပုံ သုံးမျိုးမှာ

(၁) ဝေါလ်စထရိ ဂျာနယ် ပုံသေနည်း တွင် ပါဝင်သည်များ

  1. ၁. အကြောင်းချင်းရာနှင့် ကိစ္စရပ်များအကြား ဇာတ်ကြောင်းကို ခင်းကျင်းရန် လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အနေအထား တစ်ခုဖြင့် စတင်ခြင်း (ပုံပြင်ဆန်သော သဲလွန်စ ဟု တစ်ခါတစ်ရံ ခေါ်ဝေါ်သည်။)
  2. ၂. ကိစ္စရပ် တစ်ခုချင်းစီကို ပိုမိုကြီးမားသည့် အကြောင်းချင်းရာများနှင့် ကိုင်တွယ်ဖြေရှင်းနိုင်ရန် တစ်ခုချင်းစီနှင့် ပိုမိုကြီးမားသည့် ကိစ္စရပ်များအကြား ချိတ်ဆက်ထားမှုအား ရှင်းလင်းစေသည့် “ပဓာန စာပိုဒ်” မှတစ်ဆင့် ချဲ့ထွင်စေခြင်း
  3. ၃. လူတစ်ဦးတစ်ယောက်အပေါ် လေ့လာထားမှုများနှင့် သိသာထင်ရှားသည် ကောက်ချက်များကို ပြန်ကောက်ခြင်း

(၂) “အထွတ်အထိပ် ငါးမျိုး” ကို ချဲ့ထွင်ပြုစုခဲ့သော အမေရိကန်နိုင်ငံသား ရေးသားခြင်းဆိုင်ရာ ကြီးကြပ်သင်ပြသူ ကာရိုးလ် ရစ်ခ်ျ က အောက်ပါ ကဏ္ဍငါးမျိုးကို အကြံပြုခဲ့သည်။

  1. ၁. သတင်း (မည်သည်တို့ ဖြစ်ပျက်ခဲ့သနည်း သို့မဟုတ် ဖြစ်ပျက်နေသနည်း။)
  2. ၂. ဆက်စပ်အကြောင်းအရာ (မည်သည်က နောက်ခံအကြောင်း ဖြစ်သနည်း။)
  3. ၃. နယ်ပယ်အတိုင်းအတာ (၎င်းသည် ဖြစ်ရပ်တစ်ခုလော၊ ဒေသတွင်း လားရာတစ်ခုလော၊ နိုင်ငံတော်အဆင့် ကိစ္စရပ်တစ်ခုလော။)
  4. ၄. ထက်မြက်စူးရှမှု (မည်သည့်နေရာသို့ ဦးတည်ပေးသနည်း။)
  5. ၅. အကျိုးသက်ရောက်မှု (အဘယ်ကြောင့် သင်၏ စာဖတ်သူက ဂရုစိုက်သင့်သနည်း။)

ဤတည်ဆောက်ပုံတွင် အစိတ်အပိုင်း ငါးခုကို အတူတကွ အံဝင်ခွင်ကျ ဖြစ်စေရန်အတွက် အကူးအပြောင်း များကို ကောင်းမွန်စွာ ရေးသားနိုင်သည့် အရည်အသွေး လိုအပ်သည်။ သို့မဟုတ်လျှင် တစ်ခုပြီးမှ အခြားတစ်ခု ဖြစ်ပေါ်လာသည့် သတင်းဆောင်းပါးတို ငါးပုဒ်ကဲ့သို့ ပုံပေါက်နေလိမ့်မည်။ သို့သော် ၎င်းသည် ချဲ့ကား ထားသည့် ဇာတ်ကြောင်းတစ်ခုကို ပိုင်နိုင်သည့် ကဏ္ဍများဆီသို့ အဆုံးသတ်ရန် လိုအပ်သော ဝက်ဘ်ပေါ်ရှိ သတင်းဆောင်းပါးရှည် တစ်ပုဒ်အတွက် အကောင်းမွန်ဆုံး ဖွဲ့စည်းတည်ဆောက်ပုံကို ဖန်တီးနိုင်သည်။

(၃) ပိရမစ်ပုံစံ

နှိုင်းယှဉ်ချက်အရ အရေးကြီး သတင်းဆောင်းပါး တစ်ပုဒ်ကို အစဉ်အလာအရ ချဉ်းကပ်ခြင်းသည် “ပိရမစ် ပြောင်းပြန်ပုံစံ” (အဓိကအချက်များကို ပထမဆုံး ဖော်ပြ၍ အရေးမကြီးသည့် အချက်အလက် ကုန်ကြမ်းများအား နောက်မှ ထည့်သွင်းခြင်း) ဖြစ်ပြီး စုံစမ်းဖော်ထုတ်မှု ရေးသားခြင်းသည် ပိရမစ် တည်ဆောက်ပုံအတိုင်း ယာဘက်ခြမ်းအမြင့်မှ ချိုးကွေ့၍ တက်သွားသည်။ သင်သည် သတင်းဆောင်းပါး တစ်ပုဒ်လုံးကို ထိမိမှုရှိခြင်း၊ သင်ပြုစုထားသည့် ရှာဖွေတွေ့ရှိမှုများဖြင့် စာဖတ်သူအား ခေါ်ဆောင်နိုင်ခြင်းတို့ဖြင့် တည်ဆောက်ရမည် ဖြစ်သည်။

  1. ၁. သတင်းဆောင်းပါး၏ အကြောင်းအရာ အနှစ်ချုပ်ဖြင့် စတင်ပါ။
  2. ၂. သင် ရှာဖွေတွေ့ရှိထားသည့် အရာများကို နိမိတ်ပြ သုံးပါ။
  3. ၃. သင်သည် သိပ္ပံဆိုင်ရာ ထိုးဖောက်ကျော်လွှားမှု ဇာတ်လမ်း သို့မဟုတ် လျှို့ဝှက်ဆန်းကြယ် ဝတ္ထုတစ်ပုဒ်ကို ရေးသားနေသကဲ့သို့ သင်၏ စုံစမ်းဖော်ထုတ်မှုကို တစ်ဆင့်ချင်း သွား၍ သည်းထိတ်ရင်ဖိုမှုကို ရုန်းကြွစေပြီး သတင်းဆောင်းပါးအား တုန်လှုပ်ချောက်ချား၍ အံ့ဩဖွယ်ရာဆီသို့ တည်ဆောက်ယူပါ။
  4. ၄. အရေးအကြီးဆုံးနှင့် အဆန်းကြယ်ဆုံး သတင်းအချက်အလက်များကို လုံလောက်စွာ စုဆောင်းထားပါ။

ဤနည်းနာ တစ်ခုချင်းစီတွင် စိတ်ကူးယဉ် စာရေးဆရာတို့၏ ကိရိယာတန်ဆာပလာများမှ အနည်းငယ် ယူငင် သုံးစွဲထားသည်။ သင်သည် စိတ်ကူးယဉ်ဇာတ်လမ်းကို ဖန်တီးနေခြင်း မဟုတ်သော်လည်း ရသစာပေမှ နည်းစနစ်များအား အသုံးချနေခြင်း ဖြစ်သည်။ ၎င်းက ခံစားမှုသဘောတရားကို ပြုလုပ်နိုင်ခြင်းမှာ စာနယ်ဇင်းသမားတိုင်းသည် စာဟောဆရာတစ်ယောက် ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ ဤသည်မှာ ဇာတ်ကြောင်းပြန် စာနယ်ဇင်းပညာ ဟု ကျွန်ုပ်တို့ ခေါ်ဝေါ်သုံးစွဲသည့် သတင်းရေးသားခြင်းသို့ ခေတ်ပေါ် ချဉ်းကပ်မှု၏ အခြေခံပင် ဖြစ်သည်။

ယင်းသို့ ဖြစ်သည့်တိုင်အောင် သတိပေးစကား တစ်ခုရှိသည်။ အမေရိကန် စုံစမ်းဖော်ထုတ်မှု သတင်းထောက် ဒန်နီ ရှက်တား က သူ၏ အမေရိကားအကြောင်း ရုပ်ရှင်၊ အီရတ်စစ်ပွဲအကြောင်း သတင်းပေးပို့ချက်၊ အစုလိုက်အပြုံလိုက် လှည့်စားနိုင်သော လက်နက်များ တွင် ဇာတ်ကြောင်းပြော ချဉ်းကပ်မှု၏ အဓိကပြဿနာရပ်ကို အထူးဂရုပြု မှတ်သားခဲ့သည်မှာ လူတစ်ဦးချင်းစီ၏ ဇာတ်လမ်းများအပေါ် အာရုံစူးစိုက်ခြင်းအားဖြင့် ဇာတ်ကြောင်းပြော ချဉ်းကပ်နည်းက အမေရိကန် သတင်းမီဒီယာများအတွက် အလွန်အမင်း အငြင်းပွားဖွယ်ရာ ပိုမိုကြီးမားသည့် ကိစ္စရပ်များနှင့် အမြင်အာဘော်များအား လျစ်လျူရှုထားမည့် အလားအလာ ရှိလာစေသည်။ ဤသည်က ဇာတ်ကြောင်းပြန် ချဉ်းကပ်နည်းကို တန်ဖိုးမထားခြင်း မဟုတ်ပါ။ ၎င်းသည် အခြား ရေးသားခြင်းဆိုင်ရာ နည်းနာများကဲ့သို့ နှိုးဆော်မှုတစ်ခု အနေနှင့်သာ ဖြည့်ဆည်းပေးပြီး ဇာတ်ကြောင်းပြောခြင်းသည် သင့်တော်သည့် ဆက်စပ်အခြေအနေများအတွင်း သတိကြီးစွာထား၍ ကျွမ်းကျင်လိမ္မာစွာဖြင့် အသုံးပြုခဲ့ရန် လိုအပ်သည်။

ဇာတ်ကြောင်းပြန် စာနယ်ဇင်းပညာတွင် ပါဝင်သည့် ကိရိယာတန်ဆာပလာ အချို့မှာ

ပုံတူရေးဖွဲ့ခြင်းနှင့် ဇာတ်ကွက်အခင်းအကျင်း၊ သင်သည် ဝေါလ် စထရိဂျာနယ် ချဉ်းကပ်နည်းကို ရွေးချယ်ခဲ့ပါက သင့်ထံတွင် စုံစမ်းဖော်ထုတ်မှု ဖြစ်စဉ်တစ်လျှောက် အသေးစိတ် အချက်အလက်များအတွက် ထက်မြက်စူးရှသော မျက်လုံးတစ်လုံးရှိရန် လိုအပ်သည်။ သင်သည် စာဖတ်သူအတွက် အစစ်အမှန်ဟု ခံစားရကာ ဘဝင်ကျစေနိုင်လောက်သည့် သင်၏ ရင်းမြစ် သို့မဟုတ် အခင်းအကျင်းများကို အတန်အသင့် ဖော်ပြရမည် ဖြစ်သည်။ ဤသည်မှာ (သင့်ထံတွင် နေရာမလပ်ရှိနေသည့်) စိတ်မချမ်းမြေ့ဖွယ်ရာ အားလုံးကို မှတ်တမ်းတင်နေခြင်း မဟုတ်ဘဲ သင်၏ သတင်းဆောင်းပါး တန်ဖိုးမြင့်စေရန် ဖြစ်ရပ်မှန်များမှ အနည်းငယ်ကို ရွေးချယ်၍ အနုစိတ် ပြောကြားခြင်း ဖြစ်သည်။

အရိပ်အမြွက်နှင့် သဲလွန်များ၊ စုံစမ်းဖော်ထုတ်မှု သတင်းဆောင်းပါးတစ်ပုဒ်ကို ရေးသားနေစဉ် သတင်းဆောင်းပါး၏ ဆွဲဆောင်ရာ ကနဦးကတည်းကပင် သင်၏ ပရိသတ်အား အရိပ်အမြွက်များ သို့မဟုတ် သဲလွန်စများ ထောက်ပံ့ပေးရန်လည်း အရေးကြီးသည်။ သင်သည် ပိရမစ်ပုံစံ တည်ဆောက်ပုံအား ရွေးချယ်ခဲ့လျှင် ၎င်းတို့ကို အထူးသဖြင့် အသုံးပြုရမည် ဖြစ်သည်။ သင်သည် ဖတ်ရှုသူများ၏ စိတ်ပါဝင်စားမှု ကို ထိန်းထားနိုင်ရန် သတင်းဆောင်းပါး၏ အဆုံးသတ် တွေ့ရှိချက်များကို ဖွင့်လှစ်ပြသည့်တိုင်အောင် လုံလောက်သည့် အနုစိတ်များကို ပေးရမည် ဖြစ်သည်။

ဇာတ်ကွက်ဆင်မှု၊ တည်ဆောက်ပုံနှင့် စကားလုံးများ၊ ရေးသားရာတွင် ဇာတ်ကွက်ဆင်မှု အကြောင်းအရာများ ကိုလည်း သတိတရရှိနေရန် အရေးကြီးသည်။ သင်ရွေးချယ်ထားသည့် ဇာတ်ကြောင်းပြန်အရွေ့၊ တည်ဆောက်ပုံနှင့် စကားလုံးတိုင်းက သင်၏ သတင်းဆောင်းပါး မည်မျှ သွက်လက်စွာ သို့မဟုတ် လေးဖင့်စွာ ဆက်လက်မည်ကို အဆုံးအဖြတ်ပေးမည် ဖြစ်သည်။ ဝါကျတိုများနှင့် ကျစ်လျစ်သည့် စကားလုံးများသည် အကြောင်းအရာများကို ဇာတ်ရှိန်မြှင့်ပေးနိုင်သည်။ ဝါကျရှည်များကမူ ၎င်းတို့ကို လေးဖင့်စေသည်။ ကျစ်လျစ်သည့် စာပိုဒ်တစ်ပိုဒ်တွင် ပညာရပ်ဆိုင်ရာ သတင်းအချက်အလက်များ အစုလိုက်အပုံလိုက် ထည့်သွင်းထားခြင်းက ဝါကျတိုများ ဖြစ်နေစေကာမူ စာဖတ်သူအား အရှိန်လျော့ ဖင့်နှေးစေသည်။ မလိုအပ်ဘဲ နောက်ခံ အကြောင်းအရာနှင့် ရှေ့နောက်အဆက်အစပ်များ မတန်တဆ ဖြစ်နေခြင်းကလည်း သင်၏ သတင်းဆောင်းပါးအား အဆုံးမသတ်ရသေးခင် လုံးလုံးလျားလျား ရပ်တန့်သွားစေနိုင်သည်။ စကားလုံး အပိုများသာ ဖြစ်နေသလား၊ တန်ဖိုးမြင့်စေသလား ဆိုသည်ကို သင့်ကိုယ်သင် အမြဲ မေးမြန်းပါ။ သတင်း ဆောင်းပါးတွင် မလိုအပ်သည့် စကားအသုံးအနှုန်းများကို ဖြတ်တောက်ပစ်ပါ။

သင်၏ သတင်းဆောင်းပါးကို အသံထွက်၍ ကျယ်ကျယ်ဖတ်ကြည့်လျှင် ဇာတ်ကြောင်း၏ အလျဉ်နှင့် ချိန်ကိုက်မှုကို သင် ခံစားရလိမ့်မည်။ သို့သော်လည်း သတင်းဆောင်းပါးသည် လေးဖင့်လာခြင်းကိုသာမက တုံ့ဆိုင်းနေခြင်း တို့ကိုပါ သို့မဟုတ် ဆိုးရွားလာခြင်းနှင့် ငြီးငွေ့ဖွယ် ဖြစ်နေခြင်းတို့ကိုပါ သင် ခံစားနိုင်လာရမည် ဖြစ်သည်။ သင်၏နားသည် သင်၏ အကောင်းဆုံး တည်းဖြတ်သူဖြစ်ပြီး စာရေးသူတစ်ယောက်ကဲ့သို့ သင်၏ သဘာ၀ လူသားအသံ ပျောက်ဆုံးသွားသောအခါ သို့မဟုတ် သင်၏ စကားလုံးအသုံးအနှုန်းများ လိုရင်းသို့ မရောက်သည့်အခါ သင့်အား အသိပေးမည် ဖြစ်သည်။ သတင်းဆောင်းပါးကို စာဖတ်သူက သင်၏အသံဖြင့် ခွဲခြားသိမြင်လာနိုင်စေရန် လူကိုယ်တိုင် စကားစမြည် ပြောဆိုနေသကဲ့သို့ ရေးသားပါ။ ရေးသားရာတွင် သဒ္ဒါနှင့် အဖြတ်အတောက် မှန်ကန်စေပြီး အသံအနေအသံထား၊ ဖိရွတ်သံနှင့် ဖော့ရွတ်သံတို့ကို ပေါင်းထည့်ပါ။ ၎င်းတို့သည် စာရွက်ပေါ်တွင်သာ အလုပ်လုပ်ကြသော်လည်း စကားပြောဆိုသည့် အခါတွင် လက်များ၊ မျက်လုံးများနှင့် မျက်နှာကြွက်သားများဖြင့် ပြုလုပ်ကြသည်။