၂.၂။ စုံစမ်းဖော်ထုတ် အင်တာဗျူးခြင်း၏ တမူထူးကဲပုံ


ပြင်ဆင်မှုရှိခြင်းနှင့် ပြောင်းလွယ်ပြင်လွယ်ရှိခြင်းတို့သည် အင်တာဗျူးတိုင်းတွင် ရှိရမည့် အင်္ဂါရပ်များဖြစ်သည်။ သို့သော် စုံစမ်းဖော်ထုတ်မှုသတင်းဆောင်းပါးတစ်ခုအတွက် အင်တာဗျူးပြုလုပ်ရာတွင်မူ သင့်အင်တာဗျူးလုပ်ငန်းဆောင်တာတို့ကို သက်ရောက်မှုရှိစေနိုင်သည့် ကွာခြားမှုများ လိုအပ်လာနိုင်သည်။ ဤလုပ်ငန်း၏ သဘာဝအရပင် သတင်းရင်းမြစ်များ၏ ရန်လိုမှုများ၊ ငြင်းဆန်မှုများ၊ မပတ်သက်လိုမှုများ သို့မဟုတ် ရှောင်ပြေးလိုမှုများကို ရင်ဆိုင်ရနိုင်သည်။ သို့ဖြစ်ရာ စုံစမ်းဖော်ထုတ်အင်တာဗျူး ပြုလုပ်ရာတွင် သင်ထည့်သွင်းစဉ်းစားသင့်သည့် အချက်အချို့ကို ဤတွင် ဖော်ပြလိုက်ရပါသည်။

အချိန်သင့်အခါသင့် ဖြစ်ခြင်း

သင့်စုံစမ်းဖော်ထုတ်မှုတွင် အဓိကပါဝင်ပတ်သက်သူများကို မည်သည့်အချိန်များ၌ တွေ့ဆုံသင့်ပါသနည်း။ စောလွန်းပါက သူတို့ ရှောင်ပြေးရန် အခွင့်ကောင်းရသွားခြင်း၊ တရားဝင် တားမြစ်မှုများ ပေါ်ပေါက်လာခြင်း သို့မဟုတ် သတင်းကို မထုတ်ဝေနိုင်မီ အထောက်အထားများ ဖျောက်ဖျက်ခံရခြင်းတို့ ကြုံတွေ့နိုင်ပါသည်။ နောက်ကျလွန်းပါက ထွက်ပြေးတိမ်းရှောင်ပြီးဖြစ်ခြင်း၊ လူကြားကောင်းရုံအဖြေများကို ပေးလာနိုင်ခြင်း သို့မဟုတ် နက်နက်ရှိုင်းရှိုင်း မေးမြန်းခံရခြင်း မရှိစေရန် ဥပဒေနည်းလမ်းများဖြင့် အကာအကွယ်ယူထားခြင်းတို့ကို ကြုံတွေ့ရနိုင်ပါသည်။ ယေဘုယျ ပုံသေနည်းတစ်ခုမှာ အဓိကသက်ဆိုင်သူများသို့ မချဉ်းကပ်မီတွင် စာရွက်စာတမ်း သို့မဟုတ် လွတ်လပ်သည့်အခြားသတင်းရင်းမြစ်များစွာတို့၏ အတည်ပြုချက် စသည့် အထောက်အထားများကို တတ်နိုင်သမျှ များများ စုဆောင်းထားရှိသင့်ပါသည်။ နောက်ဆုံးအချိန်မှသာ သင့်သတင်းအတွက် အထောက်အကူဖြစ်စေမည့် အချက်အလက်များကို စုဆောင်းနိုင်ပါသည်။

ထိခိုက်မှုများ ကြုံတွေ့ရနိုင်ခြင်း

အကယ်၍ သတင်းတစ်ပုဒ်သည့် လုံးဝပြည့်စုံမှု၊ မှန်ကန်မှု မရှိလျှင်ပင် သင့်အနေဖြင့် တစ်ခုခု လုပ်နိုင်စရာရှိသေးသည်။ ထိုသို့သော အခြေအနေများတွင် သင်က မှတ်ချက်တစ်ခုခုပေးပါဟု တောင်းခံလိုက်သည့်အခါ အာဏာပါဝါကြီးသူများနှင့် အဖွဲ့အစည်းများက ထိုကိစ္စရပ်အား စုံစမ်းဖော်ထုတ်လျက်ရှိပြီဟု သတိပေးလိုက်သလို ဖြစ်သွားပြီး သူတို့အား ဒုက္ခပေးလာပြီဟု အနက်ကောက်တတ်ကြသည်။ ထိုအခါတွင် နည်းမျိုးစုံဖြင့် တုံ့ပြန်ကြလိမ့်မည်။ သာမာန်ငြင်းဆိုမှုသည် ကိုင်တွယ်ရအလွယ်ဆုံး ဖြစ်သည်။ ရှေ့ဆက်တူးဆွနေဖို့ လိုသည်။ အခြားခြိမ်းခြောက်မှုများနည်းတူပင် ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် ဥပဒေကြောင်းအရ ခြိမ်းခြောက်မှုများ၊ သို့မဟုတ် (အယ်ဒီတာနှင့် ထုတ်ဝေသူတို့မှ) သတင်းဆက်မလိုက်ရန် တားမြစ်မှုများ၊ ရေးသားထုတ်ဝေခြင်းမပြုမီ တရားစွဲဆိုခံရခြင်းများကိုလည်း ကြုံရနိုင်သည်။ ဂုဏ်သိက္ခာထိခိုက်ညှိုးနွမ်းစေမှု ဆိုသည့်စကားလုံးကို တွင်တွင်ကြားရနိုင်သော်လည်း တကယ်တမ်း ထိုအမှုဖြင့် တရားစွဲဆိုခြင်းမှာ သိပ်မများလှပါ။

အင်တာဗျူးဖြေဆိုရန် ရှောင်ရှားငြင်းဆန်ခြင်း

စုံစမ်းဖော်ထုတ်သတင်းလိုက်မှုသည် မသိသေးသည်ကို သိရအောင်လုပ်ခြင်း ဖြစ်သည်။ တမင်သက်သက် မုသားပြောဆိုခြင်း၊ တမင်တကာ မပြောပဲ ခြွင်းချန်ထားခဲ့ခြင်းများကို ကြုံရနိုင်သည်။ ဥပမာအားဖြင့် လွှတ်တော်သို့လည်းကောင်း၊ လူ့အဖွဲ့အစည်းသို့လည်းကောင်း လိမ်ညာထားသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးသည် လတ်တလော ဖြစ်ပွားလျက်ရှိသည့် မိန်းကလေးငယ်ကလေး လူကုန်ကူးခံနေကြရသည့် အခြေအနေကို သင့်အား ဆွေးနွေးပြောဆိုပေးလိမ့်မည် မဟုတ်ချေ။ ဖော်ထုတ်တွေ့ရှိချက်များသည်လည်း တုန်လှုပ်လောက်စရာ မဖြစ်လျှင်ပင် များစွာ စိတ်ဝင်စားဖို့ကောင်းလေ့ရှိသည်။ သို့ဖြစ်ရာ အင်တာဗျူးကို ပြင်ဆင်ရာတွင် သတိဖြင့် ကိုင်တွယ်ရန်လိုသည်။ အကယ်၍ သင်က စစချင်းကတည်းက အင်တာဗျူးလုပ်လိုပါသည်ဟု ပြောလျှင် သတင်းရင်းမြစ်များက ငြင်းဆန်နိုင်သည်။ အကယ်၍ အင်တာဗျူးကို အများသူငါ ဝင်ထွက်သွားလာသည့် နေရာတစ်ခုတွင် ပြုလုပ်ပါကလည်း သင့်သတင်းရင်းမြစ်အတွက် အန္တရာယ်ကျရောက်နိုင်လေသည်။

အင်တာဗျူးအတွက် မဟာဗျူဟာခင်းကျင်းခြင်း

အင်တာဗျူးတစ်ခု ပြုလုပ်ရန် ဖြစ်နိုင်ခြေရှိသည့် မဟာဗျူဟာ သုံးရပ်ရှိသည်။ ခရီးသွားဟန်လွဲ သို့မဟုတ် အချက်အလက်ရရှိနိုင်ရန် တည့်တိုးမေးရသည့် အင်တာဗျူးများတွင် ဆွေးနွေးပြောဆိုမှုတစ်လျှောက် မေးခွန်းများသည် ခက်ခဲမှုအတန်အသင့်ရှိသည်။ အင်တာဗျူးနေစဉ်မှာ တဖြည်းဖြည်း ပို၍ အရေးကြီးလာသော၊ ထိလွယ်ရှလွယ်ဖြစ်သော၊ ပိုခက်လာသော မေးခွန်းများ ထပ်ပေါ်လာဖို့ မရှိချေ။ လူပုဂ္ဂိုလ်အကြောင်း အင်တာဗျူးရာတွင်မူ မေးခွန်းများသည် ထိုလူပုဂ္ဂိုလ်နှင့်ပတ်သက်၍ ကွက်ကွက်ကလေးဖြင့် စတင်သည်။ မည်သည့်ကျောင်းတွင် နေခဲ့သနည်း။ မည်သူနှင့် လက်ထပ်သနည်း၊ မည်သည့်အတွက်နည်း။ ကဗျာများကို မည်ကဲ့သို့ စရေးသားလာခဲ့သနည်း။ ရံဖန်ရံခါတွင်လည်း ထိုလူပုဂ္ဂိုလ်၏ ဘဝမှ အရေးကြီးသည့် အချက်အလက်များကို သိရှိနိုင်ရန် အပိတ်မေးခွန်းများကို မေးရတတ်သည်။ သို့သော် သင့်စာဖတ်သူများသည် ထိုပုဂ္ဂိုလ်၏ အတွေးအမြင်များကို စိတ်ဝင်စားတတ်ကြသည်။ ထို့ကြောင့် အင်တာဗျူးသည်လည်း တဖြည်းဖြည်းနှင့် နယ်ကျယ်သထက် ကျယ်လာရသည်။ ခေတ်သစ် ဝတ္ထုများ၏ အခြေအနေကို မည်သို့ထင်ပါသနည်း။ စာပေဆုများကို အယုံအကြည်ရှိပါသလား၊ ယခုနှစ်အတွက် မည်သူရမည်ဟု ထင်ပါသနည်း။ ထရမ်းပက် လေမှုတ်တူရိယာ၏ အသွင်ပြင်မျိုးကဲ့သို့ပင် အစပိုင်းတွင် မေးခွန်းများက ကျဉ်းကျဉ်း ကွက်ကွက်ကလေးဖြစ်သော်လည်း တဖြည်းဖြည်းချင်း ကျယ်ပြန့်လာကာ ဆက်ပြီးအင်တာဗျူးလေ အဖွင့်မေးခွန်းများကို မေးရလေဖြစ်သည်။

စုံစမ်းဖော်ထုတ်မှု အင်တာဗျူးတစ်ခုသည် ဆန့်ကျင်ဘက် မဟာဗျူဟာတစ်ရပ်ကို မကြာခဏ သုံးရလေ့ရှိသည်။ ယင်းမှာ ကြီးမားသော၊ ယေဘုယျဆန်သော အကြောင်းအရာများ (ဥပမာ – “အစိုးရတင်ဒါတွေကို ပေးတဲ့ဖြစ်စဉ်က ဘယ်လိုမျိုးလဲ”၊ “အဲဒီဖြစ်စဉ်က စိတ်ကျေနပ်လောက်စရာ ရှိရဲ့လား”၊ “အစိုးရက ဘယ်လို ကြီးကြပ် စောင့်ကြည့်ပါသလဲ” စသည်တို့) ဖြင့် စတင်ပါ။ အင်တာဗျူးကို ဆက်မေးသွားရင်းမှ ပို၍ အသေးစိတ်ကျသည့် အပိုင်းများနှင့် အဓိက အသားပေးလိုသည့် အပိုင်းများသို့ ဦးတည်ပါ။ စုံစမ်းဖော်ထုတ်မှု အင်တာဗျူးများတွင် အခက်ဆုံးမှာ “တချို့ ကန်ထရိုက်တွေကိုတော့ တင်ဒါကိစ္စမှာ မသိချင်ယောင်ဆောင်ခဲ့တာလား၊ ဘာဖြစ်လို့လဲ” စသဖြင့် အပိတ်မေးခွန်းများ သို့မဟုတ် နှပ်ကြောင်းပေးမေးခွန်းများ ဖြစ်ပါသည်။ ထိုမေးခွန်းများကို နောက်ဆုံးပိတ်မှ မေးရပါမည်။ အကြောင်းမှာ ထိုသို့မေးပြီးနောက်တွင် သတင်းရင်းမြစ်က ဖုန်းချသွားခြင်း၊ သို့မဟုတ် နောက်ထပ်မေးခွန်း ထပ်မဖြေပေးတော့ခြင်းတို့ကို ကြုံရနိုင်သောကြောင့်ပင်။ ထိုအင်တာဗျူးများကတော့ ကတော့ချွန်ပုံအတိုင်း အစပိုင်းက ကျယ်၍ အဆုံးပိုင်းတွင် ကျဉ်းမြောင်းသွားပါသည်