၃။ အချက်အလက်များကို တူးဆွဖော်ထုတ်ခြင်း

၃။ အချက်အလက်များကို တူးဆွဖော်ထုတ်ခြင်း


သင့်အတွက် အထောက်အထားများ ပေါ်ထွက်လာသည့်အထိ ခရီးရောက်စေရန် ပံ့ပိုးမှုများထဲတွင် အချက်အလက်များကို တူးဆွဖော်ထုတ်ခြင်းသည် ဓမ္မဓိဋ္ဌာန်အကျဆုံး ဖြစ်စဉ်ဟုပင် ဆိုနိုင်ပါသည်။ ခိုးဝှက်တတ်သည့် သူနာပြုများရှိသည်ဟု ဆေးရုံတက်လူနာတစ်ဦးက တိုင်တန်းကြောင်း၊ သို့တည်းမဟုတ် လွန်ခဲ့သည့် ငါးနှစ်အတွင်း ခိုးမှုများပေါ်ပေါက်ခဲ့သည်ဟု တိုင်တန်းမှုများကြောင့် ကျန်းမာရေးဝန်ကြီးဌာနက စည်းကမ်းပိုင်းဆိုင်ရာ ကြားနာမှုများပြုလုပ်ကာ အလုပ်ဖြုတ်မှုများပင် ရှိခဲ့ကြောင်း သတင်းနိဒါန်းနှစ်ခုတွင် မည်သည့် သတင်းနိဒါန်းက လမ်းမှန်ပေါ် ရောက်စေမည်လဲ။ သတင်းအချက်အလက်များ အားလုံးကို ရလာသည့်အခါတွင် ကိန်းဂဏန်းများသည်ပင် လှည့်စားသည့်သဘော၊ သတင်းမှားပေးသည့်သဘောဖြင့် အသုံးပြုနိုင်ကြောင်းကို သတိကြီးစွာ ထားရမည်။ သို့သော် ထိရောက်မှုရှိစွာဖြင့် သတင်းအချက်အလက် ဒေတာဘေ့စ်များကို ကိုင်တွယ်နိုင်သောအခါ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုမျှ ကြာခဲ့သည့် အရေးကြီးသတင်းများကိုပါ ဖော်ထုတ်နိုင်လာလိမ့်မည်။

နိုင်ငံတကာမှ အချက်အလက်များသည် ပို၍ ဆီလျော်မှုရှိသော ရလဒ်များကို ပေါ်ပေါက်စေနိုင်သည်။ ဥပမာအားဖြင့် ဖွံ့ဖြိုးရေးထောက်ပံ့မှုပေးကြသည့် အလှူရှင်များသည် သူတို့၏ငွေများကို မည်ကဲ့သို့ သုံးစွဲကြောင်း နှစ်စဉ်အစီရင်ခံစာ ရေးသားတင်ပြကြသည်။ ထိုသို့သော အချက်အလက်များကို သင်နိုင်ငံတွင် လာရောက်ပံ့ပိုးလျက်ရှိသော အလှူရှင်များထံမှ ကောက်ယူရရှိနိုင်ပါက “မည်သည့်အလှူရှင်သည် …. နိုင်ငံတွင် ပံ့ပိုးငွေများကို အရပ်ဘက်ဝန်ထမ်းများ လေ့ကျင့်ပျိုးထောင်မှုအတွက် အများဆုံးအသုံးပြုခဲ့” ဆိုသည့် သတင်းခေါင်းစဉ်မျိုးကိုပါ ရေးသားနိုင်လာပါလိမ့်မည်။

အချက်အလက်တူးဖော်မှုသည် ငွေကြေးဆိုင်ရာကိစ္စများအတွက်သာ မဟုတ်ပါ။ လူမှုကွန်ရက် ဆန်းစစ်လေ့လာမှုများက အကြမ်းဖက်ကွန်ရက်များ၊ နိုင်ငံရေးပါတီ ထောက်ခံသူများနှင့် လူ့အသိုက်အဝန်း တစ်ခုချင်းစီအတွင်းမှ ဩဇာလွှမ်းမိုးသူများနှင့် ပတ်သက်သည့် ဖြစ်ရပ်များကို တင်ပြလျက်ရှိသည်။ ထိုကွန်ရက်များတွင် သက်မွေးလုပ်ငန်း တူညီသူများ၊ နယ်မြေဒေသ တူညီသူများ သို့မဟုတ် နိုင်ငံရေးပါတီတစ်ခုမှ ထင်ရှားသူများ ပါဝင်နေနိုင်သည်။ ယင်းတို့၏ ဝင်ငွေရရှိမှု၊ လုပ်ငန်းအတူလုပ်ကိုင်မှုနှင့် လူမှုကွန်ရက်တွင် မည်သို့အသွင်ယူသည်ကို သိရှိကာ အချက်အလက်များကို ချိတ်ဆက်ပြီး၊ လူ့အဖွဲ့အစည်းအတွင်း ယင်းတို့၏ သြဇာလွှမ်းမိုးမှုကို သိနိုင်ပေသည်။

သင့်အနေဖြင့် အမြဲတမ်း ရှိစုမဲ့စုသတင်းအချက်အလက်များဖြင့် စတင်နေရမည်တော့ မဟုတ်ပါ။ သတင်းသမားများစွာ၊ အဖွဲ့အစည်းများစွာတို့က ရှိရင်းစွဲအချက်အလက်များကို ထုတ်ဝေထားကြပြီးဖြစ်ရာ ယင်းတို့ကို အခြေခံ၍ ဆက်လက် သုတေသန ပြုလုပ်နိုင်ပါသည်။ ထိုဒေတာဘေ့စ်များတွင် ဆောင်းပါးများ၊ သုတေသနများ၊ လေ့လာချက်များနှင့် ဆက်သွယ်ရန်အချက်အလက်များပါ သိမ်းဆည်းထားရပါမည်။ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတိုက်တို့တွင် စုံစမ်းဖော်ထုတ်သူသတင်းသမားများသည် စင်တာများဖွင့်လှစ်ထားပြီး ဒေတာဘေ့စ်များဖန်တီးကာ အများပြည်သူ အသုံးပြုခွင့် ပေးလျက်ရှိသည်။ နီးနီးစပ်စပ်ကြည့်လျှင် စင်္ကာပူအစိုးရသည်လည်း ၎င်းတို့၏အချက်အလက်များကို အများပြည်သူရယူနိုင်ရန် လွှင့်တင်ထားလျက်ရှိသည်။

ဥပမာအားဖြင့် ဂွါတာနာမိုပင်လယ်အော် (အကျဉ်းစခန်း) တွင် ထိန်းသိမ်းခံရဖူးသူများနှင့်ပတ်သက်သည့် အချက်အလက်များကို ကောက်ယူကာ အမေရိကန်ရှိ Nicar အဖွဲ့က အများပြည်သူအသုံးပြုနိုင်သည့် ဒေတာဘေ့စ်တစ်ခုကို လွှင့်တင်ခဲ့ရာ www.ire.org/nicar တွင် ကြည့်ရှုနိုင်ပါသည်။