၄။ ကိန်းဂဏန်းများကို ကိုင်တွယ်ခြင်း

၄။ ကိန်းဂဏန်းများကို ကိုင်တွယ်ခြင်း


စုံစမ်းဖော်ထုတ် သတင်းလိုက်မှုအများစုမှာ အရည်အသွေးအခြေပြု ဖြစ်လေ့ရှိသည်။ မည်သည့်အတွက်ကြောင့်၊ မည်သို့မည်ပုံ အခြေအနေများ မှားယွင်းလွဲချော်ကြသည်၊ မည်သူ့တွင် တာဝန်ရှိသည် ဆိုသည့် အချက်များကိုသာ သတင်းလိုက်လေ့ရှိကြသည်။ သို့သော် စုံစမ်းဖော်ထုတ်မှု သတင်းတိုင်းလိုလိုတွင် အရေအတွက် အချက်အလက်များလည်း ပါဝင်လေ့ရှိသည်။ လိုငွေပြမှုသည် မည်မျှကြီးမားသနည်း၊ သင့်နိုင်ငံ၏ တရားမဝင် ငါးဖမ်းလုပ်ငန်းများ၏ ကိန်းဂဏန်းအချက်အလက်များက မည်သို့ရှိသနည်း၊ နှစ်စဉ် ဆေးရုံဆေးခန်းများမှ လက်လျှော့လိုက်သော လူနာမည်မျှ ရှိသနည်း စသည်တို့ဖြစ်သည်။

ဆိုလိုသည်မှာ ဧရာမကိန်းဂဏန်ကြီးများကို ပိစိကွေး ကိန်းဂဏန်းလေးများ ဖြစ်သွားအောင် မည်သို့လုပ်ရမည်လဲ၊ ကိန်းဂဏန်းများကို လူအများနားလည်နိုင်သည့် ရာခိုင်နှုန်းဖြင့် ပြသနိုင်ရန် ရိုးရိုးရှင်းရှင်း မည်သို့တွက်ချက်ရမည်လဲ စသည်တို့ကို သင်သိဖို့လိုသည်။ အချို့ပုဂ္ဂိုလ်များမှာ ကိန်းဂဏန်းများကို ချစ်တတ်သောကြောင့် သတင်းထောက်များ မဖြစ်ကြရရှာချေ။ သို့သော် ကိန်းဂဏန်းများက မခက်ပါ။ အမှန်တော့ ကိန်းဂဏန်းများသည် သင့်စုံစမ်းဖော်ထုတ်မှု သတင်းကို တင်ပြရာတွင် မရှိမဖြစ်ပင် လိုအပ်သည်။

အခြေခံများကို ကျေညက်နားလည်မှုမှပင် စတင်ရပါလိမ့်မည်။ ဥပမာ – ဆေးခန်းမှ သူနာပြုတစ်ဦး၏ လုပ်ငန်း ထိရောက်မှုကို ဆန်းစစ်လိုလျှင် သူတို့၏ ပုံမှန်တမ်းတစ်နေ့တာ အချိန်ဇယားတစ်ခု ရေးဆွဲဖို့ ကျွမ်းကျင်သူတစ်ဦး၏ အကူအညီကို ရယူရမည်။ ထို့နောက် ကြည့်ရှုစစ်ဆေးမှုများ၊ တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ပြီးသည့်အခါမှာတော့ အောက်ပါအချက်များကို ဖော်ထုတ်နိုင်ပါလိမ့်မည်။

  • > တစ်နေ့တာတွင် မည်သည့်ကိစ္စများက အချိန်အယူဆုံး ဖြစ်သနည်း။ သူနာပြုများသည် ဖြတ်လမ်းများကို သုံးတတ်ကြသလား။ ထိုဖြတ်လမ်းများက မည်သို့ရှိသနည်း။ သူနာပြုများသည် တစ်နေ့တာ လုပ်ဆောင်စရာများကို အကုန်အစင်လုပ်ဆောင်နိုင်ရန် မနိုင်ဝန်ဖြစ်နေကြသလား။
  • > သူနာပြုတစ်ဦး၏ လုပ်ငန်းတာဝန်ဖော်ပြချက်နှင့် ဆေးခန်းသို့ လူနာလာရောက်မှုပျမ်းမျှအရေအတွက်တို့ကြား မည်သို့ ဆက်စပ်မှုရှိသနည်း။

ထို့နည်းတူ လေထုအရေအသွေးကို ဆန်းစစ်ကြည့်သည့်အခါ လေထဲတွင် မည်သည့်ညစ်ညမ်းမှုများ ရှိနေကြောင်း တွေ့ရမည်။ ထိုအခါ မည်သည့်ညစ်ညမ်းမှုများက အန္တရာယ်ပေးနိုင်သလဲ၊ မည်သည့်အတိုင်းအတာအထိ ညစ်ညမ်းပါက ကျန်းမာရေးကို ထိခိုက်ပျက်ယွင်းနိုင်သလဲ ဟူသည်ကို ဆေးပညာကျွမ်းကျင်သူတစ်ဦးအား မေးမြန်းကြည့်ပါ။ ထိုအတိုင်းအတာနှင့် သင့်နိုင်ငံက သတ်မှတ်ထားသည့် လေထုသန့်စင်မှုအတိုင်းအတာကို နှိုင်းယှဉ်စစ်ဆေးကြည့်ပါ။ ထိုပြဿနာ စတင်နေခဲ့သည်မှာ အလွန်ကြာပြီဟုလည်း တွေ့ရှိနိုင်ပါသည်။ အချိန်ကြာလာသည်နှင့်အမျှ ကိန်းဂဏန်းများက များစွာပြောင်းလဲမသွားခြင်း သို့မဟုတ် ခပ်ဆင်ဆင် (လေထုညစ်ညမ်းမှုနှုန်း) မြင့်တက်သွားမှု ပုံမှန်ပေါ်ပေါက်နေခြင်း သို့မဟုတ် ယခင်ကထက် (လေထုညစ်ညမ်းမှုနှုန်း) ကျဆင်းသွားခြင်းတို့ကို တွေ့ရနိုင်သည်။ သတင်းသမားတစ်ယောက်၏တာဝန်မှာ ထိုကိန်းဂဏန်းများကို အနက်ဖော်၍ မည်သည့်ပြဿနာများက ပိုမိုကြီးထွားလာသလဲ သို့မဟုတ် အတန်အသင့်သတိထားမိစရာဖြစ်ခဲ့သလဲဟူသည်ကို ဆုံးဖြတ်ရပါမည်။ သို့သော် ကိန်းဂဏန်းသက်သက်ဖြင့်တော့ မလုံလောက်ပါ။ ဤပြဿနာသည် ယခုမှ မည်သည့်အတွက်ကြောင့် သတိထားမိစရာ ဖြစ်လာရသနည်းဟူသည်က သင့်သတင်း၏ အဓိကအချက် ဖြစ်ပါလိမ့်မည်။

နိုင်ငံများစွာတွင် မိုးလေဝဿဆိုင်ရာကိန်းဂဏန်းများသည် ကာလရှည်ကြာထိန်းသိမ်းထားသည့် မှတ်တမ်းများ ဖြစ်လေ့ရှိကြသည်။ ဥပမာအားဖြင့် အာဖရိကတိုက်တွင် ကိုလိုနီအာဏာပိုင်များစာရင်းပြုစုခဲ့သည့် ကိန်းဂဏန်းများက အစောဆုံးအဖြစ် ရှိနေသည့်အပြင် ရေကြီးခြင်း၊ မိုးခေါင်ခြင်းတို့နှင့်ပတ်သက်သည့် နှုတ်ပြောသမိုင်းများကိုလည်း မှတ်သားချက်များ ရှိနေကြသည်။ အာရှနိုင်ငံများစွာတို့တွင် မိုးလေဝဿပြောင်းလဲမှုပုံစံမှတ်တမ်းမှတ်ရာများကို သီးခြား ဒေတာဘေ့စ်များဖြင့် ထားရှိတတ်ကြသည်။ သို့ဖြစ်၍ သင့်အနေဖြင့် ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ ရာသီဥတု ပြောင်းလဲခြင်းကဲ့သို့ မိုးလေဝဿဆိုင်ရာ အခြေအနေများကို စုံစမ်းဖော်ထုတ်လိုပါလျှင် မိုးလေဝဿ ပြောင်းလဲမှုပုံစံများ၏ အတက်အကျ အပြောင်းအလဲများကို နှိုင်းယှဉ်သုံးသပ်ကြည့်နိုင်သည်။

ယင်းကိုကြည့်၍ သတင်းအချက်အလက်များသည် အစဉ်သဖြင့် ပြောင်းလဲဖြစ်ထွန်းလျက်ရှိသော အရင်းအမြစ်များဖြစ်ကာ သတင်းအကြောင်းအရာ စိတ်ကူးစိတ်သန်းအတွက် ထည့်သွင်းစဉ်းစားနိုင်ကြောင်း သိရပါလိမ့်မည်။ ထို့ပြင် ဥပမာပြရလျှင် သတင်းထုတ်ပြန်ချက်များသည်လည်း ကိန်းဂဏန်းသဘောအရ စောကြောစစ်ဆေးနိုင်ရန် ရည်ရွယ်ကြသည်မဟုတ်၊ သတင်းထုတ်ပြန်ချက်ရေးသားသူများကလည်း ထိုသို့ မျှော်လင့်ကြဟန်မတူ။ သို့သော် မကြာခဏဆိုသလိုပင် သတင်းထုတ်ပြန်ချက်များသည် အရေးကြီးသည့် သတင်းအချက်အလက်များကို ဖော်ပြပြီး သတင်းကြီးကြီးများကို ရရှိစေနိုင်သည်။ စုံစမ်းဖော်ထုတ်သူ သတင်းသမားကောင်းတို့ဟူသည်မှာ ဘာသဲလွန်စပဲရရ လက်လွတ်ခံတတ်ကြသူများ မဟုတ်ကြပေ။ တစ်ချိန်တည်းတွင်ပင် သင့်အနေဖြင့် ကိန်းဂဏန်းများ၊ ဂရပ်ဖ်များနှင့် အခြားအရေအတွက်အခြေပြု အချက်အလက်ပုံစံများကို သံသယဝင်မိသည်လည်း ရှိလိမ့်မည်။ အစောပိုင်းတွင်တော့ အချက်အလက်များက သူမတူ ထူးခြားသည့်သတင်းတစ်ပုဒ်ကို ရေးသားနိုင်လိမ့်မည်ဟု ထင်ချင်စရာပင် ဖြစ်သည်။ သို့သော် စုံစမ်းဖော်ထုတ်သူ သတင်းသမားကောင်းတို့ဟူသည် ထိုအချက်အလက်များ မည်ကဲ့သို့ ဖန်တီးထားကြောင်း၊ စစ်တမ်းကို မည်သို့ကောက်ယူထားကြောင်း၊ မည်သူက ငွေကြေးထောက်ပံ့၍ မည်သူက ပုံနှိပ်ကြောင်းနှင့် အသေးစိတ်များကို မျက်ခြေပြတ်သွားကာ သူတို့၏ အကျိုးစီးပွားကို ထင်ဟပ်စေခြင်းရှိမရှိ စသည်တို့ကိုလည်း မေးခွန်းထုတ်နိုင်ရမည်။

အခြေအနေက အခရာကျသည်။ ကိန်းဂဏန်းများသက်သက်ဖြင့် အဓိပ္ပာယ်မရှိ။ ထိုအချက်အလက်များကို အနက်ဖော်နိုင်၊ မေးခွန်းထုတ်နိုင်ခြင်းသည်ကသာ သတင်းသမားတစ်ယောက်အဖြစ် သင်ထပ်ပိုးဖြည့်စွက်ထားသည့် တန်ဖိုး ဖြစ်သည်။