၁.၁။ တိကျပါ


ဖွင့်ဆိုချက်နှင့် ဥပမာများ။ ။ သင့်စာဖတ်ပရိသတ်အတွက် ပညာရပ်ဝေါဟာရများနှင့် ရှုပ်ထွေးသောအသုံးအနှုန်းများကို အဓိပ္ပာယ်ဖွင့်ဆိုပေးပါ။ သတင်းအစမှ အဆုံးထိ ထိုဖွင့်ဆိုချက်နှင့်အညီသာ ရည်ညွှန်းရေးသားပါ။ ထို့ပြင် ဒြပ်မဲ့အယူအဆများကို မြင်လွယ်အောင် ဥပမာများပေးပါ။

သက်သေမပြနိုင်သည့် ယေဘုယျပြုဖော်ပြချက်များ။ ။ ‘အများစု’၊ ‘အများအပြား’၊ ‘အချို့’ သို့မဟုတ် ‘အနည်းငယ်’ စသည့် အသုံးအနှုန်းများ၏ အဓိပ္ပာယ်ကို နားလည်ပြီး ယင်းတို့အကြား ကွဲပြားပုံကိုလည်း သိထားရပါမည်။ ယင်းတို့ကို ဆီလျော်စွာ အသုံးပြုပါ။ ‘အများစု’ နှင့် ‘အများအပြား’ ဟူသည့် စကားလုံးနှစ်ခု၏ ကွဲပြားမှုကို သတိထားပါ။ ‘အားလုံး’ သို့မဟုတ် ‘ဘယ်သူမှ/ဘယ်အရာမှ’ စသည်တို့ကို အသုံးပြုလျှင်လည်း အသေးစိတ် ဂရုစိုက်ပါ။ ကိစ္စတစ်ခုသည် ‘အကြောင်းရင်းခံ’ ဖြစ်သလား သို့မဟုတ် ‘အကြောင်းရင်းများစွာထဲမှ တစ်ခု’ ဖြစ်သလား။ ‘အမြဲတမ်း’ ဖြစ်သလား သို့မဟုတ် ‘ရံဖန်ရံခါ’ ဖြစ်သလား။ ယေဘုယျဖော်ပြမှုများကို တိကျမှုရှိလာစေရန် ရေရာသည့် နမူနာဖြစ်ရပ်များကို ရည်ညွှန်းဖော်ပြခြင်းနှင့် အမည်ဖော်ပြထားသည့် လူပုဂ္ဂိုလ်များ၏ ပြောဆိုချက်များကို ကောက်နှုတ်ပြောဆိုခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

အဆိုပြုတင်ပြချက်များကို အားကောင်းစေခြင်း။ ။ အဆိုပြုတင်ပြချက်များအားလုံးကို ခိုင်မာသည့် အသေးစိတ်အချက်အလက်များဖြင့် အားကောင်းအောင် ပံ့ပိုးရမည်။ အယူအဆတစ်ခု သို့မဟုတ် စနစ်တစ်ရပ်ကို ဝေဖန်ထောက်ပြသည့်အခါတွင် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို တိုက်ခိုက်ခြင်း မပြုပါနှင့်။ အချက်အလက်များနှင့် အဆိုပြုတင်ပြချက်များကိုသာ မျက်ခြေမပျက် ဆွေးနွေးဖော်ပြပါ။ သတင်းတွင် တစ်စုံတစ်ခုသော ရည်ရွယ်ချက်အတွက် မျက်နှာသာပေး ရေးသားထားခြင်းရှိမရှိကို စာဖတ်သူများကသာ ဆုံးဖြတ်ပါလိမ့်မည်။ တစ်ခါတစ်ရံတွင် တင်ပြထားသည့် အထောက်အထားကပင် သူ့အလုပ်သူ လုပ်သွားပါလိမ့်မည်။

အာဏာပိုင်များ၏စကားကို သက်သေပြချက်အဖြစ် ကိုးကားခြင်း။ ။ ကောင်းကျိုး ဆိုးပြစ်များကို မခြွင်းမချန် ဖော်ပြ၍ မျှတစွာ ရေးသားပါ။ အာဏာပိုင်များ၏ အရေးယူလုပ်ဆောင်ချက်များနောက်ကွယ်တွင် ရှိနေသည့်အကြောင်းအရင်းများကို အာရုံစိုက်ရန် အရေးကြီးပါသည်။ တစ်ဦးဦးက အကြောင်းကိစ္စတစ်ခုကို မည်သည့်အတွက်ကြောင့် ပြောဆိုရသနည်း။ တစ်ဦးတည်းသာမကဘဲ သင့်တော်သည့်သတင်းရင်းမြစ်အများအပြားနှင့် စကားပြောဆိုကြည့်ကာ နောက်ခံအခြေအနေ သုတေသနနှင့် ကောက်နှုတ်ပြောဆိုချက်များကို ထည့်သွင်းရေးသားပါ။

အာဃာတများ၊ အစွဲအလမ်းများနှင့် စိတ်ခံစားချက်များ။ ။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အစွဲအလမ်းများကို ရှောင်ရှားကာ သတင်းရင်းမြစ်များအားလုံးကို မျှတသည့်သံသယစိတ်ဖြင့် တစ်ပြေးညီအကဲဖြတ်၍ ဘက်မလိုက်သည့် ဘာသာစကားဖြင့် ရေးသားဖော်ပြပါ။

‘ဒီလိုဆိုရင် ဘာဖြစ်မလဲ’ ဟု မေးမြန်းခြင်း။ ။ သင့်ကနဦးယူဆချက်နှင့် သင့်သတင်းအချက်အလက်များ ဆီလျော်မှုရှိမရှိ သိနိုင်သော အကောင်းဆုံးနည်းမှာ “ဒီလိုဆိုရင် ဘာဖြစ်မလဲ” ဟု မိမိကိုယ်ကို မေးမြန်းခြင်းပင် ဖြစ်ပါသည်။ တစ်ခုတည်းသော သေချာသည့် တွေ့ရှိချက်အပေါ် အခြေခံခြင်းထက် ရရှိထားသော အထောက်အထားများကို အားယူ၍ တိကျပြီး လက်ခံနိုင်ဖွယ်ဖြစ်သော စုံစမ်းဖော်ထုတ်မှုသတင်းတစ်ပုဒ်ကို ရေးသားရန် ဖြစ်နိုင်ပါသည်။ သင့်တွင် အထောက်အထား အလွန်များပြားစွာ ရှိနေပါက လိုအပ်လျှင် သင့်သတင်းရင်းမြစ်များထံ ပြန်သွားကာ အသေးစိတ်များကို ရှင်းလင်းပြခိုင်းပြီး ယင်းတို့ကို ကျစ်ကျစ်လစ်လစ်နှင့် ကွက်ကွက်ကွင်းကွင်း ဖော်ပြပါ။ ထိုသို့ပြုခြင်းအားဖြင့် သင်ယူဆထားသည့်အတိုင်း ထိုသတင်းတွင် ပါဝင်ပတ်သတ်နေသူများ၏ ရည်ရွယ်ချက် စေ့ဆော်မှုနှင့် အခွင့်အလမ်းများ မည်သို့ရှိနေသည်ဟူသော သတင်းအချက်အလက်များကို ပို၍ ရရှိလာနိုင်ပါသည်။