၃.၂။ ကနဦးယူဆချက် ပြောင်းလဲသွားချိန်တွင် ကြိုတင်ပြင်ဆင်ခြင်း

၃.၂။ ကနဦးယူဆချက် ပြောင်းလဲသွားချိန်တွင် ကြိုတင်ပြင်ဆင်ခြင်း


အခြေခံ သုတေသနအချို့ကို လုပ်ဆောင်ပြီးသည့်အခါ ထိတ်လန့်တုန်လှုပ်စရာ ဖြစ်လောက်အောင်ပင် သင့်ကနဦး ယူဆချက်များက မှားယွင်းနေသည်ကို တွေ့လိုက်ရပြီ ဆိုပါစို့။ အချက်အလက်အသစ်များပေါ် အခြေခံ၍ သင့်သတင်းကို ပြန်လည်သတ်မှတ်ရန် မကြောက်ပါနှင့်။ ပြောင်းလွယ်ပြင်လွယ်ရှိခြင်းသည် စုံစမ်းဖော်ထုတ်မှုကောင်းတစ်ခုကို ဆောင်ရွက်ရာတွင် အရေးအကြီးဆုံးမူတစ်ခုပင် ဖြစ်သည်။ တွေ့ရှိရသော အချက်အလက်သစ်များကို မူန ကနဦးယူဆချက်အတွင်းသို့ မဝင်ဝင်အောင် ထိုးသိပ်ထည့်ရန် မကြိုးစားပါနှင့်။

နောက်ခံအခြေအနေများကို ဆုပ်ကိုင်မိပြီးသည့်နောက်တွင် ဆီလျော်မှုမရှိသည်များကို ချန်ခဲ့ကာ သုတေသနကို ပို၍နက်ရှိုင်းစွာ လုပ်ဆောင်ရမည့် အချိန်သို့ ရောက်ပြီဖြစ်သည်။ ကိုယ့်ကြိုးစားမှုများကို စွန့်ဖယ်ချန်ရစ်ခဲ့ရသည်မှာ ခက်ခဲလှပါသည်။ သို့သော် ထိုသို့ပင် လုပ်ရပေမည်။ နောင်သတင်းများတွင် အသုံးတည့်နိုင်သောကြောင့် မှတ်စုဟောင်းများကို သိမ်းဆည်းထားရပါမည်။ အဓိပ္ပါယ်ရှိသည့် အစိုးရအရာရှိများ၏ မှတ်ချက်စကားများကို ရှာဖွေကာ စိတ်ဝင်စားဖွယ်အကောင်းဆုံး အရင်းအမြစ်များနှင့် ရည်ညွှန်းချက်များကို ရောင်စုံခြယ်ထားရပါမည်။ မိမိ ရှာဖွေနေသော အချက်သည် အကောင်အထည်မရှိသည့် ယူဆချက်တစ်ခု နေရာတွင် အစားထိုးနိုင်မည့် ခိုင်မာသော၊ ရေရာတိကျသော အထောက်အထား ဖြစ်ရမည်။ ထိုအထောက်အထားမျိုးကို ရသည့်အခါ ထိုအကြောင်းအရာနှင့် ပတ်သက်၍ နက်နက်ရှိုင်းရှိုင်း နားလည်လာအောင် အားထုတ်ရမည်။ သင့်အနေဖြင့် တရားစွဲခံရချင်မည် မဟုတ်။ အတည်ပြုနိုင်ခြင်းမရှိသည့် အရာရာကို မေ့ပစ်လိုက်ပါ။ သင့်မှတ်စုများထဲတွင် ဝိရောဓိဖြစ်နေသည့် အချက်များကို တွေ့ရပါက စေ့စပ်ကြည့်၍ ရ,မရ စစ်ဆေးပါ။ အစွဲမကင်းသည့် သတင်းရင်းမြစ်များက ယင်းတို့အပေါ် မည်ကဲ့သို့ မှတ်ချက်ပေးထားသည်ကို ဆန်းစစ်ပါ။ မှတ်တမ်းတင် အသံသွင်းထားသမျှ မှတ်ချက်တိုင်းကို ထည့်သွင်းစဉ်းစားပါ။ စစ်ဆေးရန်၊ တိုက်ဆိုင်စစ်ဆေးရန်နှင့် ပြန်လှန်စစ်ဆေးခြင်းတို့ကို ပြုလုပ်ပါ။

ရှေ့ဆက်လုပ်ဆောင်ရာတွင် မည်သို့အခြေအနေရှိကြောင်း အယ်ဒီတာကို အသိပေးခြင်းဖြင့် လိုအပ်လာလျှင် သူက ပြန်လည်အစီအစဉ်ရေးဆွဲပေးနိုင်ပါလိမ့်မည်။ အစောကတည်းကလည်း မိမိကိုယ်တိုင် ထိုသို့လုပ်ထားသင့်သည်။ ထို့ပြင် ဂုဏ်သိက္ခာညှိုးနွမ်းစေနိုင်သည့် အချက်များနှင့် အခြားဥပဒေကြောင်း ကိစ္စများနှင့် ပတ်သက်၍ အယ်ဒီတာနှင့်အတူ စစ်ဆေးကာ မှတ်မှတ်သားသားထားရှိရန် လိုပါသည်။ အကယ်၍ လိုအပ်ပါက အယ်ဒီတာသည် သတင်းစာမူကို ရှေ့နေထံသို့ အကြံဉာဏ်ရယူနိုင်ရန် ပေးပို့ပါလိမ့်မည်။

လာမည့်အခန်းတွင် သုတေသန စတင်ပြုလုပ်ရာ၌ သင့်အချက်အလက်များကို မည်သို့လုံခြုံစွာ ထားရှိရမည်ကို လေ့လာနိုင်မည်ဖြစ်သည်။