၃။ စုံစမ်းဖော်ထုတ်သူ သတင်းသမားကောင်းတစ်ဦး ဖြစ်လာစေရန်

၃။ စုံစမ်းဖော်ထုတ်သူ သတင်းသမားကောင်းတစ်ဦး ဖြစ်လာစေရန်


စုံစမ်းဖော်ထုတ်သူ သတင်းသမားများသည် နေ့တွင်းချင်း ညတွင်းချင်း ပေါ်လာကြသည်မဟုတ်။ သူတို့တွင် များသောအားဖြင့် အောက်ပါကိုယ်ရည်ကိုယ်သွေးများနှင့် ကိုက်ညီလေ့ရှိကြသည်။ ထိုကိုယ်ရည်ကိုယ်သွေးတို့ကို ပျိုးထောင်ပါက သင်သည်လည်း နောက်ထပ် သတင်းထူးကြီးတစ်ခုကို ရှာဖွေဖော်ထုတ်နိုင်သည့် လမ်းကြောင်းပေါ်သို့ ရောက်ပါလိမ့်မည်။ မဖြစ်မနေ ရှိထားရမည့် ကိုယ်ရည်ကိုယ်သွေးများကို ဤအပိုင်းတွင် လေ့လာအကဲခတ်ကြည့်နိုင်ပါသည်။

သတ္တိ

စုံစမ်းဖော်ထုတ်ခြင်းသတင်းပညာကြောင့် သင်သည် အမှောင်လမ်းများကိုလည်း လျှောက်လှမ်းရပေလိမ့်မည်။ လူသိမခံလိုသော သိုသိုသိပ်သိပ် ပုဂ္ဂိုလ်များကိုလည်း မြေလှန်ရှာရပေလိမ့်မည်။ အာဏာပိုင်များ၏ ဖိအားပေးမှု၊ အထက်လူကြီး၏ ဆင်ဆာဖြတ်တောက်မှု၊ ရံဖန်ရခါတွင် အသက်ကို ခြိမ်းခြောက်မှုများကိုပင် တွေ့ကြုံရနိုင်သည်။ မိမိလမ်း မိမိ ဆက်၍ လျှောက်လှမ်းနိုင်ရန် သတ္တိရှိဖို့၊ ရဲရင့်ဖို့ လိုအပ်ပေသည်။

စူးစမ်းစိတ်

W ငါးလုံးနှင့် H တစ်လုံးကို လက်ကိုင်ထားလျက် နေ့စဉ် မေးခွန်းထုတ်နေရသည့် အရည်အချင်းသည်ပင် စုံစမ်းဖော်ထုတ်ခြင်း သတင်းပညာခန်းအစ ဖြစ်သည်။ ထိုမေးခွန်းများထဲတွင် သတင်းများ၌ တွေ့လိုက်ရသည့် အဖြစ်အပျက်များ၊ နေ့စဉ်ဘဝတွင် ကြားသိမြင်တွေ့ရသည်များ ပါဝင်နိုင်သည်။

အာသီသပြင်းပြမှု

သတင်းပညာဖြင့် ကြီးပွားချမ်းသာရန် မဖြစ်နိုင်ပါ။ မိမိ၏ အချိန်နှင့် စွမ်းအင်များစွာတို့သာ ကုန်ခမ်း ဆုတ်ယုတ်နိုင်ပါသည်။ စုံစမ်းဖော်ထုတ်သူ သတင်းထောက်တစ်ဦးသည် သြဇာအာဏာရှိသူများ မခံချိ မခံသာ ဖြစ်စေမည့် ကိစ္စမျိုးကိုလည်း လုပ်ရပေလိမ့်မည်၊ ရံဖန်ရံခါ အသက်ကိုရင်း၍ပင် ဆောင်ရွက်ရနိုင်သည်။ ဤအလုပ်မျိုးကိုမှ ဆက်လုပ်ချင်သေးသည်ဆိုလျှင် ယင်းမှာ အမှန်တရား၊ တရားမျှတမှု သို့မဟုတ် နားမျက်စိ ဖွင့်ပေးလိုစိတ်သက်သက် ဟူသည့် ပို၍မြင့်မားသော ယုံကြည်မှုကြောင့် ဖြစ်ပေမည်။

ရှေ့ဆောင်ရှေ့ရွက်ပြုမှု

များစွာသော သတင်းခန်းတို့သည် နည်းနည်းနှင့်ကျဲကျဲ ဝိုင်းနေရလေ့ရှိပြီး ဖောင်ပိတ်ချိန်တိုင်အောင် အပြင်းအထန် ဆောင်ရွက်ကြရသည်။ သို့ဖြစ်ရာ အထူးသဖြင့် ရေရေရာရာမသိရသော၊ ဝေဝေဝါးဝါးရှိသော စိတ်ကူးစိတ်သန်းများ ဖြစ်နေပါက သတင်းခန်းအစည်းအဝေးတွင် ပြောဖြစ်ခဲ့သည့်အတိုင်း ချက်ချင်း လိုက်နာဆောင်ရွက်နိုင်မည် မဟုတ်ပေ။ စုံစမ်းဖော်ထုတ်သူ သတင်းထောက်များသည် ကိုယ့်အားကိုယ်ကိုး၍ ကြိုတင်သုတေသနပြုလုပ်ခြင်း၊ စိတ်ကူးသက်သက်မှ ခိုင်မာအားကောင်းသော သတင်းဖြစ်ရပ် အစီအမံတစ်ခုကို ပုံဖော်ခြင်းတို့အား ရှေ့ဆောင်ရှေ့ရွက် လုပ်နိုင်ရန် လိုအပ်ပေသည်။ အကယ်၍ ထိုအချိန်ထိ သတင်းခန်းက စိတ်ဝင်စားမှု မပြလျှင် ရှေ့ဆက်လုပ်ဆောင်နိုင်ရန်အတွက် ပြင်ပမှ ထောက်ပံ့မှုများ ရှာဖွေရယူနိုင်ရန်လည်း လိုအပ်သည်။

လိမ္မာသိုသိပ်မှု

စကားဖွာခြင်းက စုံစမ်းဖော်ထုတ်ခြင်းကိုလည်းကောင်း၊ တစ်နွယ်ငင် တစ်စင်ပါ အသက်များကိုလည်းကောင်း ခြိမ်းခြောက်နိုင်သည်။ ထို့အပြင် အပြိုင်အဆိုင်များ ပေါ်ပေါက်လာပြီး သတင်းလက်ဦးသွားခြင်း၊ တွေ့ဆုံမေးမြန်းရမည့်သူများနှင့် စကားမပြောနိုင်သေးခင် တပ်လှန့်လိုက်သလို ဖြစ်သွားစေခြင်းတို့ဆီ ဦးတည်သွားနိုင်ပါသည်။ အာချောင်ခြင်းဖြင့် ဆုံးရှုံးနစ်နာနိုင်သည်ကို ကြပ်ကြပ်သတိရပါ။

မျှတမှုနှင့် ကျင့်ဝတ်

စုံစမ်းဖော်ထုတ် ရေးသားသည့် သတင်းများသည် သတင်းပေးသူတစ်ဦးဦး၏ အလုပ်အကိုင်လုံခြုံမှု သို့မဟုတ် အသက်ကိုပါ ရန်ရှာနိုင်သည်။ ထို့အတူ နမော်နမဲ့ စွပ်စွဲရေးသားမှုများကလည်း အလားတူပင် အန္တရာယ်ပေးနိုင်သည်။ ထို့ကြောင့် စုံစမ်းဖော်ထုတ်သူ သတင်းထောက်တစ်ဦးသည် သတင်းပေးသူများနှင့် သင်ဆိုင်သူများအားလုံးကို တစ်ပြေးညီ ရိုသေလေးစားမှုရှိပြီး ဖြစ်နိုင်သမျှ ထိုသူများ အန္တရာယ်ကင်းကြစေရန် မိမိ၏ ကျင့်ဝတ်သိက္ခာကို စောင့်ထိန်းရပေမည်။ ထို့ပြင် စုံစမ်းဖော်ထုတ်ထားသည့် သတင်းများကို အားပေးရာရောက်ရန်အတွက် ကျင့်ဝတ်သိက္ခာနှင့် သက်ဆိုင်သည့် ဒွိဟဖြစ်စရာများ ပေါ်ပေါက်လာပါက ဆွေးနွေးဖြေရှင်းရန် စည်းမျဉ်းစည်းကမ်းများကို သတင်းခန်းများက ထားရှိကျင့်သုံးသင့်သည်။

ယုတ္တိကျကျ တွေးတောခြင်း၊ ဖွဲ့စည်းလုပ်ကိုင်ခြင်းနှင့် မိမိကိုယ်ကိုယ် စောင့်စည်းခြင်း

စုံစမ်းဖော်ထုတ် သတင်းရေးသားခြင်းသည် ရံဖန်ရံခါတွင် ဥပဒေကြောင်းအရ ရင်ဆိုင်ရသည်များ ပေါ်ပေါက်လာနိုင်သောကြောင့် အချိန်ယူရန်သာမက အသေးစိတ် စစ်ဆေးအတည်ပြုချက် ရယူရန်လည်း လိုအပ်သည်။ ထို့ကြောင့် အချိန်ကို အကောင်းဆုံး အသုံးချ၍ အချက်အလက်များကို အထပ်ထပ်အခါခါ စစ်ဆေးရန်၊ သတင်းအကြောင်းအရာကို ပို၍ခိုင်မာစေရန် ဂရုတစိုက်အစီအစဉ်ချတတ်သူလည်း ဖြစ်ရန် လိုပေသည်။

ကျယ်ပြန့်သော အထွေထွေ ဗဟုသုတနှင့် ကောင်းမွန်သည့် သုတေသနစွမ်းရည်

စုံစမ်းဖော်ထုတ်မည့် အကြောင်းအရာနှင့်ပတ်သက်၍ နားလည်ထားပြီး ဆီလျော်သည့် အချက်အလက်များ၊ မေးခွန်းများကို ရှာဖွေပြုစုထားနိုင်ခြင်းဖြင့် ဇာတ်သိမ်းမလှခြင်းမှ ရှောင်ရှားနိုင်ပါသည်။ သို့သော် အကယ်၍ စုံစမ်းဖော်ထုတ်မှုသည် မိမိနှင့် အကျွမ်းတဝင်မရှိသည့် နယ်ပယ်များသို့ ဦးတည်သွားပါက စုံစမ်းဖော်ထုတ်သူ သတင်းသမားသည် နောက်ခံအခြေအနေများ၊ အစဉ်အလာသဘာဝများ၊ ပညာရပ်ဝေါဟာရများ၊ အဓိက ပါဝင်ပတ်သက်သူများနှင့် အထွေထွေကိစ္စရပ်များကို အချိန်တိုအတွင်း အကျွမ်းတဝင်ရှိအောင် ကြိုးစားရမည် ဖြစ်သည်။ ထိုအခါတွင် ကျွမ်းကျင်သူများနှင့် လေ့လာမှတ်သားစရာ စကားစမြည်ပြောဆိုခြင်း၊ အွန်လိုင်းပေါ်တွင် ရှာဖွေဖတ်ရှုခြင်း၊ အသုံးဝင်သည့်စာအုပ်များကို ရှာဖွေလှန်လှောဖတ်ရှုခြင်းတို့ ပြုလုပ်နိုင်ရန် လွန်စွာ အရေးကြီးပေသည်။ စာစုံဖတ်ရန် အရေးကြီးသည်။ စုံစမ်းဖော်ထုတ်မှုတစ်ခုအတွက် ခရီးသွားဟန်လွဲ ကြားဖူးသိဖူးထားသည့် အချက်အလက်ကလေးများကလည်း အသုံးမတည့်ဟု မဆိုနိုင်ချေ။

ပြောင်းလွယ်ပြင်လွယ်ရှိမှု

စုံစမ်းဖော်ထုတ်မှုတစ်ခုသည် မမျှော်လင့်သော အလှည့်အပြောင်းနှင့် ကြုံရနိုင်သည်သာ ဖြစ်သည်။ ရံဖန်ရံခါတွင် ကနဦး မေးခွန်းထုတ်ထားသည့်အရာကြောင့် ရှေ့ဆက်မရ ဖြစ်တတ်သည်။ တစ်ခါတစ်ရံ သိပ်မတွေးမိသည့် မေးခွန်းတစ်ခုကလည်း ပို၍ စိတ်ဝင်စားစရာကောင်းသည့် တံခါးပေါက်ကို ဖွင့်မိလျက်သား ဖြစ်သွားတတ်သည်။ ထိုသို့ကြုံရသည့်အခါ စုံစမ်းဖော်ထုတ်သူ သတင်းသမားအနေဖြင့် မူလစိတ်ကူးများတွင်သာ ပိတ်မိမနေဘဲ မိမိပြုလုပ်ထားသည့် သုတေသနကို ပြန်တွေးခြင်း၊ ဒီဇိုင်း ပြန်လည်ပြုလုပ်ခြင်းတို့အတွက် ပြင်ဆင်ထားရပေမည်။

အဖွဲ့အစည်းစိတ်ဓာတ်နှင့် ဆက်သွယ်ပြောဆိုနိုင်စွမ်းရည်

ရံဖန်ရံခါတွင် လုံခြုံမှု တစ်စုံတစ်ရာ မရှိသရွေ့ အခြားသူများအား သတင်းအကြောင်းအရာကို ပြောမပြဘဲ လျှို့ဝှက်ထားဖို့ အရေးကြီးသည်လည်း ရှိသည်။ သို့သော် မကြာခဏဆိုသလိုပင် အကောင်းဆုံးသော သတင်းများသည် သတင်းခန်းထဲမှ (သို့မဟုတ် ပြင်ပမှ) လက်လှမ်းမီသမျှ စွမ်းရည်များ၏ စုပေါင်းအင်အားဖြင့် ပေါ်ပေါက်လာရခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ‘Spotlight ရုပ်ရှင်ကား’ ထဲမှ သတင်းအဖွဲ့အကြောင်း တွေးကြည့်ပါ။ ကလေးသူငယ်များအပေါ် ကက်သိုလစ်ဘုန်းတော်ကြီးများက လိင်မှုကျူးလွန်သည့် ပြစ်မှုများအား ထိုအဖွဲ့က ရှာဖွေဖော်ထုတ်ခဲ့သည်။ စုံစမ်းဖော်ထုတ်မှု သတင်းအရေးအသားတစ်ခုအတွက် သိပ္ပံနှင့် ကျန်းမာရေးမှသည် စီးပွားရေးနှင့် လူမှုဗေဒဆိုင်ရာ ဗဟုသုတများစွာကို လိုအပ်လာနိုင်သည်။ သတင်းသမားတစ်ဦးသည် မည်မျှ ဗဟုသုတကျယ်ပြန့်သည်ဖြစ်စေ နယ်ပယ်အားလုံးတွင် ကျွမ်းကျင်သူတစ်ဦးတော့ မဖြစ်နိုင်ချေ။ အစုအဖွဲ့နှင့် လုပ်ကိုင်ဆောင်ရွက်ရာတွင် အဆက်အသွယ်ကောင်း၊ ချိတ်ဆက်မှုကောင်းများက တစ်စိတ်တစ်ဒေသ အရေးပါသည်။ တိကျမှု၊ ရိုးသားမှုနှင့် သိုသိပ်မှု စံနှုန်းတို့ မြင့်မားပြီး သတင်း၏ ရည်ရွယ်ချက်ကို ကောင်းကောင်းနားလည်ထားသော အဖွဲ့သားများနှင့် ကောင်းမွန်စွာ ဆက်ဆံနိုင်မှုသည်လည်း နောက်ထပ် တစ်စိတ်တစ်ဒေသ အရေးပါပေသည်။


ဤအခန်းတွင် စုံစမ်းဖော်ထုတ်ခြင်း သတင်းပညာကို ဖွင့်ဆို၍ ပြည်သူ့အကျိုးစီးပွားအတွက် အရေးကြီးပုံကို ရှင်းလင်းဖော်ပြခဲ့ပါသည်။ အယ်ဒီတာများက စုံစမ်းဖော်ထုတ်ခြင်း သတင်းဖြစ်ရပ်များကို အားပေးလာစေရန် စုံစမ်းဖော်ထုတ်ခြင်း သတင်းထောက်များက ဖျောင်းဖျစည်းရုံးရန်မှာ အမြဲတစေ လွယ်ကူမည်မဟုတ်ကြောင်း အထင်အရှားပင် ဖြစ်ပါသည်။ သတင်းဖြစ်ရပ်မှ တွေ့ရှိချက်က မည်မျှလောက် စိတ်ချသေချာနိုင်သလဲ ဟူသည့်အပေါ်တွင်လည်း မူတည်ပါသည်။ ထို့ကြောင့် သတင်းဖြစ်ရပ်တစ်ခုကို မည်သို့မည်ပုံ ရှာဖွေမည်လဲ၊ မိမိ သဲလွန်စရှာဖွေထားသည့် အချက်အလက်များကို စိတ်ချရအောင် မည်သို့ ပြုရမည်လဲ စသည်တို့နှင့် ပတ်သက်၍ နောက်လာမည့် အခန်းများတွင် ဆက်လက်ဆွေးနွေးတင်ပြသွားပါမည်။