၁။ သတင်းအကြောင်းအရာ စိတ်ကူးဖွေရှာခြင်း

၁။ သတင်းအကြောင်းအရာ စိတ်ကူးဖွေရှာခြင်း


မသိမသာ သတင်းပေးချက်တစ်ခုသည်လည်း သတင်းအကြောင်းအရာစိတ်ကူးတစ်ခု၏ မူလအစ ဖြစ်နေနိုင်ပါသည်။ သတင်းတစ်ပုဒ် သို့တည်းမဟုတ် ပုဂ္ဂလိကအတွေ့အကြုံ တသီတတန်းကို မေးခွန်းထုတ်မိရာမှလည်း စိတ်ကူးတစ်ခု ရနိုင်သည်။ စုံစမ်းဖော်ထုတ်သူသတင်းသမားများအတွက် သတင်းအကြောင်းအရာစိတ်ကူး ထုနှင့်ထည်နှင့် ရှိနေရမည့်အပြင် ဤအပိုင်းသည်ပင် လက်အဝင်ဆုံးလည်း ဖြစ်သည်။ တစ်ချိန်လုံး စိတ်ကူးကောင်းများပေါ်နေရန်တော့ မလွယ်ပါ။ သို့သော်လည်း ဤအခန်းတွင်တော့ အထောက်အပံ့ဖြစ်လောက်စရာ အကြံဉာဏ်အချို့ကို ဖော်ပြပေးထားပါသည်။

ပထမဦးဆုံးအချက်မှာ သတင်းအကြောင်းအရာစိတ်ကူးများသည် မိမိရှေ့မှောက်သို့ အလိုလိုရောက်လာမည်ဟု စိတ်ကူးယဉ်နေမှုကို တွင်တွင်ငြင်းဆန်ဖို့ ဖြစ်သည်။ တစ်ချို့ကတော့ မှောင်ကုပ်ကုပ် လူသွားလမ်းကလေးဘေးမှ လျှို့ဝှက်စာရွက်စာတမ်းအပုံလိုက်ကို လက်ခံရရှိကာ၊ ဧရာမလျှို့ဝှက်ချက်ကြီးတစ်ခုကို ဖော်ထုတ်နိုင်လိုက်ကြောင်း မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြခံရပြီး ကပ်လျက်တွင် စာလုံးထင်းထင်းဖြင့် ချီးမွမ်းမှုများ၊ အသိအမှတ်ပြုမှုများ၊ ဆုတံဆိပ်များနှင့် ထိုက်တန်ကြောင်း ဖော်ပြခံရလိမ့်မည်ဟု စိတ်ကူးယဉ်နေတတ်ကြပါသည်။ မှန်ပါသည်။ တစ်ခါတစ်လေတော့ ထိုသို့ ဖြစ်တတ်ပါသည်။ ဝါးတားဂိတ်အရှုပ်တော်ပုံသည် အမည်မဖော်လိုသူတစ်ဦး၏ တိုးတိုးတိတ်တိတ်သတင်းပေးချက်မှ သမ္မတရစ်ချက်နစ်ဆင် ရာထူးမှဖယ်ရှားခံလိုက်ရသည်အထိ ကြီးမားခဲ့ဖူးသည်။ သို့သော် ယေဘုယျအားဖြင့်မူ အမည်မဖော်လိုသူများ၏ သတင်းပေး ဖုန်းခေါ်ဆိုမှုများ သို့မဟုတ် နိုင်ငံရေးအကျင့်ပျက်ခြစားမှုဆိုင်ရာ ထိပ်တန်းလျှို့ဝှက်စာရွက်စာတမ်းများကို ရရှိရန်မှာ ဖြစ်ထောင့်ဖြစ်ခဲပင်။ ရခဲ့လျှင်လည်း ပိုင်ပိုင်နိုင်နိုင် စစ်ဆေးဖို့လိုသည်။ ဝါးတားဂိတ်အရှုပ်တော်ပုံသည် နိုင်ငံရေးမသမာမှုများထဲမှ ကျော်ကြားသည့် သာဓကတစ်ခုဖြစ်ရုံသာမက သတင်းထောက်များ၏ အားသွန်ခွန်စိုက်ကြိုးပမ်းမှု ပြယုဂ်တစ်ခုလည်း ဖြစ်သည်။

ဒုတိယတစ်ချက်မှာ စိတ်လွတ်လက်လွတ်မနေဖို့ ဖြစ်သည်။ စိတ်ကူးကောင်းများကိုဖော်ထုတ်နိုင်ဖို့ မျက်စိရှင်ဖို့လိုသည်။ သတင်းအကြောင်းအရာတစ်ခုသည် များသောအားဖြင့် သတင်းစာတိုက်သို့သွားရာလမ်းရှိ လူဝင်မှုဌာနရှေ့တွင် နိုင်ငံကူးလက်မှတ် တန်းစီလျှာက်ထားသူများကို တွေ့မိရာမှလည်း စတင်နိုင်သည်။ ဆေးခန်းတစ်ခုတွင် သူနာပြုက လူနာအပေါ် ကြမ်းကြမ်းတမ်းတမ်းဆက်ဆံမှုမှလည်း စတင်နိုင်သည်။ ထိုသို့တွေ့ရှိချက်တိုင်းက သတင်းတစ်ပုဒ် ဖြစ်လာသည်တော့ မဟုတ်။ သို့သော် တူးရင်းဆွရင်း ဖွေရင်းရှာရင်း မည်သည့်နေရာကစရမည်ကိုတော့ သိရှိသွားစေနိုင်သည်။ တွေးတွေးမိသမျှ မေးချင်စရာမေးခွန်းများပါမကျန် စိတ်ကူးများကို မှတ်စုစာအုပ်ထဲတွင် ချရေးထားပါ။ ပိုကောင်းသည်ကတော့ သင့်စုံစမ်းဖော်ထုတ်ချက်ကို ကိုယ်နှင့်မကွာရှိစေဖို့ သင့်လက်ကိုင်ဖုန်းဖြင့် မှတ်တမ်းတင်ထားရန်၊ ဓာတ်ပုံရိုက်ထားရန်၊ ပုံကြမ်းများရေးခြစ်ထားရန်၊ ဒီဂျစ်တယ်မူပွားတစ်ခု သိမ်းထားနိုင်ရန် ကြိုးစားပါ။

တတိယအချက်မှာ မိမိ၏အာရုံသိစိတ်ကို ယုံကြည်ရန်ဖြစ်သည်။ သတင်းတွေထဲမှာ ရေပန်းစားနေကျ ပုဂ္ဂိုလ်များနှင့် တစ်နေရာရာမှာ သွားတွေ့သည်ချင်းအတူတူ တချို့သတင်းသမားတွေလို အတွေ့အကြုံ ထပ်တူမရလိုက်သော၊ ကနဦးသုတေသနများနှင့် လွဲချော်ရသောသူများကို တွေ့ရတတ်ပါသည်။ ထိုမျှလောက် သတိပြုမိလျှင်ပင် သတင်းတစ်ပုဒ် စရေးဖို့ သိပ်မဝေးတော့ပါ။ သတင်းသမားများကိုယ်တိုင်သည်ပင်လျှင် အကောင်းဆုံးသော မျက်မြင်ကိုယ်တွေ့သမားများ ဖြစ်ကြသည်။ ထို့ကြောင့် သတင်းတစ်ပုဒ်အား ပုံဖော်ရေးသားနိုင်ရန် ကိုယ်ပိုင်အတွေ့အကြုံနှင့် စူးစမ်းလေ့လာမှုများ အမြဲရှိနေရမည်။ မိမိ၏ အတွေ့အကြုံက ကြက်ကန်းဆန်အိုးတိုးမျှသာ ဖြစ်ချင်ဖြစ်နေဦးတော့ ကိုယ်တိုင်ကိုယ်ကျ ကနဦးထောက်လှမ်းစုံစမ်းမှုများ ပြုလုပ်နိုင်မည့် အခွင့်အရေးကိုတော့ လက်မလွှတ်သင့်ပါ။