၂.၁။ မိမိကိုယ်မိမိ ကာကွယ်ခြင်း


သတင်းသမားများကို ကာကွယ်ပေးသည့် ဥပဒေများက တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကွာခြားကြသလိုပင်၊ တရားရုံးတွင် အထောက်အထားအဖြစ် မည်သည်ကို လက်ခံမည်ဟူသည့် သတ်မှတ်ချက်များကလည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကွဲပြားကြသည်။ ထိုဥပဒေကိုသိကာ မိမိရွေးချယ်လိုက်ရသည့် စွန့်စားလုပ်ကိုင်မှု၏ အန္တရာယ်သဘာဝကို သိရန်၊ နောက်ဆက်တွဲ ဖြစ်လာမည့် အကျိုးဆက်များကို ချိန်ဆနိုင်ရန်မှာ သင့်တာဝန်သာဖြစ်သည်။

သင်နှင့် သင့်သတင်းရင်းမြစ်တို့ တွေ့ဆုံရန် မည်သည့်နေရာက ကောင်းသည်ကို သင်ကိုယ်တိုင် ဆုံးဖြတ်ရမည်။ ထိုသို့ တွေ့ဆုံရာတွင် အများပြည်သူသွားလာကြသည့် နေရာများက ပိုကောင်းမည်လား၊ သို့မဟုတ် တစ်ကိုယ်ရည် လုံခြုံမှုရှိသည့် အခင်းအကျင်းက ပိုကောင်းမည်လား။ အများပြည်သူ ဆူညံပွက်နေသည့် နေရာများကို ရွေးသင့်သလား၊ သို့မဟုတ် မည်သူမျှ မသွားမလာကြသည့် နေရာတစ်ခုကို ရွေးသင့်သလား။ ထိုနေရာတွင် ဗီဒီယိုမှတ်တမ်းရယူထားသည့် ကင်မရာများ ရှိမရှိကိုလည်း ထည့်စဉ်းစားရမည်။ အကဲဆတ်သည့် ပြောဆိုဆွေးနွေးမှု တစ်ခုကို တစ်စုံတစ်ယောက်က ကြားသိသွားမည်ကို သင်စိုးရိမ်ကောင်း စိုးရိမ်နိုင်သည်။ ထို့နေရာက ဆူညံပွက်နေမည်ကိုလည်း သင်စိုးရိမ်မိပေမည်။ ဆူညံနေသည့်အတွက် အခြားသူများကရော လျှို့ဝှက်အသံဖမ်းစက်များကပါ သင်တို့ပြောဆိုသည်များကို သဲကွဲစွာ မကြားနိုင်သည်ကိုတော့ ထည့်တွက်ရပေမည်။

သို့သော် မှတ်စုရေးသားမှု၊ ကွန်ပျူတာမှတ်တမ်း၊ သို့မဟုတ် အသံဖမ်းခြင်းနှင့် ရုပ်သံရိုက်ကူးမှု စသည့် မှတ်တမ်းရယူချက်များကို တတ်နိုင်သမျှ တိကျစွာဖြင့် ရက်စွဲမှတ်သားကာ လိုအပ်လာလျှင် အလွယ်တကူ ပြန်လည်ရယူနိုင်အောင် သေချာစွာ ဖိုင်တွဲသိမ်းဆည်းထားရပါမည်။ သတင်းရင်းမြစ်သည် သူပြောဆိုထုတ်ဖော်လိုသည့်အချက်အလက်ကို ပြောဆိုနိုင်သည့်အနေအထားတွင်ရှိမရှိကို ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်းသိရအောင် ကြိုးစားပါ။ သတင်းရင်းမြစ် တွေ့ကြုံခဲ့ရသည်နှင့် သူ့စိတ်တိမ်းညွှတ်မှုများကိုလည်း စစ်ဆေးမေးမြန်းပါ။ သတင်းရင်းမြစ်ကို ဆွဲဆောင်သိမ်းသွင်း၍ရပါက သတင်းရင်းမြစ်ပြောဆိုချက်အတိအကျ၊ ဝါကျတစ်ပိုင်းတစ်စမဟုတ်ဘဲ စကားလုံးအပြည့်အစုံ သို့မဟုတ် အသံဖမ်းချက်ကို အသေးစိတ်မှတ်တမ်းတင်ထားပါ။ (ဧည့်ခံကျွေးမှုများအတွက်) ကျသင့်ငွေဘောက်ချာ တောင်းယူခြင်း၊ ငွေပေးချေခြင်းတို့ကို ပြုလုပ်နေစဉ်အထိ ဆွေးနွေးဖြစ်သမျှ အကြောင်းအရာတိုင်းကို သတင်းရင်းမြစ်၏ ပြုမူတုံ့ပြန်ပုံများနှင့်တကွ အပြည့်အစုံ မှတ်တမ်းရယူပါ။ သတင်းလိုက်ခြင်းနှင့် ဆက်စပ်ကုန်ကျမှုများ၏ ငွေပေးချေမှုပြေစာများကို သိမ်းဆည်းထားပါ။

သတင်းရင်းမြစ်နှင့် ပွင့်ပွင့်လင်းလင်းရှိပြီး ရိုးသားသည့်ဆက်ဆံရေးတစ်ခု ရှိနေဖို့ သေချာပါစေ။ မည်သည့်အကြောင်းနှင့်မျှ သူတို့အား လိမ်ညာခြင်း၊ လှီးလွှဲပြောဆိုခြင်း မပြုပါနှင့်။ သင် မဖြည့်စွမ်းနိုင်သည့်ကတိများကို မပေးပါနှင့်။ ဖြစ်လာနိုင်ခြင်း မရှိသည့် အကျိုးဆက်များကို ကြိုတင်ခန့်မှန်းခြင်း မပြုပါနှင့်။ သင့်သတင်းရင်းမြစ်နှင့် ပုဂ္ဂိုလ်ရေးအရ များစွာ နီးစပ်သွားခြင်း သို့မဟုတ် သူတို့၏ပြဿနာတွင် ပါဝင်မိခြင်းတို့အားဖြင့် သတင်းသမားရှုထောင့်ကို အားနည်းသွားနိုင်စေသည့်အတွက် ယင်းတို့ကို ရှောင်ကြဉ်ပါ။

သင့်ကို ပြောလာသည့်အချက်များသည် အမှန်အတိုင်းဖြစ်ဖို့သေချာအောင် နည်းအမျိုးမျိုးဖြင့် အားထုတ်ကြိုးပမ်းဖို့ လိုပါသည်။ သင့်အတွက် မည်မျှအခရာကျသည့် သတင်းအချက်အလက်ဖြစ်စေ ပရိုဖက်ရှင်နယ်ပီသစွာဖြင့် သွေးအေးအေး၊ သံသယထားရှိကာ စိစစ်ရပေမည်။ ခက်ခက်ခဲခဲ မေးခွန်းများကို မေးပါ။ သင်နှင့် သူတို့အကြားရှိ ဆက်ဆံရေးတွေ မျှော်လင့်မထားသည့် အဖုအထစ်နှင့် ပြဿနာများ ကြုံတွေ့လာနိုင်သည်ကို ကြိုတင်ပြင်ဆင်ထားပါ။ မည်သည့်အပိုင်းတွင် အဆင်မပြေဖြစ်ရသည်ကို ရှာဖွေမေးမြန်းပါ။ အပြစ်မျိုးမှဲ့မထင်သော မျက်မြင်ကိုယ်တွေ့ ကြုံဖူးသူဟု မရှိပါ။ ယခင်က သင်မကြားမသိဖူးသော သတင်းရင်းမြစ်တစ်ခုအကြောင်း သတင်းအချက်အလက်များကို နောက်မှသိရှိရ၍ တအံ့တဩကြုံရသည်မျိုး သင်လည်း ဖြစ်ချင်မည်မဟုတ်ပါ။ သတင်းရင်းမြစ်ကို အကာအကွယ်ပေးခြင်းနှင့် ပတ်သက်၍ အပြန်အလှန် သဘောတူညီထားသည့်ထက် ဘောင်ကျော်လာပါက သင့် သတင်းဆောင်းပါး သို့မဟုတ် အသံလွှင့်ချက်ပါအကြောင်းအရာများကို သတင်းရင်းမြစ်က ထိန်းချုပ်ခွင့်ရယူရန် ခွင့်တောင်းလာမှုများကို ငြင်းဆန်ပါ။