၂.၁.၂။ ခြိမ်းခြောက်မှုများနှင့် အကြပ်ကိုင်မှုများကို ကိုင်တွယ်ခြင်း

၂.၁.၂။ ခြိမ်းခြောက်မှုများနှင့် အကြပ်ကိုင်မှုများကို ကိုင်တွယ်ခြင်း


အကယ်၍ သင်တွေ့ရမည့် တရားရင်ဆိုင်နေရသူတစ်ယောက်သည် အာဏာကြီးမားသော၊ အန္တရာယ်ရှိသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါက ထိုသူနှင့် ထိပ်တိုက်မျက်နှာချင်းဆိုင်ရမည့်အစား သင့်အနေဖြင့် မေးစရာရှိသည်များကို သူ့ရုံးခန်းသို့သာ ပို့ချင်မိပေလိမ့်မည်။ ထိုသို့ မျက်နှာချင်း မဆိုင်မိအောင် ရှောင်သည့်အတွက် သူ့ပိုင်နက်ထဲ ခြေမချမိအောင် ရှောင်နိုင်သည့်အပြင် သင့်မျက်နှာကို သူ့လူယုံတော်များ၊ သူ့ဘက်သားများက မြင်ခွင့်ရကြမည်မဟုတ်။ သို့သော် ထိုသို့သော အင်တာဗျူးများသည် မျက်နှာချင်းဆိုင်မေးသည့် အင်တာဗျူးများကဲ့သို့ စိုစိုပြေပြေ ရှိလိမ့်မည် မဟုတ်ချေ။ အနည်းဆုံး သတင်းရေးဖို့ရာအတွက် တစ်ရက်လောက်တော့ အသက်ထပ်ရှည်နိုင်သေးသည်။

သင့်သတင်းစာ သို့မဟုတ် အဖွဲ့အစည်းမှ မည်သည့်အကူအညီ၊ အကာအကွယ်များ ရရှိနိုင်ကြောင်း ရှာဖွေပါ။ အကယ်၍ သင်သည် အလွတ်တန်းသတင်းထောက်တစ်ဦးဖြစ်ပါက သင့်ကိုယ်ပိုင် ထောက်ပံ့ရေးလမ်းကြောင်းများကို စီစဉ်ထားရှိပါ။

သေရေးရှင်ရေးတမျှ အရေးကြီးသော ကိစ္စရပ်တစ်ခုနှင့်ပတ်သက်၍ အာဏာရှိသူတစ်ဦးကို မေးခွန်းမေးမြန်းခြင်းက ဥပဒေကြောင်းအရသာမက ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုများကိုပါ ဦးတည်သွားစေနိုင်ပါသည်။ ဥပဒေကြောင်းအရ ခြိမ်းခြောက်မှုများ ပေါ်ပေါက်လာပါက အယ်ဒီတာများက ထိုသတင်းကို ဆက်မလိုက်တော့ရန် သင့်ကို တိုက်တွန်းလာနိုင်သည်။ သို့သော် သင့်ဘက်မှ အချက်အလက်များက ခိုင်မာအားကောင်းလျှင်တော့ ထိုခြိမ်းခြောက်သော ပုဂ္ဂိုလ်သည် ခြိမ်းခြောက်သည့်အတိုင်း အသရေပျက်စေမှုဖြင့် တရားစွဲဆိုခြင်း ပြုလေ့မရှိကြောင်း အယ်ဒီတာအား ဖြောင်းဖျနိုင်ပါသည်။ အကောင်းဆုံး ဆင်ခြေပေးနိုင်သည့် တစ်ချက်ကတော့ ထိုသူက ဖုံးဖိထားလိုသည့် အထောက်အထား အချက်အလက်များကို လွတ်လပ်စွာပုံနှိပ်ဖော်ပြခွင့်ကို တရားရုံးက ခွင့်ပြုပေးနိုင်သည်ဆိုသော အချက်ပင် ဖြစ်သည်။ အကယ်၍ သင်သည် နှောင့်ယှက်ခံနေရခြင်း၊ တရားစွဲဆိုခံရခြင်းနှင့် အခြားသော ခြိမ်းခြောက်မှဒများကို ရင်ဆိုင်နေရသူတစ်ဦးဦးနှင့် ဆက်ဆံလုပ်ကိုင်နေရပါက ‘သတင်းသမားများ ကာကွယ်ရေးကော်မတီ (Committee to Protect Journalists)’ သို့မဟုတ် ‘နယ်စည်းမခြား သတင်းထောက်များ(Reporters Without Borders)’ တို့သို့ အကူအညီတောင်းခံနိုင်ပါသည်။

ပိုမိုများပြားသည့် သတင်းအချက်အလက်များကို www.cpj.org/about သို့မဟုတ် rsf.org/en တို့တွင် ရရှိနိုင်ပါသည်။

အန္တရာယ်ကျရောက်လျက်ရှိသော သတင်းသမားများအတွက် ကူညီမှုပေးလျက်ရှိသည့် အခြားအဖွဲ့အစည်းများနှင့် ပတ်သက်၍ ခြုံငုံမိတ်ဆက်ဖော်ပြချက်များကို gijn.org/2014/07/14/new-resource-guide-emergency-assistance လင့်ခ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။


ရွေးချယ်ထားသည့် သတင်းရင်းမြစ်များကို အကဲဖြတ်ပြီး မည်သည့်နေရာတွင် တွေ့ဆုံမည်ဟု ရွေးချယ်ပြီးချိန်တွင် တကယ့်အင်တာဗျူးတစ်ခုကို လုပ်ရပါတော့မည်။ နောက်အခန်း၌ အင်တာဗျူးမေးခွန်းများကို မည်သို့စီစဉ်သင့်ကြောင်း၊ အင်တာဗျူးလုပ်နေစဉ်အတွင်း မည်သို့ ပြုမူနေထိုင်သင့်ကြောင်း၊ အောင်မြင်သည့် အင်တာဗျူးတစ်ခုဖြစ်ရန် မရှိမဖြစ် ကိုက်ညီရမည့် စည်းမျဉ်းများကို မည်သို့လိုက်နာရမည်ဖြစ်ကြောင်း ဆွေးနွေးဖော်ပြထားပါသည်။